Latest News

Wednesday, February 8, 2017

ကိုယ်ရံတော် လုပ်ခဲ့ဖူးသည်ဟု စွပ်စွဲဖော်ပြမှုကြောင့် ဒေါ်လာသန်းနှင့်ချီ နစ်နာခဲ့ရဟု ထရန့်၏ဇနီးက တရားစွဲ

ကိုယ်ရံတော် လုပ်ခဲ့ဖူးသည်ဟု စွပ်စွဲဖော်ပြမှုကြောင့် ဒေါ်လာသန်းနှင့်ချီ နစ်နာခဲ့ရဟု ထရန့်၏ဇနီးက တရားစွဲ

၎င်းသည် ကိုယ်ရံတော် လုပ်ခဲ့ဖူးသည်ဟု Daily Mail Online က စွပ်စွဲဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ဇနီး မီလန်နီယာထရန့်က နစ်နာကြေး ဒေါ်လာသန်းနှင့်ချီ ရလိုမှုဖြင့် တရားစွဲဆိုမှု အစီအစဉ်ကို ပြန်လည်စတင်ခဲ့သည်။ သီးခြားဖြစ်သော်လည်း ဆက်စပ်မှုရှိသော အခြားအမှု တစ်မှုတွင်လည်း ထရန့်ဇနီးသည် ယင်းကိုယ်ရံတော် (လူမှုရေး အခမ်းအနားများတွင် အဖော်ပြုပေးရန် ငှားရမ်းခြင်းခံရသူ) လုပ်ခဲ့ဖူးသည်ဟု စွပ်စွဲရေးသားခဲ့သည့် ဘလော့ဂါဝက်ဘ်စတာ ဂျီတာပလေးထံမှ အထူးပြုမဖော်ပြသော လျော်ကြေးငွေ ပမာဏဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ဆလိုဗေးနီးယား မော်ဒယ်ဟောင်းတစ်ဦးဖြစ်သော မီလန်နီယာက ၎င်းသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကိုယ်ရံတော်လုပ်ခဲ့ဖူးကြောင်း Daily Mail က ကောလာဟလများ ဖော်ပြခဲ့သည်ဟုဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြခဲ့သော အမှုတွဲဖိုင်၌ မီလန်နီယာက ၎င်းနှင့် ၎င်း၏ ကုန်အမှတ်တံဆိပ်သည် လိုင်စင်ပြုလုပ်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်းနှင့် ထောက်ခံကြေညာပေးခြင်းဆိုင်ရာ အခွင့်အရေးများတွင် ဒေါ်လာသန်းနှင့်ချီ နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင်  ဓာတ်ပုံအစားဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူးသူတစ်ဦးရရှိမည့် အခွင့်အရေးများဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကိုယ်ရံတော် လုပ်ခဲ့ဖူးသည်ဟု Daily Mail ၏ မှားယွင်းသောဖော်ပြမှုကြောင့်သာ မဟုတ်လျှင် ၎င်းသည် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော နှစ်ရှည်စီးပွားရေး သဘောတူညီချက်များ ရရှိနိုင်ကြောင်း မီလန်နီယာက ပြောကြားထားသည်ဟု ယင်းအမှုတွဲတွင် ဖော်ပြခဲ့သည်။ ယင်းမှားယွင်း ဖော်ပြမှုကြောင့် ၎င်းသည် အ၀တ်အစားများ၊ အသုံးအဆောင်များ၊ ဖိနပ်များ၊ လက်ဝတ်ရတနာများ၊ မိတ်ကပ်များ၊ ဆံပင်ထိန်းသိမ်းရေး ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများအား ရောင်းချမှုတွင် ထိခိုက်စေခဲ့ကြောင်းလည်း ကိုယ်ပိုင်အမှတ်တံဆိပ် ‘မီလန်နီယာ’ ထုတ်လုပ်ရောင်းချနေသော ၎င်းက ပြောကြားခဲ့သည်။

ယင်းတရားစွဲမှု နှစ်ခုလုံးကို ပြီးခဲ့သော စက်တင်ဘာတွင် မေရီလန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် Daily Mali အား စွဲဆိုထားသော အမှုအား မေရီလန်းတရားရုံးက နယ်မြေအနေအထားအရ စီရင်ပိုင်ခွင့်မရှိ သည်ဟုဆိုကာ ပယ်ချခဲ့သည်။ ယင်းအတွက် ထရန့်၏ရှေ့နေများသည် Daily Mail Online အား ဖြန့်ချိသော Mail Media,Inc., ကို နစ်နာကြေး ဒေါ်လာသန်း ၁၅၀ ရလိုမှုဖြင့် နယူးယောက်ရှိ တရားရုံးချုပ်၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ Daily Mail Online က သြဂုတ် ၂၀ ရက်တွင် ဖော်ပြခဲ့သော ဆောင်းပါးအား ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယင်းစွပ်စွဲချက်များသည် မှန်ကန်ကြောင်း အတည်ဖော်ပြရန် သို့မဟုတ် အကြံပြုရန် မရည်ရွယ်ကြောင်း၊ မစ္စထရန့်သည် ကိုယ်ရံတော် သို့မဟုတ် လိင်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သည်ဟု အတည်ဖော်ပြရန် သို့မဟုတ် အကြံပြုရန်လည်း မရည်ရွယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဘလော့ဂါတာပလေးက ၂၀၁၆ ခုနှစ် သြဂုတ် ၂ ရက်တွင် ဖော်ပြခဲ့သော မီလန်နီယာ ထရန့်၏ ဆောင်းပါးသည် မှားယွင်းမှုနှင့် အသရေဖျက်မှုများ ပြည့်နှက်နေကြောင်း၊ ယင်းအတွက် ထိခိုက်နစ်နာခဲ့ရသော ထရန့်၏ မိသားစုဝင်များအား ရိုးရိုးသားသားတောင်းပန်ကြောင်း ပြောကြားခဲ့သည်။ မီလန်နီယာသည် အသက် ၇၀ ရှိ ဘီလျံနာသမ္မတထရန့်၏ တတိယမြောက်ဇနီးဖြစ်ပြီး ၎င်းတို့သည် သားတစ်ဦး ရရှိထားသည်။        

Refး AFP

===========

Eleven Media Group

No comments:

Post a Comment