Latest News

Sunday, February 19, 2017

မိတ္ထီလာ၌ ပထမဆုံးဒစ်ဂျစ်တယ်ရုပ်ရှင်ရုံသစ် မကြာမီတွင် ဖွင့်လှစ်မည်

မိတ္ထီလာ၌ ပထမဆုံးဒစ်ဂျစ်တယ်ရုပ်ရှင်ရုံသစ် မကြာမီတွင် ဖွင့်လှစ်မည်

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မိတ္ထီလာမြို့ မြို့မရပ်ကွက် ရုပ်ရှင်ရုံလမ်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးသွားပြီဖြစ်သည့် ပထမဆုံး အဆင့်မြင့်ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံသစ်အား ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။

'' ယခင်ဖလင်နဲ့ပြသတဲ့ ဂရင်းရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ပြီးတော့ ခေတ်နဲ့အညီ အဆင့်မြင့်ဒစ်ဂျစ်တယ်စနစ်နဲ့ ပြသနိုင်ဖို့ အတွက် ၂ဝ၁၆ ဇွန်လအတွင်းက ရုပ်ရှင်ရုံအဆောက်အအုံသစ် ပြန်လည်တည်ဆောက်ခဲ့တာ ရာနှုန်းပြည့် နီးပါးပြီးစီးသွားပါပြီ။ စက်ပစ္စည်းတပ်ဆင်မှုအပိုင်းရော အတွင်းပိုင်း ပရိသတ်ကြည့်မယ့်နေရာအပိုင်းတွေက ပြီးစီးသွားပြီဖြစ်လို့ ဒီဖေဖော်ဝါရီ ၂၃ ရက် မှာ ရုပ်ရှင်ရုံသစ် စတင်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ အဆင့်မြင့်ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေအနေနဲ့ ပုံမှန်အားဖြင့် တစ်နေ့ကို သုံးပွဲပြသတာဖြစ်ပေမယ့် ရုံသစ်ဖွင့်ဖွင့်ချင်းရက်ပိုင်းတွေမှာ တစ်နေ့ကို လေးပွဲလောက် ပြသလို့ရ မယ် မျှော်မှန်းထားတယ်'' ဟု ဂရင်းရုပ်ရှင်ရုံပိုင်ရှင် ဦးစိုးအောင်က ပြောသည်။

အသစ်ဖွင့်လှစ်ပြသမည့် မိတ္ထီလာအဆင့်မြင့်ဒစ်ဂျစ်တယ်ဂရင်းရုပ်ရှင်ရုံသစ်တွင် ၁ဝဝဝ ၊ ၂ဝဝဝ ၊ ၃ဝဝဝ ဟူ၍ အတန်း သုံးမျိုးခွဲခြားပြီး ရုံဝင်ကြေးကောက်ခံ မည်ဖြစ်ကာ စုစုပေါင်း ရုပ်ရှင်ကြည့်ပရိသတ် ၂၄၆ ဦး ကြည့်ရှုနိုင်မည်ဖြစ်သည်။ မိတ္ထီလာတွင် ယခင်က ဖလင်ဖြင့်ပြသခဲ့သည့် ဇွဲရုံ ၊ ရွှေဗဟိုရ်ရုံ ၊ ဂရင်း(မျိုးမြင့်)ရုံ စုစုပေါင်း ရုပ်ရှင်ရုံ သုံးရုံရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ရုံ များ ပြသနိုင်ခြင်း မရှိတော့ဘဲ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ဂရင်းရုပ်ရှင်ရုံ တစ်ခုသာ ဖလင်စနစ်ဖြင့် နောက်ဆုံး ပြသခဲ့ကြောင်း သိရသည်။

ချမ်းသာ ( မိတ္ထီလာ)ပြန်/ဆက်

No comments:

Post a Comment