Latest News

Wednesday, February 8, 2017

ကျိုက္ကဆံကွင်းတွင် ပြည်ထောင်စုနေ့ပွဲတော် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ကျင်းပမည်

ကျိုက္ကဆံကွင်းတွင် ပြည်ထောင်စုနေ့ပွဲတော် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ကျင်းပမည်



ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း၌ ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ ထည့်သွင်း ပြသသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ခိုင်နှင်းဝေ ပရဟိတအသင်းက တာဝန်ယူ ကျင်းပခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၉ ရက်ထိ ၁၀ ရက်ကြာ ညနေ ၄ နာရီမှ ည ၁၂ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ခံ Junior Dinnis က ပြောသည်။

“ဒီလိုပွဲ(ပြည်ထောင်စုနေ့ ပျော်ပွဲ ရွှင်ပွဲ) မကျင်းပဖြစ်တာ ၂၅ နှစ်လောက် ရှိပြီ။ အခု အားကစား ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းက ဦးစီးပြီးတော့ ကျင်းပတာပါ။ အဓိကကတော့ ပြည်ထောင်စု တိုင်းရင်းသားတွေ အချင်းချင်း စည်းလုံးညီညွှတ်မှု ပိုပြီးတော့ ဖြစ်ပေါ်လာအောင်၊ တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် လူနေမှုပုံစံတွေကို မြို့ပေါ်မှာရှိတဲ့ လူငယ်တွေ သိစေချင်လို့ လုပ်တာပါ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတဘက်မှ အနုပညာရှင်များ၊ အိပ်မက်ဆုံရာ၊ Melody World၊ X Factor တို့မှ ဆုရ တေးသံရှင်များ၊ ဆပ်ကပ်စွမ်းရည်ပြပွဲများ၊ မိုးကြိုးငှက်ငယ်လေးများ၏ ဖျော်ဖြေမှုများစသည်တို့ပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း Junior Dinnis က ဆိုသည်။

ကျိုက္ကဆံကွင်းတွင် ပြန်လည် ကျင်းပမည့် ပြည်ထောင်စုနေ့ ပွဲတော်တွင် တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများ ထည့်သွင်းပြသခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ခင်မှုကို ရရှိနိုင်ကြောင်း ချင်းသမိုင်းနှင့် ယဉ်ကျေးမှု ကျောင်းအုပ် ကိုဆလိုင်းနောစော်က ပြောသည်။

“ဒီပွဲကို လုပ်တာက ကောင်းပါတယ်။ ဒါမျိုး လုပ်တာက တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ ရင်းနှီးသွားတယ်။ မဟုတ်ရင် အနေ စိမ်းတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ အားနည်းတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးကပ်မှ ပိုသံယောဇဉ် ဖြစ်တယ်။ ဒီလိုမျိုးတွေ လုပ်တော့ ကိုယ့်ယဉ်ကျေးမှု သူသိပြီး သူ့ယဉ်ကျေးမှု ကိုယ်သိမှာ၊ ခံစားချက်တွေ နီးစပ်မှ ရှေ့ဆက် လမ်းစဉ်တွေမှာ အဆင်ပြေမှာ”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

အဆိုပါ ပွဲတော်ဖြစ်မြောက်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတို့သို့ ချိတ်ဆက်ပေးမှုများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များကို ဖိတ် ကြားခြင်းများကို ပြုလုပ်ပေးကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင်ပွဲလုံခြုံရေးအတွက် တာမွေမြို့နယ်၊ ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပြီး အတွင်းစည်း လုံခြုံရေးကို သီးသန့် ပြင်ပကုမ္ပဏီမှ ငှားရမ်းထားကြောင်း ပွဲကျင်းပရေး တာဝန်ခံထံမှ သိရသည်။

=============

The Voice


No comments:

Post a Comment