Latest News

Thursday, February 2, 2017

“အလွတ်သဘောပဲ ခေါ်ပြီးတော့ အကူအညီတောင်းတာပါ” လုပ်ကြံသတ်ဖြတ်ဖို့ ကမ်းလှမ်းခံရသူဦးအောင်စိုးကို ရဲမှူးချုပ်ခေါ်ယူတွေ့ဆုံ

“အလွတ်သဘောပဲ ခေါ်ပြီးတော့ အကူအညီတောင်းတာပါ” လုပ်ကြံသတ်ဖြတ်ဖို့ ကမ်းလှမ်းခံရသူဦးအောင်စိုးကို ရဲမှူးချုပ်ခေါ်ယူတွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တရားလွှတ်တော်ရှေ့ နေဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သတ်ပြီး အဓိကသက်သေတစ်ဦးလာနိုင်သူ ဦးအောင်စိုးကို ရန်ကုန်တိုင်းရဲမှူးချုပ်က အလွတ်သဘောခေါ်ယူတွေ့ ဆုံတယ်လို့ သိရပါတယ်။

”အလွတ်သဘောပဲ ခေါ်ပြီးတော့ အကူအညီတောင်းတာပါ။ ကျန်တာ ဘာမှ ဖိအားမရှိပါဘူး။ တရားဝင်ခေါ် တွေ့ တာတော့ မဟုတ်ဘူးပေါ့။ အကိုဆီက သတင်းအချက်အလက်လေးတွေ အကူအညီခေါ် တောင်းတာပေါ့။  အဲဒါတွေတော့ ပြောလို့ မဖြစ်ဘူး။ အကိုသိတာတွေကိုတော့ ပြောခဲ့တာပေါ့။” လို့  ဦးအောင်စိုးက ပြောပါတယ်။

သည်ကနေ့ မှာ ရန်ကုန်တိုင်းရဲမှူးချုပ်က တရားခံနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ရယူဖို့  ဦးအောင်စိုးနဲ့ အချိန်တစ်နာရီကျော်ကြာတွေ့ ဆုံခဲ့တယ်လို့  သိရပါတယ်။

” ရန်ကုန်တိုင်းရဲမှူးချုပ်နဲ့ တွေ့ တယ်။အဲလောက်ပါပဲ။ ကျန်တာက သတင်းအချက်အလက်တွေပါ။ သူတို့ က ဒီကိစ္စကို အသေးစိတ်လုပ်ချင်တာဆိုတော့ အကူအညီခေါ်တောင်းတာ။အကိုက တစ်ချိန်တုန်းက ရာဇ၀င်လူဆိုးဖြစ်ခဲ့ဖူးတယ်။ လက်ရှိမှာ စာအုပ်လည်းထုတ်ထားတယ်။နောက်ပြီး လူကောင်းဖြစ်ဖို့  ကြိုးစားနေတယ်။ အခုဆံပင်လည်း ညှပ်ထားတယ်လေ။ အဲတော့ တစ်ချိန်က မကြောက်မရွံ့ နဲ့  မကောင်းမှုတွေ လုပ်ခဲ့ပြီးတော့မှာ ရှင်သန်ခဲ့ရတယ်။ အခုကောင်းမှုတွေလုပ်တဲ့အနေနဲ့ ကူညီပေးတာပါ။ ” လို့  ဦးအောင်စိုးက ပြောပါတယ်။

ဦးအောင်စိုးဟာ မန္တလေး အိုးဘိုထောင်မှာ ထောင်ကျခဲ့တဲ့ အကျဉ်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။ အိုးဘိုထောင် မှာ ရှိနေချိန်က တရားလွတ်တော်ရှေ့ နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်(ခ) ဗက (ခ) မြင့်ဆွေဆိုသူတို့နဲ့ အတူ နေထိုင်ခဲ့ဖူးသူဖြစ်တယ်လို့  သိရပါတယ်။ ဒါ့အပြင် အိုဘိုထောင်က ထွက်ပြီးနောက်ပိုင်းမှာ ဦးအောင်ဝင်းဇော်ဆိုက လူတစ်ယောက်ကို သတ်ပေးဖို့ လာရောက်ကမ်းလှမ်းခံရတဲ့ သူတစ်ယောက်ဖြစ်တယ်လို့  Myanmar Now သတင်းဌာနနဲ့ တွေ့ ဆုံချိန်မှာ ပြောဆိုထားသူဖြစ်ပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သိရှိထားတဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထားသလို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နဲ့  တွေ့ ဆုံထားတာကြောင့် လုံခြုံရေးအတွက်တော့ စိုးရိမ်မိတယ်လို့  ဦးအောင်စိုးက ဆိုပါတယ်။

”အကိုလုံခြုံရေးနဲ့ ပတ်သက်ပြီး ပြောတာတော့ မရှိခဲ့ဘူး။ ရှိမယ်လည်း မထင်ပါဘူး။ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့။ ကိုယ်ဟာကိုပဲ သတိထားနေရမှာပေါ့။” လို့  ဦးအောင်စိုးက ပြောပါတယ်။

ဦးအောင်စိုးကိုခေါ်တွေ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိ ဦးကိုနီကို လုပ်ကြံမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးကြည်လင်းကို လူသတ်ဖို့ ခိုင်းစေသူဟာ ဦးအောင်ဝင်းဇော်ဆိုသူ ဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆတယ်လို့  ဦးအောင်စိုးက ဆိုပါတယ်။

အဲသည် ဦးအောင်ဝင်းဇော်ဆိုသူဟာ အသက် ၄၈ နဲ့ ၅၀ ၀န်းကျင်ရှိနိုင်ပြီး အသားညိုညို ပိန်ပိန်ပါးပါး အရပ်ရှည်သူ၊ တပ်မတော် အရာရှိငယ်ဘဝက ပြစ်ချက်နဲ့ ထုတ်ပယ် ခံရပြီး နောက်ပိုင်းမှာ ဘုရားခိုးဂိုဏ်းတစ်ချို့နဲ့ ပူးပေါင်း စီးပွားရှာကာ ထောင်ကျခဲ့သူ ဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့ မှာဖြစ်ပွားခဲ့တဲ့လုပ်ကြံသတ်ဖြတ်မှုဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ကြံမှုဖြစ်ပြီး လုပ်ကြံသူ ဦးကြည်လင်းကို စေခိုင်းသူလို့  ပြောဆိုနေကြတဲ့ ဦးအောင်ဝင်းဇော်ဟာလည်း နာမည်များစွာရှိနေတာကြောင့် နောက်ကွယ်မှာ ဘယ်သူတွေ ရှိနိုင်တယ်ဆိုတာကိုတော့ မသိနိုင်ဘူးလို့   ဦးအောင်စိုးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးကလည်း ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့ ရဲ့  လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ နှေးကွေးလွန်းတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

Sources : ချမ်းသာ : ကုမုဒြာ

Photo - ဇော်ထက်(Myanmar Now)

No comments:

Post a Comment