Latest News

Sunday, February 26, 2017

မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုများကို ရှောင်ကွင်းရန် အရှိန်မြှင့် ကြိုးပမ်းနေ

မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုများကို ရှောင်ကွင်းရန် အရှိန်မြှင့် ကြိုးပမ်းနေ


ကြားခံလူများ၊ ဟန်ပြကုမ္ပဏီများ အထူးသဖြင့် တရုတ်နှင့် မလေးရှားမှ ကုမ္ပဏီများကို မှီခို၍ ကုန်သွယ်ရေး တားမြစ်မှုများကို တိမ်းရှောင်ရန် မြောက်ကိုရီးယားက ကြိုးပမ်းလာနေကြောင်း ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အေအက်ဖ်ပီက ရရှိခဲ့သည့် စာမျက်နှာ ၁၀၀ ပါ ယင်းအစီရင်ခံစာတွင် မြောက်ကိုရီးယား၏ ယမန်နှစ်က နျူကလီးယားနှစ်ကြိမ် စမ်းသပ်မှုနှင့် ဒုံးပျံ ၂၆ ကြိမ် ပစ်လွှတ်မှုတို့ကြောင့် ပြုံယမ်းသည် ဖျက်အားပြင်း လက်နက်များအတွက် နည်းပညာဆိုင်ရာ ဖြတ်သန်းမှုအဆင့်တစ်ခုကို ရောက်ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုသစ်များ ပြဋ္ဌာန်းသည့် ဆုံးဖြတ်ချက်နှစ်ခုကို ထောက်ခံအတည်ပြုခဲ့ပြီး မြောက်ကိုရီးယား၏ တွင်းထွက်တင်ပို့မှုများကို ပိတ်ပင်ခဲ့သည်။ ထို့ပြင် ဘဏ်လုပ်ငန်းဆိုင်ရာ တားမြစ်မှုများလည်း ချမှတ်ခဲ့သည်။ သို့သော်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် အကောင်အထည်ဖော်မှုတွင် မညီမညွတ်နှင့် မလုံမလောက်ဖြစ်နေဆဲဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်အစိုးရ၏ နိုင်ငံခြားဝင်ငွေကို လျော့ကျရန်ရည်ရွယ်၍ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း မြောက်ကိုရီးယား၏ ရှုပ်ထွေးကျယ်ပြန့်သည့် နည်းဗျူဟာများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ လိုက်နာမှု အားနည်းချက်များကြောင့် ဆုံးဖြတ်ချက်များ၏ သက်ရောက်မှုသည် အားပျော့နေကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ချခဲ့သည်။

အဖွဲ့ဝင် ၁၉၂ နိုင်ငံအနက် ၇၆ နိုင်ငံကသာ ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂက တင်ပြထားသည်။ ပြုံယမ်း၏ အဓိက ကုန်သွယ်ဘက်ဖြစ်သော တရုတ်က ယခုနှစ်၏ ကျန်ကာလများတွင် မြောက်ကိုရီးယား မှ ကျောက်မီးသွေး တင်ပို့မှုအားလုံးကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။

ယမန်နှစ် ဇူလိုင်လက တရုတ်မှ ပေးပို့ခဲ့သော မြောက်ကိုရီးယား စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများကို အမည်မဖော်လိုသော နိုင်ငံတစ်နိုင်ငံ၌ ကြားဖြတ်တားဆီးခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ပြောကြားခဲ့သည်။ ယင်းကိရိယာများကို  မြောက်ကိုရီးယား၏ Pan Systems ကုမ္ပဏီအတွက် ဆောင်ရွက်ပေးနေသည့် မလေးရှားအခြေစိုက် ကုမ္ပဏီ Glocom က ရောင်းချခဲ့ခြင်း ဖြစ်သည်။ Pan Systems ကို မြောက်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ကွပ်ကဲနေသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက ဆိုသည်။

ယင်းဖြစ်စဉ်က မြောက်ကိုရီးယား၏ ပိတ်ဆို့အရေးယူမှု ရှောင်လွှဲသည့် နည်းလမ်းများ ပို၍အဆင့်မြင့်လာနေကြောင်းကို ထင်ရှားစေခဲ့သည်။ မြောက်ကိုရီးယားသည် တတိယနိုင်ငံတစ်ခုတွင် ကုမ္ပဏီ တည်ထောင်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းကာ နိုင်ငံအများအပြား၌ အဆင့်မြင့်လက်နက်နှင့် အခြားဆက်စပ် ပစ္စည်းများကို ရောင်းချနိုင်စွမ်းရှိကြောင်း အစီရင်ခံစာက ပြောကြားခဲ့သည်။ ယမန်နှစ် သြဂုတ်က သံရိုင်း ၂ ဒသမ ၃ တန်နှင့် အာရ်ပီဂျီ  ၃၀၀၀ ကို သယ်ဆောင်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော jie shun ကို အီဂျစ်တွင် ဖမ်းဆီးရမိခဲ့သည်။ ယင်းသင်္ဘော၏ နောက်ဆုံး ဦးတည်နေရာကို အစီရင်ခံစာက မဖော်ပြခဲ့ပေ။

မြောက်ကိုရီးယားလုပ် လက်နက်များကို ရေအောက်သုံး ပန့်များအတွက် အစိတ်အပိုင်းများဟု ကုန်တင်စာရင်းက လိမ်လည်ဖော်ပြခဲ့ပြီး ယင်းသင်္ဘောသည် တရုတ်မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုတွင် ပါဝင်သော မြောက်ကိုရီးယား၏ ကုမ္ပဏီများနှင့် ဘဏ်များသည်အတွေ့ကြုံ ကြီးမားသော အေးဂျင့်များကို အသုံးပြုပြီးငွေ၊ လူနှင့် ကုန်စည်များကို နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းရန် ဆက်လက်ဆောင်ရွက်နေကြောင်း အစီရင်ခံစာက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဘဏ်များသည် နိုင်ငံခြားကုမ္ပဏီများနှင့် မိတ်ဖက်ပြုထားပြီး နိုင်ငံခြားသားများကို ကြားခံ၍ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုးပမ်းနေကြောင်း အစီရင်ခံစာက ဆိုခဲ့သည်။


Ref: AFP


Eleven Media Group

No comments:

Post a Comment