Latest News

Sunday, February 12, 2017

နယူးဇီလန်နိုင်ငံတွင် ရာနှင့်ချီသော ဝေလငါးများ ဒုတိယအကြိမ် ထပ်မံသောင်တင်

နယူးဇီလန်နိုင်ငံတွင် ရာနှင့်ချီသော ဝေလငါးများ ဒုတိယအကြိမ် ထပ်မံသောင်တင်

နယူးဇီလန်နိုင်ငံ Golden Bay ပင်လယ်အော် သန်းခေါင်ယံ အချိန်တွင် ဝေလငါးအကောင်ရေ ၂၄၀ ထပ်မံသောင်တင်လာပြီး နောက် ပင်လယ်ထဲသို့ ပြန်လည် ကူးခတ်သွားကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ကာကွယ်ရေးအာဏာပိုင်များက ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဆိုပါပင်လယ်အော်၌ ဝေလငါး ၄၀၀ ကျော်သောင်တင်လာပြီး အများအပြားသေဆုံးခဲ့သည်။
   
‘‘မနေ့ မွန်းလွဲပိုင်းက ဝေလငါးအကောင်ရေ ၂၄၀ ကျော် သောင်တင်လာတယ်။ သူတို့အားလုံး ဒီနေ့မနက်သေဆုံးကြမလားဆိုတာ ကျွန်တော်တို့ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ကယ်နိုင်ခဲ့တယ်။ ဒီရေတက်ချိန် မှာ
သူတို့အားလုံး ပင်လယ်ထဲကို ပြန်ကူးသွားကြတယ်’’ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဘက်ခရစ္စတိုဖာက ပြောသည်။

အဆိုပါ ဝေလငါးအုပ်စုသည် Golden Bay ပင်လယ်အော်သို့ သောင်တင်လာသော ဒုတိယအများဆုံးအုပ်စုဖြစ်သည်။
   
ကြာသပတေးနေ့ညနေက အဆိုပါကမ်းခြေသို့ ဝေလငါးကောင်ရေ ၄၀၀ ကျော် သောင်တင်ခဲ့ရာ ရာနှင့်ချီသော စေတနာ့ဝန်ထမ်းများက ကမ်းခြေတင်နေသော ဝေလငါးများအား ရေလောင်းပေးခြင်း၊ အအေးဓာတ်ရရှိရန်
ပြုလုပ်ပေးခဲ့ပြီး ဒီရေတက်ချိန်တွင် ၎င်းတို့ ပင်လယ်ထဲသို့ ပြန်လည်ကူးခတ်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။
   
သို့သော် အဆိုပါဝေလငါးအများစု သေဆုံးခဲ့ကြသည်။
   
အဆိုပါ ဝေလငါးအကောင်ရေ ၄၀၀ ကျော် သောင်တင်မှုသည် ဆယ်စုနှစ်များအတွင်း နယူးဇီလန်တွင် အများဆုံးအရေအတွက် ဖြစ်သည်။
   
ဝေလငါးများသည် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိသော မျိုးစိတ်စာရင်းတွင် မပါဝင်သော်လည်း နယူးဇီလန်ရေပြင်ရှိ  ငါးအရေအတွက်ကို မခန့်မှန်းနိုင်ကြောင်း သိရသည်။

—Ref: Reuters

Sources : 7Day News Journal

No comments:

Post a Comment