Latest News

Sunday, February 12, 2017

''ခရီးဖော်''

''ခရီးဖော်''

ခင်ခင်ထူး

(၁)

 ဦးဘကျောက်သည် ဖျာပေါ်တွင်မှိန်းနေသော ဇနီးသည် မအိမ်မြိုင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အရေးအကြောင်းတို့ဖြင့် ယှက်နွယ်နေသော မျက်နာပြင်၊ တဆတ်ဆတ် တုန်ခါနေသောမျက်ခွံနှင့် အသက်ကို မျှင်း၍ရှူသွင်းနေသော မအိမ်မြိုင်၏ ပင်ပန်းခက်ခဲနေမှုတို့က ဦးဘကျောက်ရင်ကို ရိုက်ခတ်လာသည်။

သူတို့တဲကလေးဆီသို့ အမှောင်က တရိပ်ရိပ်ထိုးကျလာပြီ။ အိမ်နောက်ဘက်တမာပင်ထက်မှ တဖျောက်ဖျောက်ကြွေကျလာသော သစ်ရွက်ကြွေသံကို ကြားနေရသည်။ ဆောင်းနှောင်းရာသီမို့ လေပွေက တမာရွက်များကို မွေ့ရမ်းနေပြန်သည်။ ရွာမြောက်ဘက် လက်ပံပင်အုပ်ဆီမှငှက်တစ်ကောင်၏ မြည်သံ တစ်ချက်တည်း ထွက်ပေါ်လာ၏။

မအိမ်မြိုင်သည် ချောင်းတဟွပ်ဟွပ်ဆက်တိုက်ဆိုးနေရင်း ညာဘက်သို့ ခွေစောင်းလိုက်သည်။

“ မင်း မောနေသလား မအိမ်မြိုင် ”

မအိမ်မြိုင်က မျက်ခွံကို တစ်ချက်လှန်ကြည့်ပြီး ခေါင်းကို အသာညိတ်ပြသည်။ စကားသံတို့ ထွက်မလား။ ဦးဘကျောက်ရင်ထဲ မကောင်းလှသဖြင့် တဲအပြင်ထွက်ထိုင်နေလိုက်သည်။ နှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်လာခဲ့သော ဇနီးသည်၏ နောက်ဆုံးအချိန်ဆိုတာကို သူကောင်းစွာ သဘောပေါက်နေသည်။သည်အချိန်မှာ မအိမ်မြိုင်ခမျာ သားသမီးတွေ၊ မြေးတွေကို  တွေ့ချင်ရှာပေလိမ့်မည်။ အားလုံးကိုအကြောင်းကြားထားပြီးဖြစ်ပေမယ့်တစ်ဦးမှပေါ်မလာသေး။ ဦးဘကျောက်တစ်ဦးတည်းသာ နောက်ကြောင်းပုံရိပ်ကို ဆုပ်ဖမ်းရင်း ကြေကွဲနေမိသည်။

တစ်ရွာတည်းနေ တစ်ရေတည်းသောက်လာခဲ့သော ငယ်ပေါင်းကြီးဖော် မအိမ်မြိုင်၊ ဆံမြိတ်တွဲ ဆံထုံးလေးနှင့် နုပျိုလန်းဆန်းခဲ့သော မအိမ်မြိုင်၊ လင်ယောကျာ်းနှင့်အတူ ပဲရိတ်၊ ကိုင်းထွန် ရင်ပေါင်တန်း နိင်ခဲ့သော မအိမ်မြိုင်၊ မြေပဲခင်းရနံ့ကို ရှူရှိုက်ရင်း နှစ်ယောက်တစ်ဘဝ ယနေ့ထိ လက်တွဲမဖြုတ်ခဲ့သော မအိမ်မြိုင်၊ သူ့အတွက် အသက် ၆၀ ကျော်သည်အထိ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ရှာသည့် ရှားမှရှားသည့် မယားကောင်း မအိမ်မြိုင်၊ အခု သူနှင့်သူ့ဘဝကို ခွဲခွာတော့မည်လေ။
ဦးဘကျောက်၏ မျက်လုံးအိမ်မှ မျက်ရည်ပူစီးကြောင်းများ တွေတွေကျဆင်းလာသည်။

မျက်ရည်.. ..။ ဒီလိုမျက်ရည်မကျခဲ့တာ ကြာပါပြီ။ မအိမ်မြိုင်ခမျာ ငါသိခဲ့သမျှ ဆင်းရဲလိုက်တဲ့ဖြစ်ခြင်း၊ အသက်ထက် အိုစာလွန်းတဲ့ မအိမ်မြိုင....။ ဒီအချိန် ဒီအရွယ်မှာ မင်းအပေါ်မှာ ငါထားတဲ့ မေတ္တာတရားဟာ ရိုးသားသန့်စင်ပါတယ်။ ဒါပေမယ့် အဲဒီ မေတ္တာတရားလက်နက်ဟာ မင်းအသက်ကိုတော့ မကယ်နိင်တော့ပါဘူး။ မင်း, ကောင်းရာသုဂတိ လားပါစေ။

“ ကိုဘကျောက် ....အိမ်မြိုင် ဘယ်လိုနေသေးလဲ ”

အသံကြောင့် ဦးဘကျောက် မျက်ရည်များကို ကမန်းကတန်း သုတ်ပစ်လိုက်သည်။ ခေါင်းရင်းအိမ်မှ မအိမ်မြိုင့်သူငယ်ချင်း မကြည်တင်က ဦးဘကျောက်အနီး ဝင်ထိုင်ရင်း

“ မီးလေးထွန်းပါဦး ကိုဘကျောက်ရယ်.....မှောင်လာပြီ ”
“ မထွန်းချင်ဘူး မကြည်တင်....သူ အမှောင်ထဲမှာပဲ နေပါစေတော့ ”

အခြေအနေကို သဘောပေါက်သည့်အလား မကြည်တင်က လက်ထဲမှ ဆေးလိပ်တိုကို တွန်းဖွာသည်။

“ ကလေးတွေ မနက်ဖြန်တော့ ရောက်မယ် ထင်ပါရဲ့နော်...သူ မသေခင်ရောက်လာရင် ကောင်းမှာပဲ.... အားရှိတာပေါ့တော် ”

မအိမ်မြိုင်အတွက် ဘာအားမှ မလိုတော့ပါ။ အားပေးစရာလည်း မလိုတော့ပါ။ လက်ခံယူနိင်ဖို့ အားလည်း မရှိတော့ပါ။ တစ်သက်လုံး နေ့စဉ် အလုပ်နှင့်လက် ပြတ်သည်မရှိ အင်အားတွေ အသုံးပြုခဲ့ပြီပဲ။ သူနှင့်မအိမ်မြိုင် နှစ်ဦးသား ကြိုးစား၍ လယ်ကွက်တွေ ဝယ်ခဲ့ကြသည်။ ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။ သီးနှံတွေကို ရိတ်သိမ်းခဲ့ကြသည်။ ရှုံးခဲ့ မြတ်ခဲ့ကြသည်။ ရုန်းခဲ့ ကန်ခဲ့ကြသည်။ သည်အလုပ်တွေကို မနားမနေ လုပ်ကိုင်ခဲ့သော သူတို့သက်တမ်း နည်းရော့လား။ မအိမ်မြိုင်အားတွေ ကုန်ခမ်းလောက်ပါပြီ။

ဦးဘကျောက်က စကားမပြောဘဲ ငူငူကြီးထိုင်နေတော့ မကြည်တင်က တဲထဲဝင်သွားသည်။ မီးခွက် ထွန်းသည်။တဲအတွင်းအလင်းရောင်ကြောင့်ဦးဘကျောက်မျက်လုံးထဲတွင်အမှောင်အနည်းငယ် ဖျော့တော့သွားသည်။ သူ့ခေါင်းထဲတွင် မအိမ်မြိုင်သေဆုံးလျင် မည်သို့ဆက်လုပ်ရမည်တို့ကို တွေးကြည့်နေမိသည်။ တစ်မြို့ တစ်ရွာက သူ့သားနဲ့သမီးဟာ မအိမ်မြိုင် အလောင်းကို မီပါ့မလား။ မမီလည်း မစောင့်တော့ပါ။ ယနေ့ညသေလျှင် မနက်ဖြန် သင်္ဂြိုလ်မည်။ စောင့်စားခြင်းဖြင့် အချိန်များကုန်လွန်ခဲ့ပုံကို သူ တရေးရေး ပြန်မြင်လာသည်။

“ကိုဘကျောက်....အိမ်မြိုင် ဆုံးနေပြီ”

တဲအတွင်း  ဝုန်းခနဲ ပြေးဝင်ပြီး မအိမ်မြိုင်လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ နွေးနေသေးသည်။

“ မကြည်တင်....ရွာထဲကို သွားပြောပေးဗျာ ”

မကြည်တင်ထွက်သွားတော့ သူနှင့်မအိမ်မြိုင်တို့နှစ်ဦး တဲအတွင်း ကျန်ခဲ့သည်။ မဟုတ်ပါ။ ဦးဘကျောက် တစ်ဦးတည်းသာ ကျန်ခဲ့ခြင်းဖြစ်သည်။

(၂)

“ ဟိုမှာ ငပေါ်တို့ မိသင်းတို့ လာကုန်ကြပြီ ”

ဦးဘကျောက်၏ မျက်လုံးအစုံက ရွာလယ်လမ်းမဘက်မှ တစ်ဆစ်ချိုး လမ်းသွယ်လေး ဆီသို့ ရောက်သွားသည်။ ကလေးတွေ၊ အထုပ်တွေ ဖိုသီဖတ်သီနှင့် အပြေးတစ်ပိုင်း လာနေကြသော သူ့သားနဲ့ သမီး။

“ အမယ်လေး.. အမေရဲ့၊ အီးဟီး...မိသင်းလာပြီလေ အမေရဲ့”

“ ကျုပ် ကြားကြားချင်း  လာတာပါဗျာ၊ ခုတော့ အသက်တောင် မမှီလိုက်ပါလား အမေရယ်”

ဦးဘကျောက်သည် နှစ်နှစ် နီးပါး မတွေ့ရသော သားနှင့်သမီးကို ငေးကြည့်ရင်း ရင်မှာနာလာသည်။ သူတို့ရင်အစုံကို ကန်ထွက်သွားသော၊  သူတို့လယ်ကွက်တွေ တစ်ကွက်ပြီး တစ်ကွက် ဖြုန်းတီးသွားသော ငပေါ်နဲ့မိသင်း။ ခုတော့ မအိမ်မြိုင်အလောင်းဘေးမှာ ငိုနေကြပြီ။
အော်ဟစ်ငိုယိုနေသော မိသင်းအသံကို နားကြားပြင်းကတ်လာသည်။ ယောကျာ်းတန်မဲ့ တွတ်တီးတွတ်တာ စကားဆိုနေသော ငပေါ့်ဟန်ကို ရွံလာသည်။ လက်ထဲမှ ပြောင်းဖူးဖက်လိပ်ကြီးကို တဲတိုင်နှင့် ထိုးချေမွလိုက်သည်။ ရင်ထဲမှာ ဒေါသခိုးတို့ ဆူဝေလာသည်။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး တစ်စုံတစ်ရာ အော်ဟစ်လုဆဲဆဲ ရွာလူကြီး ဦးဘိုးထင် ရောက်လာသည်။ ဘဘိုးထင်နောက်မှ ရွာဆော် မောင်သောင်းက ဦးဘကျောက်ဘေးမှာ ဝင်ထိုင်ရင်း

“ ဘကြီးကျောက်၊ ဒီမှာ ရွာနာရေးအသင်းက ငွေတစ်ထောင်ပါ”

ငွေစက္ကူ ခပ်နွမ်းနွမ်းလေးများကို ထိုးပေးနေသော မောင်သောင်းမျက်နာမှာ ချွေးပွင့်များ...။ သည်တစ်မနက်ထဲနှင့် သူတို့ရွာမှနာရေးကူငွေ တစ်ထောင်ရအောင် ကောက်ယူစုဆောင်းခဲ့ရသဖြင့် မောင်သောင်း ပင်ပန်းနေဟန်ရှိသည်။ ဦးဘကျောက်က ငွေတစ်ထောင်ကို လှမ်းယူလိုက်သည်။ ငိုနေကြသော ငပေါ်နှင့် မိသင်းလည်း ဦးဘကျောက်အနီး လာထိုင်သည်။

“ အဖေ၊ ကျုပ် အမေအတွက် ငွေနှစ်ရာ ကုသိုလ်ဝင်ပါတယ် ”

မောင်ပေါ်က ငွေနှစ်ရာ ထုတ်ပေးတော့ မိသင်းကလည်း ငွေနှစ်ရာပေးသည်။
ဦးဘကျောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်သည်။ အသုဘလာမေးသူ အားလုံး လန့်ဖျပ်သွားသည်။ မောင်ပေါ်နှင့် မိသင်းတို့နှစ်ယောက် ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

“ ကြည့်စမ်း မအိမ်မြိုင်....မင်း အသက်ရှင်နေတုန်းက မုန့်တထုပ်တောင် လှမ်းမကန်တော့တဲ့ သူတွေက မင်းအတွက် ကုသိုလ်ဝင်ချင်လို့တဲ့ဗျား....နေပါ့စေ, နေပါ့စေ....မင်းတို့ငွေတွေ ဘာလုပ်ဖို့လဲ.ြ...ပန်သိမ်းထားလိုက်ကြစမ်းပါ....မင်းတို့လိုချင်တဲ့ ကုသိုလ်ဆိုတာ ဒီငွေတွေနဲ့ လဲလို့မရဘူးကွ.... ဟေ့..ကုသိုလ်တကယ်လိုချင်ရင် မင်းတို့ မအိမ်မြိုင်နောက် လိုက်သွား”

ဘဘိုးထင်က မောင်ပေါ်တို့လက်ထဲမှ ငွေများကို လှမ်းယူလိုက်ပြီး

“ ကိုဘကျောက်....ကလေးတွေစိတ်မချမ်းသာအောင် ခင်ဗျား ဘာမှမလုပ်ပါနဲ့”

ဘဘိုးထင်က အသံခပ်မာမာဖြင့် ပြောလိုက်၍ ဦးဘကျောက်ရင်ထဲမှ ဒေါသများကို ပြန်မြိုသိပ်လိုက်သည်။ လက်ထဲတွင် ငွေစက္ကူများကို ဆုပ်ကိုင်ရင်း မအိမ်မြိုင်ဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။

“ မသေခင်ကသာ ခုလိုငွေတွေ ငါ့လက်ထဲရှိခဲ့ရင် မင်းရောဂါကို ဆေးကုပါရဲ့ မအိမ်မြိုင်ရယ် ”

တဲရှေ့တလင်းပြင်တွင် ဖျာခင်းထိုင်နေကြသော ရွာသူရွာသားများကတော့ ဦးဘကျောက်ရင်ထဲမှ စကားကို ကြားကြမည်မဟုတ်ပါ။ သို့သော် သိတော့သိမည်ထင်၏။ အသုဘချဖို့ပြင်တော့ ဦးဘကျောက် တဲအတွင်းသို့ လှစ်ခနဲပြေးဝင်သွားသည်။ ဘုရားစင်မှာ ချိတ်ထားသော စိပ်ပုတီးနှစ်ကုံးအနက်မှ တစ်ကုံးကို ဖြုတ်ယူလိုက်သည်။ သည်ပုတီးနှစ်ကုံးကို ရွာဦးစေတီ ဘုရားပွဲဖြစ်စဉ်က သူတို့ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က မအိမ်မြိုင့်စကားကို ဦးဘကျောက် မမေ့နိင်ပါ။

“ကိုကျောက်....တော်နဲ့ကျုပ် ဒီနေ့ကစပြီး ဟောဒီ စိပ်ပုတီးနှစ်ကုံးကိုပဲ အဖော်ပြုကြစို့ရဲ့”

''မအိမ်မြိုင်... စိပ်ပုတီးတစ်ကုံးကို မင်းပဲယူသွားပါတော့....''

ဦးဘကျောက်က စိပ်ပုတီးလေးကို မအိမ်မြိုင် အခေါင်းတွင်း ထည့်ပေးလိုက်သည်။

(၃)

ရွာ၏ထုံးစံအတိုင်း ရက်မလည်ခင်အတွင်း မအိမ်မြိုင်တစ္ဆေကြောက်နေကြသည်။ အသုဘအိမ်မှ ဖဲရိုက်သံများကလွဲ၍ တစ်ရွာလုံး တံခါးပိတ်၊ မီးမှိတ်အိပ်ကုန်ကြပြီ။ မအိပ်သေးသော အိမ်တစ်အိမ်မှာ ရွာတောင်ပိုင်းက ကိုငွေသီး၏ အရက်ဆိုင် ဖြစ်သည်။
အရက်ဝိုင်းနှင့်ဝေးနေခဲ့သည်မှာ ကြာပြီဖြစ်သောဦးဘကျောက်တစ်ယောက် အရက်တစ်လုံးကို မော့သောက်နေဆဲ။

“ ဘကြီးကျောက် တော်ပါတော့ဗျာ များနေပြီ....လာပါ ကျုပ်တို့ပြန်လိုက်ပို့မယ် ”

“ ဟေ့..ဖိုးထောင်၊ မင်းတို့က ငါ အရက်ဖိုး မတတ်နိင်ဘူး ထင်လို့လား.... မနေ့တုန်းက ငမွဲဘကျောက် မဟုတ်တော့ဘူးကွ.... ဒီမှာကြည့်စမ်း, ငွေတွေ ”

ဦးဘကျောက်က ခါးပုံအတွင်းမှ ငွေများကို ဆုပ်ကာ ဖြန့်ကြဲပြလိုက်သည်။

“ ဒါတွေဟာ မအိမ်မြိုင်က ငါ့ကို ပေးသွားတာကွ....သူတစ်သက်လုံး အဆင်းရဲခံ၊ အပင်ပန်းခံခဲ့ပေမယ့် ဒီလောက်ငွေတွေ မရှိခဲ့ရဖူးဘူး.... ခုတော့ လူတွေက မအိမ်မြိုင်အတွက် ကုသိုလ်ဝင်တာတဲ့၊ ငွေတွေလာပေးကြတယ်....ဒါ လူတွေနားမလည်ကြလို့....ဒီငွေတွေ မအိမ်မြိုင် တစ်ပြားမှမသုံးရဘူး....အမှန်က ငါ့အတွက်၊ ဟောဒီ ငကျောက်အတွက် ”

ဦးဘကျောက်ကို ဖေးမရင်း ဖိုးထောင်တို့လူသိုက် ပြန့်ကျဲနေသော ငွေများကို ဦးဘကျောက် အိတ်ထောင်ထဲ ထိုးထည့်ကြသည်။ ဦးဘကျောက်က အိတ်ထောင်ကို လက်ဖြင့်ဖိရင်း

“ ဟေ့...မထည့်နဲ့ မထည့်နဲ့၊ ငါ့အတွက် ငွေမလိုဘူး... ငါ့တစ်သက်လုံး ငွေမရှိဘဲ နေလာခဲ့တာ ဘာမှမဖြစ်ဘူး...ငွေဟာ ဘာမှမဟုတ်ဘူး.... ငကျောက်အတွက် လိုနေတာ သတ္တိပဲဟေ့”

ဦးဘကျောက်သည် မတ်တပ်ရပ်ပြီး ပုဆိုးပြင်ဝတ်သည်။ ဖိုးထောင်တို့က ဘေးမှ ဝင်တွဲသည်။

“ မတွဲနဲ့၊ ငါ့ကို ဘယ်သူမှ မကိုင်နဲ့။ ငါပြန်နိင်တယ်။ သွားကြ ”

အော်ရင်းဟစ်ရင်း ရုန်းရင်းကန်ရင်းဖြင့် ဦးဘကျောက် အိမ်သို့ခြေလှမ်း သိုင်းကွက်နင်း၍ ပြန်ခဲ့သည်။ ည၏ အရောင်အောက်တွင် ရွာလမ်းတွေက မှောင်မည်းနေသည်။ အနှစ် ၆၀ ကျော် ခေါက်တုန့်ခေါက်ပြန် ဖြတ်သန်းခဲ့ရသော ရွာလမ်းတွေကို သူမမှားနိင်ပါ။

(၄)

ညလေအေးတို့က ဦးဘကျောက်ခေါင်းမှ ဆံပင်ဖြူများကို ဖွကြဲပစ်လိုက်သည်။ ရွာလယ်ညောင်ပင်ကြီးမှ သစ်ရွက်လေတိုးသံတို့ တရှဲရှဲမြည်နေသည်။ အမြင်ဝေဝါးနေသော်လည်း ညောင်ပင်ကြီးဆီသို့ ဦးဘကျောက် ရောက်လာခဲ့သည်။ ညောင်ရွက် အုံ့ဆိုင်းဆိုင်းအောက် တည့်တည့်ရောက်တော့ အမှောင်သည် ပို၍ နက်ရှိုင်း သွားသည်။ ညောင်မြစ်ကို ခလုတ်တိုက်စဉ် ကိုယ်ကို မဟန်နိင်ဘဲ လဲကျသွားသည်။ ကြိုးစား၍ ကုန်းအထမှာတော့ သူ့ရှေ့မှာ.....။

'မအိမ်မြိုင်'

ဦးဘကျောက် မျက်နာကို တဖြည်းဖြည်းမော့ကြည့်သည်။ အရိပ်အယောင်များ ထင်မြင်လာသည်။

“ တစ်ရွာလုံး မင်းကိုကြောက်လို့ ပုန်းအိပ်နေကြပေမဲ့ ငါမကြောက်ဘူး မအိမ်မြိုင်.... ငါ့ကို လာစကားပြောစမ်း”

ဦးဘကျောက်က ညောင်မြစ်ကြီးကို လက်ဖြင့်ဆွဲကုတ်ကာ အားယူထသည်။
စူးရှသော အလင်းတန်းတစ်ခုက သူ့မျက်နာပေါ်သို့ ဖြာကျလာသည်။

“ အဖေ ”

မောင်ပေါ်အသံပဲဖြစ်သည်။ မအိမ်မြိုင်မဟုတ်မှန်းတော့ ဦးဘကျောက် သိလိုက်သည်။ ထို့နောက် ဘာမျှမသိတော့ပါ။

မနက်လင်းတော့ ဦးဘကျောက် ခေါင်းတွေ အုံခဲနေသည်။ မျက်စိကို ဖွင့်လိုက်တော့ အလင်းရောင်ကြောင့် ကျိန်းစပ်သွားသည်။ လက်နှစ်ဖက်ဖြင့် မျက်နာအုပ်ကာ ခေတ္တငြိမ်နေလိုက်သည်။ ရင်ထဲမှာ ဟာတာတာဖြင့် မောချင်သလိုလို ဖြစ်နေမိသည်။ နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့သော လယ်ထွန်ယောကျာ်း ဦးဘကျောက်၏ သံတုံးသံခဲလို မာကျောသော ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေနေသည်။

“ မိသင်း... နင်တို့ သိပ်အဆင်မပြေဘူးဆို ငါကြားပါတယ်.... အခုနင့်ယောကျာ်း ဘာလုပ်နေလဲ”

“ ဒီလိုပါပဲ အစ်ကိုရယ်....သစ်စက်ထဲ အလုပ်ဆင်းလိုက် ကုန်ထမ်းလိုက်နဲ့ ရရစားစားပါပဲ”

ဦးဘကျောက်နားထဲသို့ တိုးဝင်လာသော မောင်ပေါ်နှင့် မိသင်းတို့ အသံ။

“ငါတို့လည်းသိပ်မချောင်လည်ပါဘူးဟာ....အခု ငါ့သမီးအကြီးလေးဆိုဘူတာထဲ ဈေးရောင်းလွှတ်ထားရတယ်.... ကလေးတွေအမေက မနှစ်က ဆေးရုံတင်လိုက်ရတော့ အကြွေးတွေ တင်နေတာ ”

ဦးဘကျောက် ရင်တွေခုန်လာသည်။ သူ့သားနဲ့သမီး မြို့မှာ ဘယ်လိုရုန်းကန်နေရသလဲ သူတစ်ခါမှ မမေးမြန်း မစုံစမ်းခဲ့ပါ။ အဖေ အမေကို ပစ်ထားရက်သော၊ မိဘပစ္စည်းကို လက်ဖြန့်တောင်းရက်သော သူတို့နှစ်ယောက်ကို စိတ်မှာအနာကြီး နာနေခဲ့မိသည်။ မိဘထံမလာသော သားသမီးများဆီသို့ မသွားရန် မအိမ်မြိုင်ကို သူ ပိတ်ပင်ခဲ့သည်။ သို့သော် မေတ္တာတရားက ပိတ်ပင်၍မရပါ။ နေ့စဉ်နှင့်အမျှ မျက်ရည် တစမ်းစမ်းဖြင့် မအိမ်မြိုင် သားသမီးတွေကို မျှော်နေခဲ့ရှာသည်။

ဦးဘကျောက်မျက်စိထဲတွင် ငယ်စဉ်က သူတို့မိသားစုလေး၏ ပုံရိပ်များကို ပြန်မြင်မိသည်။ မိသင်းကို ပခုံးမှာထမ်း၊ မောင်ပေါ်ကို လက်မှဆွဲကာ ပွဲကြည့်သွားခဲ့ကြပုံတွေ၊ သူတို့ထွန်တဲ့ယက်တဲ့အနီးမှာ ဆော့ကစားခဲ့ကြသော သားလေးနဲ့သမီးလေးကိုကြည့်ရင်း ပီတိဖြစ်ခဲ့ရပုံတွေ၊ အရွယ်ရောက်၍ တစ်အိုးတစ်အိမ် ထူထောင်ကြပြန်တော့ လယ်တစ်ကွက်စီ အမွေပေးခဲ့ရပုံတွေ၊ မိုးတော်ရေတော် မမှန်တာကြောင့် သီးနှံထွက်ဖျင်းခဲ့ပုံတွေ၊ လယ်တွေရောင်းပြီး သူတို့မောင်နှမ မြို့တက်သွားကြပုံတွေ၊ မြို့မှာအဆင်မပြေတိုင်း မိဘဆီပြန်ပြေးလာကာ လက်ဖြန့်တောင်းခဲ့ကြပုံတွေ.....။

ခုတော့ အားလုံးပြီးဆုံးသွားခဲ့ပြီ။ တကယ်ပင် ဘာမှပြန်တွေးစရာမရှိတော့။
ဦးဘကျောက် ခေါင်းထဲ မူးဝေနောက်ကျိလာပြန်သည်။ ရင်ထဲမှာ တလှပ်လှပ်နှင့် လစ်ဟာနေလေသည်။ သူ့မှာဘာမျှ မခံစားနိင်တော့။ မခံစားချင်တော့။

“ အဖေ နိုးပြီလား...ထနိင်လား...ကျွန်တော်ထူပေးမယ် ”

မောင်ပေါ်က ဦးဘကျောက်ကို ပွေ့ထူသည်။ မိသင်းက ခြေရင်းမှာထိုင်ရင်း သူ့မျက်နာကို မရဲတရဲ လှမ်းကြည့်ရှာသည်။ နွမ်းပါးညှိုးငယ်နေသော သားနှင့်သမီးအပေါ် ဘာအာဃာတမှ မထားရက်တော့ပါ။ သူတို့မှာ အပြစ်မရှိပါဘူး။ ဦးဘကျောက် အသက်ကိုအောင့်ပြီးမှ လေတွေ တစ်ဝကြီး ရှူသွင်းလိုက်သည်။

“ အဖေ နေကောင်းပါတယ်ကွာ ”

“ အဖေ ထမင်းစားမှာလား။ ကျုပ်ခူးလိုက်မယ်နော် ”

အမှန်တကယ်တော့ ဦးဘကျောက် ရေပင်သောက်ချင်စိတ်မရှိပါ။ ရင်ထဲမှာ ကြည်နူးမှုလေးတွေ ဖြန့်စီးလာသည်။ သူ့မှာ သားနဲ့ သမီး ရှိနေတာပဲလေ။ အားတက်သရော ဦးဘကျောက် ခေါင်းကို ညိတ်ပြလိုက်တော့သည်။

(၅)

ရက်လည်ပြီးနောက်တစ်နေ့တွင် မောင်ပေါ်တို့ ပြန်ဖို့ ပြင်ကြသည်။ သူ့ကို ထိုင်ကန်တော့နေကြသော သားနှင့်သမီး မြေးလေးတွေကို ကြည့်ရင်း ဦးဘကျောက် စိတ်မကောင်းဖြစ်ရသည်။

“ သာဓုကွယ်....သာဓု...သာဓု....ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ.... ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းကြပါစေ... ဥမကွဲ သိုက်မပျက် အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ် ”

မိသင်းက သူ့ခြေသလုံးကို ဖက်၍ ငိုသည်။ မောင်ပေါ်က

“ အဖေ့ကို ကျွန်တော်တို့ ပစ်မထားပါဘူး....ဟိုမှာ ကျွန်တော်အဆင်ပြေတဲ့တစ်နေ့ လာခေါ်ပါ့မယ် အဖေ”

ဦးဘကျောက်ရင်ထဲမှာ ကျင်ခနဲ နာသွားသည်။ အသည်းများ တဆတ်ဆတ် တုန်ခါနေသည်။

“ အေးကွယ်....အဖေမျှော်နေပါ့မယ် ”

ဦးဘကျောက်နှုတ်မှ မျှော်နေမယ်ဟု ပြောလိုက်သော်လည်း သူဘယ်တော့မှ လိုက်မည်မဟုတ်ပါ။ မအိမ်မြိုင်ကဲ့သို့ပင် သူ ရဲရင့်စွာ ရွာမှာပဲ သေမည်။

“ မင်းတို့ကို ပေးလိုက်စရာ အဖေ့မှာ ဘာမှတော့ မရှိပါဘူး....မိသင်း , နင့်အမေ အဝတ်အစားတွေ အကုန်ယူထည့်သွား....မောင်ပေါ်, ရော့... ဒါ အဖေငယ်ငယ်တုန်းက ဘုန်းတော်ကြီးပေးခဲ့တဲ့ ဓါတ်လုံးလက်စွပ်.... ဒါတွေဟာ အဖေတို့ရဲ့ နောက်ဆုံးအမွေပါပဲ”

မောင်ပေါ်တို့ကို ရွာအထွက်ထိ သူလိုက်ပို့သည်။ ဧည့်သည်တွေ....လာပြီး ပြန်ကြသည်။ တဲကိုပြန်ရောက်တော့ ဦးဘကျောက် တစ်ယောက်တည်း ထီးတည်းပင်။ မောသလိုလိုရှိလာသည်မို့ ရေအိုးစင်သို့ လျှောက်သွားလိုက်သည်။ သောက်ရေစင်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားသော အုန်းမှုတ်ခွက် အရိုးလေးကို လှမ်းကိုင်လိုက်စဉ်မှာ ဖျတ်ခနဲ မအိမ်မြိုင်ကို သတိရလိုက်မိသည်။

“ကိုကျောက်၊ ကျုပ် ဖလားတွေနဲ့ ရေမသောက်တတ်ဘူး.... အုန်းမှုတ်ခွက်လေးကို အရိုးတပ်ပေးတော့်....အုန်းမှုတ်ခွက်နဲ့ သောက်လိုက်ရမှ ရေဝတယ်ထင်တာတော့်”

ရေမသောက်တော့ဘဲ အုန်းမှုတ်ခွက်လက်ကိုင်ရိုးလေးကို ပြန်လွှတ်လိုက်သည်။
မွန်းကျပ်သလိုလို ရှိပြန်သည်မို့ တစ်ဖက်သို့ လှည့်လိုက်တော့ တဲထောင့်မှ သစ်စေးသုတ် ခံတောင်းလေးကို မြင်လိုက်ရသည်။ သူ့အတွက် ပြောင်းဖူးဖက်လိပ်ကို မနားတမ်း လိပ်ပေးခဲ့သော မအိမ်မြိုင်ရဲ့ ဆေးတောင်းလေး။

နေရာအနှံ့အပြားတွင် ကွက်လပ်များ ဖြစ်နေသည်။ ထိုကွက်လပ်များထဲတွင် မအိမ်မြိုင်၊ မောင်ပေါ်၊ မိသင်းတို့၏ ပုံရိပ်ယောင်များ ရှိသည်။

“ သြော်... မအိမ်မြိုင်ရယ်.....မင်း အရင်သေသွားတာ ကံကောင်းလိုက်တာ ”

ဦးဘကျောက်သည် မတည်ငြိမ်သော သူ့စိတ်နှလုံးသားကို တည့်မတ်ဖို့ ကြိုးစားနေမိသည်။
ဘုရားစင်မှာ ချိတ်ဆွဲထားသော စိတ်ပုတီးလေးကတော့ တစ်ကုံးတည်း ငြိမ်သက်လျက်....။

ခင်ခင်ထူး

ရွှေအမြုတေမဂ္ဂဇင်း မတ်လ ၁၉၉၆
(ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ)

No comments:

Post a Comment

Recent Post