Latest News

Thursday, February 9, 2017

ပြည်ထောင်စုထဲက စင်ကာပူ

ပြည်ထောင်စုထဲက စင်ကာပူ



မြန်မာနိုင်ငံ တစ်နေ့ စင်ကာပူနိုင်ငံလိုဖြစ်မလားဆိုတဲ့ မေးခွန်းကိုလူငယ်တွေ အတော်မေးလာကြပါတယ်။ အဲဒီမေးခွန်းကို အမျိုးမျိုး ဖြေဆိုလို့ ရနိုင်ပါတယ်။ ဖြစ်နိုင်တယ်လို့လည်း ဖြေလို့ရသလို မဖြစ်နိုင်ဘူးလို့လည်း ဖြေလို့ရပါ တယ်။ ဖြစ်နိုင်တယ်ဆိုတာ လူဆိုတာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင် တယ်။ မရဘူး၊ မဖြစ်ဘူးဆိုတာ မရှိဘူး။ တစ်နေ့ စင်ကာပူလို ဖြစ်မလားဆိုတာ အဲဒီတစ်နေ့ဆိုတာဘယ်နေ့လဲ။ ဘယ်သူမှမသိဘူး။ ဒီတော့ လူကြီးတစ်ယောက် ပြော တာကို အမိုက်ခံပြီးမဖြစ်နိုင်ဘူး ပြောရင် မိုက်မဲရာကျနိုင်တယ်။ သို့သော် မဖြစ်နိုင်ဘူးဆိုတာ လူ တစ်ဦးတစ်ယောက်ချင်း အနေနဲ့ ကြိုးစားရင်တော့ စင်ကာပူလိုမျိုး ဖြစ်နိုင်တယ်။ လန်းတယ်ပေါ့။ ပညာတတ်တယ်။ ဥစ္စာရှိတယ်။ လူတိုင်းကလိုချင်တယ်။

သို့သော် နိုင်ငံတစ်ခုအနေနဲ့ စဉ်းစားရင်တော့ မြန်မာနိုင်ငံဆို ကြပါစို့။ အနှစ် ၂၀ အတွင်း စင် ကာပူကိုမီဖို့ဆိုတာကတော့ ဖြစ် နိုင်တာထက် မဖြစ်နိုင်တာက အပုံကြီးများနေပါတယ်။ စင်ကာ ပူဆိုတာ ရန်ကုန်သာသာလောက် ပဲရှိတဲ့ မြို့ပြနိုင်ငံငယ်လေးလေ။ သူတိုးတက်ရင် အားလုံးတစ်ပြေးညီ တိုးတက်တာပေါ့။ စီမံအုပ်ချုပ် မှုကလည်း ကောင်းတယ်ဆိုရင် တိုးတက်မှု ဟန်ချက်ညီတာပေါ့။ မြန်မာနိုင်ငံကျတော့ အရှေ့ တောင်အာရှမှာ အကြီးမားဆုံး နိုင်ငံတွေထဲမှာ ပါဝင်တယ်။ လူ ဦးရေဆိုလည်း သန်းငါးဆယ် ကျော်တယ်။ လူမျိုးစုတွေက လည်း များတယ်။ အရင်အုပ်ချုပ် ခဲ့တဲ့ အစိုးရတွေကလည်း စစ် အာဏာရှင်တွေ ဖြစ်ခဲ့တော့ လူ့ အဖွဲ့အစည်းက အတော်ထိန်းညှိ ရတာခက်တယ်။


တကယ်တော့ အဲဒီလို မြန်မာဘာကြောင့် မတိုးတက်ရသလဲ ဆိုတာပြောရင် စစ်အာဏာရှင် တွေကို အပြစ်ပုံတာ၊ တိုင်းရင်း သားလူမျိုးနွယ်စုတွေ များပြားတာ ကို မကြာခဏ ပြောလေ့ရှိတယ်။ လက်ညှိုးထိုးတာပေါ့။ တရားခံရှာတာပေါ့။ တကယ်တော့ ကိုယ်ညံ့တာညံ့တာပဲ။ အိမ်နီးချင်းအာရှ နိုင်ငံ တွေလည်းများသောအားဖြင့် နိုင်ငံရေးမှာ အာဏာရှင်အုပ်ချုပ် ရေးတွေများတယ်။ သို့သော် သူတို့လုပ်နိုင်ကြတယ်။ အာဏာရှင် လက်ထက်မှာကို တိုင်းပြည်က တိုးတက်ကြီးပွားလာခဲ့တယ်။ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား အရင်ကအားလုံးအရပ်သားအာဏာရှင်၊ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တာပဲ။သို့သော် ယနေ့ကာလ အဲဒီနိုင်ငံတွေမှာ လူများစုဖြစ်နေတဲ့ လူလတ်တန်းစားဆိုတာ အရင်အာဏာရှင်လက်ထက်က မွေးထုတ်ပေးခဲ့တာဖြစ်တယ်။ အင်ဒိုနီးရှားလို သိပ်မဖွံ့ဖြိုးလှတဲ့ နိုင်ငံတောင် ၁၉၉၈ မှာ အာဏာရှင်ဆူဟာတိုကို ဖြုတ်ချခဲ့တာ အဲဒီဆူဟာတိုလက်ထက်မှာ ပေါက်ဖွားလာခဲ့တဲ့ လူလတ်တန်းစားအလွှာက လူထုတော်လှန်ရေးကိုဦးဆောင်ခဲ့တာဖြစ်တယ်။

မြန်မာနိုင်ငံမှာကျတော့ အာ ဏာရှင်ဆိုသူတွေ လက်ထက်မှာ တိုင်းပြည်က ရစရာမရှိအောင် စုတ်ပြတ် သွားခဲ့တာဖြစ်တယ်။ တချို့ဌာနတွေမှာဆိုရင် စာရေး အဆင့်နဲ့တင် သိန်းကိုရာနဲ့ချီ၊ ထောင်နဲ့ချီ လာဘ်စားတာတွေ ဖြစ်ခဲ့တယ်။ နိုင်ငံတော်ကို ရောက်ရှိ၊ ရရှိရမယ့် ဝင်ငွေတွေဟာ နှစ်ပေါင်းများစွာ လူတစ်စုလက်ထဲ အဟောသိကံ ဖြစ်ခဲ့ရတယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေတချို့ ကောင်းမွန်လာခဲ့တယ်ဆိုသည့် တိုင် နိုင်ငံမှာ ဒဏ်ရာ ဒဏ်ချက် တွေက များတော့ ဘယ်ကစပြီး ကုသရမလဲ မသိနိုင်ခဲ့ဘူး။ ဒီလိုနဲ့ အရင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်း ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျောသွားပြန်ရော။ အခု အစိုးရ အသစ်လက်ထက်မှာ ဘက်ပေါင်း စုံက စိန်ခေါ်မှုတွေ ပိုမိုကြုံတွေ့ နေရတယ်ဆိုသည့်တိုင် လူ အတော်များများကတော့ ပြည်သူ တင်မြှောက်တဲ့ အစိုးရဆိုပြီး မျှော် လင့်ချက်ကြီးကြီး ထားနေကြ တယ်။ ဒီလိုနဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကလည်း မိန့်ကြားခဲ့ တာဆိုတော့ အဲဒီ စင်ကာပူအိပ် မက်က လူထုအကြား ပျံ့နှံ့ရောက် ရှိလာပါတော့တယ်။

အထက်မှာဆိုခဲ့သလို မြန်မာနိုင်ငံအနေနဲ့ စင်ကာပူလို ဖြစ်ဖို့ ဆိုတာ ခဲယဉ်းပါလိမ့်မယ်။ နိုင်ငံ ရေး နောက်ခံသမိုင်းကြောင်းရော၊ အရွယ်အစားပမာဏရော မတူညီပါဘူး။ သို့သော် မြန်မာနိုင်ငံ အခြေအနေအရ နိုင်ငံအတွင်းမှာ စင် ကာပူအသေးစားလေးတွေ ဖန်တီးဖော်ဆောင်မယ်ဆိုရင်တော့ ဖြစ် နိုင်ပါတယ်။ ခေါင်းဆောင်မှုနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံရေးအာသီသနဲ့ သက်ဆိုင်ပါတယ်။ လုပ်ရဲကိုင်ရဲ၊ လုပ်ချင်ကိုင်ချင် စိတ်ရှိမှုနဲ့ သက်ဆိုင်ပါတယ်။ သက်ဆိုင်ရာပြည်နယ်၊ တိုင်းတွေ မှာ သူ့အစိုးရအဖွဲ့နဲ့သူ ရှိပါတယ်။ သူ့ဝန်ကြီးချုပ်နဲ့သူရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အတား အဆီးတချို့ ရှိတယ်ဆိုပေမယ့် လုပ်ပိုင်ခွင့် ရှိသလောက်တော့ ရှိပါတယ်။ ဆိုချင်တာ သက်ဆိုင် ရာဒေသအသီးသီးဟာ ခေါင်း ဆောင်မှုကောင်းမယ်။ ကိုယ့် အသိစိတ်နဲ့ကိုယ် အလုပ်လုပ် ကြမယ်ဆိုရင် ပြည်ထောင်စုထဲက  စင်ကာပူတွေ ဖြစ်လာနိုင်ပါ တယ်။ တချို့ ပြည်နယ်တွေမှာဆို သူ့ဒေသအလိုက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေ ရှိပါတယ်။ ပြည်နယ်အဝန်းအဝိုင်း အတွင်း မှာမှ သူ့အုပ်ချုပ်ရေးနဲ့သူ ရှိပါ တယ်။ လူဆိုတာ လူနည်းစုဖြစ် လေ ပိုပြီးစည်းလုံးညီညွတ်လေ ပါပဲ။ အဖိနှိပ်ခံရလေ ဖိနှိပ်ခံလာ နိုင်တယ်လို့ ယူဆလေ ပိုပြီး စည်းလုံးညီညွတ် ကြိုးစားအားထုတ် လေဖြစ်ပါတယ်။ ဒါကြောင့် စာ ရေးသူရောက်ခဲ့ဖူးတဲ့ ပြည်နယ် ဘက်က တချို့ဒေသတွေဆိုရင် သူ့နည်းသူ့ဟန်နဲ့ ကြိုးစားအား ထုတ်နေကြတာ အတော် ခရီး ရောက်နေတာတွေ့ရပါတယ်။ သူတို့ဟာ ကြိုးစားရင်၊ အရင်း အမြစ်တွေကို စုဆောင်းနိုင်ရင် ပြည်ထောင်စုထဲက စင်ကာပူတွေ ဖြစ်လာနိုင်ပါတယ်။

    မြို့တစ်မြို့ချင်းအလိုက် လည်း စင်ကာပူတွေ ဖန်တီးဖော် ဆောင်နိုင်ပါတယ်။ ဆိုကြပါစို့။ ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ဆိုရင် လှပတယ်။ သပ်ရပ် တယ်။ သန့်ရှင်းတယ်။ မြန်မာ နိုင်ငံက တခြားမြို့ကြီးတွေနဲ့ယှဉ် ရင်ပြောတာပါ။ တောင်ကြီးမြို့ ဟာ ညီညီညွတ်ညွတ် ကြိုးစား အားထုတ်ရင် ပြည်ထောင်စုထဲက စင်ကာပူဖြစ်လာနိုင်ပါတယ်။ မန္တ လေးမြို့ ဖြစ်လာနိုင်ပါတယ်။ ဘားအံ၊ လွိုင်ကော်၊ မြိတ်၊ ထား ဝယ်၊ မြစ်ကြီးနား ဒီမြို့တွေလည်း ပြည်ထောင်စုထဲက စင်ကာပူတွေ ဖြစ်လာနိုင်ပါတယ်။ စင်ကာပူလို နေရာတကာ တိုက်တာကြီးတွေ ထိုးထိုးထောင်ထောင် မဖြစ် တောင် စည်းကမ်းပိုင်းမှာ၊ စိတ် ဓာတ်ပိုင်းမှာ၊ သန့်ရှင်းမှုအပိုင်း မှာ ကောင်းမွန်တဲ့ မြို့ပြတွေ အဖြစ် ဖန်တီးဖော်ဆောင်နိုင်ပါ တယ်။

ပြည်နယ်၊ တိုင်းကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဲဒီကမှ မြို့ကြီးတွေအထိ စင်ကာပူ အိပ် မက် စိတ်ကူးပြီးရင် အဖွဲ့အစည်း တစ်ခုချင်းအလိုက်၊ လူတစ်ဦး ချင်းအလိုက် စင်ကာပူတွေဖြစ် အောင် ဖန်တီးလုပ်ဆောင်လို့ရ ပါတယ်။ လူတစ်ဦးချင်းဟာ အ စားအသောက်၊ အနေအထိုင် ပြုပြင် ဆင်ခြင်ခြင်းမှတစ်ဆင့် စင် ကာပူလို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ယူ၊ လေ့ကျင့်ယူလို့ရပါ တယ်။ မြန်မာနိုင်ငံက ဆင်းရဲပါ တယ်။ လူတစ်ဦးချင်းစီအပေါ် မရင်းနှီး၊ မမြှုပ်နှံနိုင်ပါဘူး။ ဒါ ကြောင့် လူတစ်ဦးချင်းစီက အသိကြီးကြဖို့ လိုပါတယ်။ ကြိုးစား အားထုတ်ကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်း၊ ပြည်ပ ရန်သူပတ်လည်ဝိုင်းနေတဲ့ နိုင်ငံ တစ်နိုင်ငံက နိုင်ငံသားတွေဟာ ပို လို့တောင် ကြိုးစားအားထုတ်သင့် လှပါတယ်။ မြန်မာနိုင်ငံ ဘယ်နေ့ စင်ကာပူလိုဖြစ်မလဲလို့ တွေးဆ စောင့်မျှော်နေတာထက် လူတစ် ဦးချင်းစီ၊ အဖွဲ့အစည်းတစ်ခုစီ သက်ဆိုင်ရာမြို့ပြ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ပြည်နယ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့တွေက အသိ စိတ်ရှိရှိ အပတ်တကုတ် ကြိုးစား အားထုတ်ကြမယ်ဆိုရင် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနှံ့အပြားမှာ ပြည်ထောင်စု အ တွင်းက စင်ကာပူတွေ အသီးသီး ပေါ်ထွက်လာမှာဖြစ်ပြီး အဲဒီလို နေရာအနှံ့ ဖြစ်ထွန်းလာတဲ့ စင် ကာပူလေးတွေကတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံတဲ့စင်ကာ ပူကြီးဖြစ်အောင် ဝိုင်းဝန်းကြိုး ပမ်း ကြံဆောင်အားထုတ်သင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။
အောင်အောင် (IR)7Day News



No comments:

Post a Comment