Latest News

Sunday, February 12, 2017

ထရန့်၏ တုံ့ပြန်မှုကို စမ်းသပ်ရန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

ထရန့်၏ တုံ့ပြန်မှုကို စမ်းသပ်ရန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၁၂ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကမူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သည် အဓိကမဟာမိတ် ဂျပန်အတွက် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

မြောက်ကိုရီးယား၏ ယင်းဒုံးကျည်စမ်းသပ်မှုသည် ထရန့်သမ္မတဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။          မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း မြောက်ပြုံဂမ်ပြည်နယ်ထဲမှ ဘန်ဂျွန်းလေဆိပ်တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၅ မိနစ်က ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဒုံးကျည်သည် ကီလိုမီတာ ၅၀၀ (၃၁၀ မိုင်) အထိ ပျံသန်းခဲ့ပြီးနောက် ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ထဲသို့ ကျသွားကြောင်း၊ ဒုံးကျည်အမျိုးအစားကိုမူ မသိရသေးကြောင်း ၀န်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုသည်။

“မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေ မြှင့်တင်နေတဲ့သူ့ကို တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်လာအောင် ရည်ရွယ်ပြီး ကနေ့ ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် အစိုးရအဖွဲ့ရဲ့ တုံ့ပြန်မှုကို စမ်းသပ်လိုတဲ့အတွက် လက်နက်နဲ့ ရန်စတာဖြစ်တယ်လို့လည်း သုံးသပ်နိုင်ပါတယ်” ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။

ထိုစမ်းသပ်မှုသည် ၀ါရှင်တန်သို့ ဂျပန်ဝန်ကြီးချုပ်အာဘေး ရောက်နေချိန်နှင့်လည်း တိုက်ဆိုင်နေရာ ထရန့်က ၎င်း၏ အဓိက အာရှမဟာမိတ် ဂျပန်၏ လုံခြုံရေး အာမခံပေးခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ “အမေရိကန် ပြည်ထောင်စုဟာ သူ့ရဲ့မဟာမိတ်ဂျပန်ရဲ့ အနောက်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ရပ်တည်ပေးနေတယ်ဆိုတာ အားလုံးသဘောပေါက် သိရှိစေလိုပါတယ်” ဟု ထရန့်က ပြောကြားခဲ့ပြီး အသေးစိတ်ထပ်မံ ရှင်းလင်းခြင်း မပြုခဲ့ပေ။ ဂျပန်ဝန်ကြီးချုပ် အာဘေးကမူ ထိုဒုံးကျည်စမ်းသပ်မှုသည် လုံးဝသည်းခံနိုင်စရာမရှိဟု ရှုတ်ချပြောကြားခဲ့သည်။

ယခုပစ်လွှတ် စမ်းသပ်ခဲ့သည့် ဒုံးကျည်အမျိုးအစားသည် တာဝေးပစ်မဖြစ်နိုင်ဟု တောင်ကိုရီးယား စစ်တပ်အရာရှိတစ်ဦးက ဆိုခဲ့ပြီး မြောက်ကိုရီးယား၏ တာတိုပစ်ရို ဒေါင်ဒုံးကျည်ကိုသာ အဆင့်မြှင့်ထားသည့် ဒုံးကျည်ဖြစ်လိမ့်မည်ဟု ဆိုသည်။

ဆိုးလ်မြို့ အခြေစိုက် ကျွမ်းကျင်သူ ယန်မိုဂျင်ကမူ ယခုစမ်းသပ်မှုသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်မည့် မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပစ်လွှတ်ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

Refး AFP

Sources : Eleven Media Group

No comments:

Post a Comment