အင်းလေးကန်ကို ယူရို ၃၄ သန်း အကုန်အကျခံ ထိန်းသိမ်းမည်
အင်းလေးကန် ဖွံ့ဖြိုးလာဖို့အတွက် ၁၀ နှစ်အတွင်း ယူရို ၃၄ သန်း အကုန်အကျခံ ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။
“ဝန်ကြီးက အင်းသားပဲဟာ၊ အင်းလေးကန် ပြန်ပြီးတော့ အသက်ရှင်သန်ဖို့အတွက်က ထိပ်ဆုံးအစည်းအဝေးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကို Please, Save The Inle Lake လို့ ထိပ်ဆုံးပြောခဲ့တာပါ။ ငါတို့ Destination တခု ပျောက်ခံလို့မရပါဘူး။ Destination ပျောက်တယ်ဆိုတာဟာ စားဝတ်နေရေးတခု ပျောက်တာနဲ့ အတူတူပါပဲ။ အဲဒီတော့ ဒီကိုမှီငြမ်းနေတဲ့ မှီခိုနေတဲ့ လုပ်ငန်းရှင်တွေဟာ အင်းတွင်းသားတွေ၊ ညောင်ရွှေမြို့သူမြို့သားတွေ၊ ဒါ့အပြင် မြန်မာနိုင်ငံကနေပြီးတော့မှ အင်းလေးကန်တဝိုက်မှာ လာပြီးတော့မှ ရင်းနှီးမြှုပ်နှံနေကြတဲ့ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးအကျိုးငှာ အင်းလေးကန်ကို ပြန်လည်ပြီးတော့ ရှင်သန်အောင် လုပ်သွားဖို့လိုတယ်” လို့ ဦးအုန်းမောင်က ပြောဆိုခဲ့ပါတယ်။
အင်းလေးကန်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် နော်ဝေနိုင်ငံအစိုးရကနေ သစ်တောဦးစီးဌာနကို လာတွေ့ပြီး ကူညီထောက်ပံ့မယ့်အကြောင်း ပြောဆိုခဲ့တာကို ကြားသိရပြီး အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး ထိန်းသိမ်းမှုတွေ ပြန်လည်အသက်သွင်း လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုး၊ ဒေသရိုးရာ လက်မှုလုပ်ငန်းတွေ၊ ရေပေါ်ဈေး၊ အိမ်တွင်းရက်ကန်းလုပ်ငန်းတွေ၊ ပန်းပဲလုပ်ငန်းတွေနဲ့ တခြား အိမ်တွင်းလက်မှုလုပ်ငန်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစား လာရောက်လေ့လာကြပါတယ်။
အဲဒီဒေသရှိ မြို့မကျောက်တိုင်ကွင်း၊ ဗိုလ်ချုပ်ပန်းခြံမှာ ဇန်နဝါရီ ၇ ရက်နေ့က ညဈေးတန်းတခု ဖွင့်လှစ်ခဲ့ပြီး အဲဒီဈေးမှာ စားသောက်ဆိုင်တွေနဲ့ ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်ခန်းတွေ ပါဝင်ကာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားမှုရှိတာကို တွေ့ရပါတယ်။
Sources : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment