Latest News

Saturday, February 18, 2017

အချစ်ရေးကံမကောင်းလို့ တစ်ယောက်တည်းပါပဲဆိုတဲ့ မေကဗျာ

အချစ်ရေးကံမကောင်းလို့ တစ်ယောက်တည်းပါပဲဆိုတဲ့ မေကဗျာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ - အနုပညာပိုင်းမှာလုပ်ပြခွင့်တွေနည်းလာလို့ ကားရိုက်တွေလျှော့ထားတဲ့ မေကဗျာက အချစ်ရေး မှာလည်း ကံမကောင်းတာကြောင့် မိသားစုနဲ့အတူကိုယ်ပိုင်စီးပွားရေးနဲ့ ပဲအဆင်ပြေအောင်နေသွား ချင်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ဇာတ်ကားတွေကအချိန်မပေးနိုင်တဲ့ အခါကျတော့ မြန်မြန်ရိုက် မြန်မြန်ပြီးရင်ပြီးရောပုံစံ ဖြစ်လာပါတယ်၊ ကဗျာတို့ကလုပ်ပြချင်တဲ့ သူဆိုတော့အချိန်လေးပေးပြီးတော့၊ ခံစားပြီးတော့ ကားရိုက်မယ်ဆိုရင်လဲ ဇာတ်လမ်းလေးကြိုပေး၊ ကြိုလုပ်ချင်တာပေါ့နော်၊ ဇာတ်က မနက်ရှူတင်ရောက်မှရတာတို့၊ ဟိုဟာဖြစ်တာတို့၊ ဒီဟာ ဖြစ်တာတို့နဲ့ဖြစ်လာတယ်၊ သူတို့ မှာလဲ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့နော်၊ ကဗျာ အပြစ်တော့မပြောပါဘူး၊ ကိုယ့်အတွက်ပြင်ဆင်ချိန်တွေလျော့နည်းလာ တော့ မရိုက်တာပိုကောင်းမယ်ထင်ပြီးတော့ဆုံးဖြတ်ပြီး မရိုက်ဖြစ်တာလဲပါပါတယ်လို့ မေကဗျာက ပြောပါတယ်။

သူကဆက်ပြီး အရင်ကဗျာတို့ ရိုက်ခဲ့တုန်းက ကာရိုက်တာတစ်ခုကိုမရိုက်ခင်ပြင်ဆင်ရတယ်၊ ကြိုမွေးရတယ်၊ အဲဒါမျိုး ရိုက်ချင် တာ၊ အခုအချိန်တော့ မဖြစ်တော့ပါဘူး၊ ကဗျာ့ကံကြောင့်လဲပါတယ်၊ ခေတ်အချိန်အခါကလဲ ပြောင်းလဲ သွားပြီ၊ မေမေကလဲ ကားရိုက်တွေသိပ်မလုပ်စေချင်ဘူးဆိုတော့ အနုပညာကိုလုံးလုံးကြီးမလုပ်တော့မှာတော့မဟုတ်ပါဘူး၊ ကိုယ့်စီးပွားရေးနဲ့ယှဉ် လာရင်တော့၊ ဒီဘက်ကမဖြစ်မနေရိုက်သင့်တဲ့ကားဆိုရင်တော့ ကဗျာရိုက်မှာပါလို့ မေကဗျာက သူရဲ့အနုပညာလှုပ်ရှားမှုအ ပိုင်းနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။

လတ်တလောမှာတော့ မေကဗျာက ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးမယ့် ဗီဇရုပ်ရှင်ဇာတ်ကားမှာ ဘဝကိုရင်းပြီးငွေရှာရတဲ့ ထရီဇာဆိုတဲ့ ကောင်မလေးနေရာကနေ လူမင်း၊ နေဒွေး၊ သူထူးစံ၊ သင်ဇာဝင့်ကျော်တို့နဲ့အတူပါဝင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

အချစ်ရေးကံမကောင်းတဲ့ မေကဗျာက ကိုယ့်ဘက်ကအကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ပေမဲ့ အဆင်မပြေလို့သွားခဲ့ရင်လည်း လွမ်းဆွေးတမ်းတခြင်းမရှိဘဲ ဥပေက္ခာပြုထားလိုက်တယ်လို့ဆိုပါတယ်။

အချစ်ရေးကတော့ လူဆိုတာတော့ အားကိုးချင်ကြတာချည်းပဲလေ၊ ကဗျာတို့ကံကိုက သူများကိုအားကိုးရတဲ့ကံမပါဘူး၊ အဲဒါ ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာတာ ကြာရင်လဲ သူများကို အားမကိုးချင်တော့ဘူး၊ သူများကိုအားကိုးရင် မျက်နှာငယ်ရတယ်လေ၊ ကိုယ့်သမီးလေးနဲ့ကိုယ့်အမေနဲ့ပဲ မိသားစုစီးပွားရေးလေးနဲ့ အဆင်ပြေတယ်၊ ကဗျာကအရမ်းကြီးချမ်းသာချင်တဲ့ သူထဲမှာမပါတော့ မိသားစုနဲ့နေမယ်၊ ဘာသာရေးလုပ်မယ်လို့ မေကဗျာက ပြောပါတယ်။

သူကဆက်ပြီး ကဗျာကအချစ်ရေးမှာကံဆိုးတယ်လို့ ပြောရမှာပေါ့နော်၊ လူတိုင်းက ဘယ်ဖြစ်ချင်ပါ့မလဲ၊ ကဗျာ့ကံကိုက ဖြစ်ဖို့ပါတယ်ဆိုတော့ ဖြစ်သွားတာပဲလေ၊ ဖူးစာမပါတာလဲပါမှာပေါ့၊ အချစ်ကိုစိတ်ကုန်သွားတာလဲမဟုတ်ပါ ဘူး၊ ကဗျာက သိပ်မခံစားတတ်ဘူး၊ ကိုယ်ကတော့ အမြဲကောင်းအောင်နေမယ်၊ နေတယ်၊ အဆင်မပြေရင်သွားပေါ့နော်၊ မခံစားတတ်ဘူး၊ ကိုယ့်ဘက်က လူတိုင်းကိုအကောင်းဆုံး ဖြည့်ဆည်းပေးချင်တယ်၊ မိဘကိုရော သားသမီး အပေါ်မှာရော ကိုယ့်အိမ်ထောင်ဖက် ကိုလဲအကောင်းဆုံးဖြည့်ဆည်းပေးချင်တယ်၊ အဲဒါကိုမှမကောင်းရင်တော့သွားပဲ၊ တော်ရုံတန်ရုံကို ဥပေက္ခာပြုထားတာပါ၊ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲလို့ မေကဗျာက အချစ်ရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကို ရှင်းပြပါတယ်။

ကိုယ်ပိုင်စီးပွားရေးလည်းလုပ်ကိုင်နေတဲ့ မေကဗျာကသမီးလေးကိုတော့ ပညာရေးကိုဦးစားပေးထားပြီး အတတ်ပညာပိုင်းမှာ လည်း ဖက်ရှင်နဲ့ဒီဇိုင်းသင်တန်းတွေကိုသင်ယူခိုင်းထားကာ ကျောင်းပညာရေးကိုတော့ ပြည်ပမှာ ကျောင်းထားဖို့ အစီအစဉ် ရှိတယ်လို့သိရတယ်။

ခတ္တာဖြူ

Kumudra


No comments:

Post a Comment