Latest News

Tuesday, February 7, 2017

အမေရိကန်နှင့် ဂျပန် ပူးပေါင်း တီထွင်နေသည့် ဒုံးခွင်းဒုံးစနစ် ပထမဆုံးအကြိမ် စမ်းသပ်

အမေရိကန်နှင့် ဂျပန် ပူးပေါင်း တီထွင်နေသည့် ဒုံးခွင်းဒုံးစနစ်

ပထမဆုံးအကြိမ် စမ်းသပ်



အမေရိကန်နှင့် ဂျပန်တို့သည် နှစ်နိုင်ငံ ပူးပေါင်း ဖန်တီး တည်ဆောက်ထားသည့် ဒုံးခွင်းဒုံး စနစ်တစ်ခုကို ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ဒုံးကျည် စီမံကိန်းကြောင့် အာရှအရှေ့ပိုင်း ဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ မဟာမိတ် နှစ်နိုင်ငံက ယခု လက်နက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဂျပန်တို့သည် Standard Missile-3 ဒုံးခွင်းဒုံးကို အခြေခံကာ ပြုပြင်ပြောင်းလဲထားသည့် ဖျက်ဒုံး စနစ်တစ်ရပ်ကို ၂၀၀၆ ကတည်းက ပူးပေါင်း ဖန်တီးနေခဲ့ကြသည်။

Standard Missile-3သည် ရေတပ်သင်္ဘောများပေါ်မှ အထိုင်ချ ပစ်ခတ်ရပြီး ယခုစမ်းသပ်သည့် မျိုးကွဲဒုံးကျည်သည် ဂျပန်တွင် ဖြန့်ကျက်ထားသည့် Aegis တိုက်ချင်းပစ်ဒုံးကျည် ကာကွယ်ရေးစနစ်၏ အစိတ်အပိုင်း တစ်ရပ်
ဖြစ်လာရန် ရည်ရွယ်ထားသည်။

နှစ်နိုင်ငံ ပူးပေါင်းဖန်တီးထားသည့် ဒုံးခွင်းဒုံး စမ်းသပ်မှုကို ဖေဖော်ဝါရီ ၃ ရက်က ဟာဝိုင်ယီကျွန်းတွင် ပြုလုပ်ခဲ့ခြင်းဟု သိရသည်။ Standard Missile-3မျိုးကွဲ Block IIAသည် တိုက်ချင်းပစ် ဒုံးကျည်အဖြစ် ပုံတူဖန်တီးထားသည့် ပစ်မှတ်ကို အာကာသထဲတွင် အောင်မြင်စွာ ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန် ဒုံးကျည်ကာကွယ်ရေး အေဂျင်စီက ကြေညာခဲ့သည်။

အဆိုပါ ဒုံးခွင်းဒုံးစနစ် သုတေသန စီမံကိန်းအတွက် အမေရိကန်က ဒေါ်လာ ၂.၂ ဘီလီယံနှင့် ဂျပန်က ဒေါ်လာ ၁ ဘီလီယံမျှ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။

“မြောက်ကိုရီးယားရဲ့ ဒုံးကျည်စွမ်းရည်အပေါ် ကျွန်တော်တို့ အနေနဲ့ အလေးအနက် စိုးရိမ်စိတ် ရှိပါတယ်။ ဒါကြောင့်လည်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေတာပါ။ သုတေသန ကုန်ကျစရိတ်ကို ဂျပန်နဲ့ အမေရိကန် ပူးပေါင်းမျှခံကြတာကလည်း လက်ရှိ အခြေအနေအရ ဖြစ်သင့် ဖြစ်ထိုက်တဲ့ သဘောပါ”ဟု အေဂျင်စီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ခရစ်ဂျွန်ဆင်က ဆိုသည်။

အဆိုပါ ဒုံးခွင်းဒုံး နည်းပညာ သုတေသန စီမံကိန်းတွင် နှစ်နိုင်ငံ အစိုးရများအပြင် Mitsubishiနှင့် Raytheon ကုမ္ပဏီများကလည်း ပူးပေါင်းပါဝင်ကြသည်။ အဆိုပါ ဒုံးကျည်များကို အမေရိကန် ပြည်ထောင်စုတွင် တပ်ဆင်ပြီး တာလတ်ဒုံးကျည်များကို ကြားဖြတ် ဟန့်တားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာ စမ်းသပ်မှုများကြောင့် တောင်ကိုရီးယားသည်လည်း ၎င်းတို့ ပိုင်နက်တွင် အမေရိကန်လုပ် THAAD ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဖြန့်ကျက်ရန် အကောင်အထည်ဖော် ကြိုးစားလျက် ရှိသည်။

Ref: CNA

===========

7Day News Journal

No comments:

Post a Comment