Latest News

Tuesday, February 14, 2017

ရုရှားအား ဆက်သွယ်မှုနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်း လက်ထောက် ဖလင်း ရာထူးမှ နုတ်ထွက်

ရုရှားအား ဆက်သွယ်မှုနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်း

လက်ထောက် ဖလင်း ရာထူးမှ နုတ်ထွက်



ဒေါ်နယ်ထရန့်၏ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဖလင်းသည် ရုရှားအစိုးရအား ဆက်သွယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အကြား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လပင် မပြည့်သေးသည့် အချိန်တွင် သမ္မတသစ်၏ အတွင်းစည်းမှ အံ့သြဖွယ် ပထမဆုံး ထွက်ခွာသွားမှုလည်း ဖြစ်သည်။

အငြိမ်းစား ကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီး ဖလင်းသည် ရာထူးရယူခြင်း မရှိမီ ရုရှားသံအမတ်ကြီး ဆာဂေးကစ်လီယက်နှင့် အမေရိကန်၏ ပိတ်ဆို့ရေး မဟာဗျူဟာအကြောင်း ဆွေးနွေးခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေစဉ် ဖလင်း၏ နုတ်ထွက်မှုကို ထရန့်က လက်ခံခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန် စစ်ထောက်လှမ်းရေးဌာနကို ဦးဆောင်ခဲ့ဖူးသော ဖလင်းက ဤကဲ့သို့သော ဂုဏ်သရေရှိသည့် နည်းလမ်းတစ်ရပ်အားဖြင့် အမေရိကန်ပြည်သူများအတွက်  တာဝန်ထမ်းဆောင်ပေးရန် သူ့အား ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် ဖလင်းက သူသည် သူနှင့် ကစ်လီယက်တို့ ဖုန်းပြောခဲ့သည့်အကြောင်း အတိုချုပ်အား ယခုအခါ ဒုတိယသမ္မတ တာဝန်ယူထားသည့် မိုက်ပင့်စ်နှင့် မတော်တဆ ပြောခဲ့မိကြောင်း ၀န်ခံခဲ့သည်။

သို့သော် ပင့်စ်က ဖလင်းသည် ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့မှု မရှိကြောင်း ဖလင်းအား လူသိရှင်ကြား ကာကွယ်ပြောဆိုပေးခဲ့သည်။

“ရုရှားသံအမတ်နဲ့ ဖုန်းပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတနဲ့ ဒုတိယသမ္မတကို ကျွန်တော် ရိုးရိုးသားသား တောင်းပန်ပြီးပါပြီ။ သူတို့ကလည်း ကျွန်တော် တောင်းပန်တာကို လက်ခံပါတယ်” ဟု ဖလင်းက ရေးသားထားသည့်စာကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထရန့်သည် ကြားဖြတ်နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရာထူးအတွက် စစ်ဦးစီးအဖွဲ့ ညွှန်ကြားရေးမှူး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဂျိုးဆက်ကဲလော့ကို လျာထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန် အစိုးရ အဖွဲ့တွင် ဖလင်း၏ အလွန်စောစီးစွာ နုတ်ထွက်သွားမှုသည် မျှော်လင့်မထားသော အရာဖြစ်ပြီး ရုရှားသံအမတ်ကြီးနှင့် ဖုန်းပြောဆိုခဲ့မှု အသေးစိတ် ထွက်ပေါ်လာကာ ယင်းကိစ္စကို အရေးယူရန်အတွက် ထရန့်အပေါ် ဖိအားများ မြင့်တက်လာစဉ် ယခုကဲ့သို့ နုတ်ထွက်သွားခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်း၌ ဖလင်းက ရုရှားအား ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်များကို သတိပေးမှု ပြုလုပ်ခဲ့သည်ဟု အမေရိကန် မီဒီယာ များစွာက ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖော်ပြသည်။

ယခုအခါ ဖလင်း၏ ဖုန်းပြောဆိုခဲ့မှုအား မည်သူက သိသွားသနည်း ဟူသည်နှင့် ထရန့်က မည်သည့်အတွက်ကြောင့် ဖလင်းနေရာကို ပိုမိုစောစီးစွာ မလုပ်ရသနည်း ဟူသည်တို့ကား မေးခွန်းများအဖြစ် ပေါ်ထွက်လာခဲ့ပြီဟု ဆိုသည်။

ဖလင်း၏ နုတ်ထွက်မှု မတိုင်မီ အိမ်ဖြူ တော် ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက  ဖလင်းအနေဖြင့် ပိတ်ဆို့မှုနှင့် ပတ်သက်၍ ထရန့်နှင့် တိုင်ပင်ဆွေးနွေးမှု မရှိကြောင်းနှင့် ယင်းကဲ့သို့ ပြုလုပ်ရန်အတွက် ဖလင်းအနေဖြင့် ထိပ်တန်းနိုင်ငံတော် လုံခြုံရေးအကြံပေး ရာထူး ယူထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Eleven Media Group

No comments:

Post a Comment