မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေဟု
ပြည်ထဲရေး ဒုဝန်ကြီး ပြော
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မီးသတိမူရေးလုပ်ငန်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းဟူ၍ အပိုင်း(၃)ပိုင်းခွဲကာ လုပ်ငန်းစီမံချက်များရေးဆွဲပြီး အလေးထားဆောင်ရွက်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၁တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်၏ မြန်မာတစ်နိုင်ငံလုံးတွင် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် မီးလောင်ကျွမ်းသည့်အချိန်အတွင် အချိန်မီ မီးငြှိမ်းသတ် နိုင်ရေး အတွက် မီးသတ်ယာဉ်များနှင့် မီးသတ်ဝန်ထမ်းများ လုံလုံလောက်လောက် ထပ်မံဖြည့်တင်းထားရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မီးဘေးသတိမူရေးလုပ်ငန်းများအနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပွင့်လင်းရာသီကာလများမှာ မီးဘေးသတိမူရေးလိုက်နာဆောင်ရွက်ရမယ့်အချက်အလက်များကို သတိပေးခြင်းနဲ့ နိုင်ငံ ပိုင် ရုပ်သံလိုင်းများမှ အသိပညာပေးဇတ်လမ်းတိုများ ထုတ်လွှင့်ခြင်း၊ တစ်အိမ်တက်ဆင်းမီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများကိုလည်း တိုင်းဒေ သကြီး/ ပြည်နယ်များမှာ အိမ်ခြေပေါင်း ၂၃ သိန်းကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ၄င်းကပြောသည်။
မီးဘေးလုံခြုံရေးစီမံချက်တွင် ဒုတိယအဆင့်အနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်၊ရပ်ကွက်၊ ကျေးရွာအလိုက် ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်တဲ့ မီးချိတ်၊မီးကပ်၊ရေပုံးလှေကား၊မီးသတ်ဆေးဘူးများကို လုံလောက်စွာတပ်ဆင်ထားရှိရေးနဲ့ စနစ်တကျအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေးတို့ကိုလည်း လေ့ကျင့်ပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း ၄င်းကဆိုသည်။
ထို့အပြင် “မီးဘေးလုံခြုံရေးရဲ့တတိယအဆင့်အနေနဲ့ မီးငြိမ်းသတ်ရေးလုပ်ငန်းကို ဆောင်ရွက်ရာမှာ မီးလောင်မှုဖြစ်ပွားပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လူအသင့်၊စက်အသင့်၊ ဆီ အသင့်၊ရေအသင့် သင့် ၄ သင့်ကို မူဝါဒ ချမှတ်ထားသကဲ့သို့ မီးလောင်မှုဖြစ်ပွားတဲ့အခါမှာလည်း မြန်မြန်သိ မြန်မြန်သွား မြန်မြန်ငြိမ်းသတ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်ဝင်းက ပြောသည်။
အခြားတဖက်တွင်လည်း လွှတ်တော်က အတည်ပြုထားပြီးဖြစ်သည့် ပိုလန်နိုင်ငံ၏ အထောက်အပံ့ဖြစ်သော ချေးငွေ ယူရိုသန်း ၅၀ဖြင့် ခေတ်မီ မီးသတ်ယာဉ်နှင့် ရှာဖွေရေးယာဉ် ၆၅စီး ဖြည့်တင်းမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။
လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့် မီးသတ်ယာဉ် ၆၂စီး၊ တိုင်းနှင့်ပြည်နယ်ဘဏ္ဍာရံပုံငွေဖြင့် မီးသတ်ယာဉ် ၁၄၅စီး ဝယ်ယူရန် ဘဏ္ဍာငွေခွင့်ပြုမိန့် ရရှိထားပြီးဖြစ်သည့်အတွက် ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောဆိုသည်။
Mizzima - News in Burmese
Tuesday, February 21, 2017
မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော
မီးဘေးလုံခြုံရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော
Reviewed by Ar Ti
on
5:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment