သစ်တန်ချိန် ၈၈၀ ကျော်တရားမဝင် ခိုးထုတ်မှု အဓိကတရားခံတွေ လွတ်မြောက်နေ
တရားမ၀င်သစ်တန်ချိန် ၈၈၀ ကျော်ခိုးထုတ်မှုမှာ ပတ်သက်နေသူ ၁၇ဦး ရှိတဲ့အထဲက သုံးဦးမှာ ဒီနေ့အချိန်အထိ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သူ သုံးဦးအပါအ၀င် စုစုပေါင်း၁၇ ဦးကို သစ်တောဦးစီးဌာနက သစ်တောဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
‘‘ဖမ်းခံရသူတွေပေးတဲ့လက် ကိုင်ဖုန်းတွေနဲ့ နေရပ်လိပ်စာတွေ စစ်ဆေးတယ်။ မတွေ့ဘူး။ လက်ကိုင်ဖုန်းတွေ ပိတ်ထားတယ်။ အချိန်အတိုင်းအတာ တစ်ခုထိမဆက်သွယ်ဘူးဆိုင်တော့ ရဲကသူတို့ကို တရားခံပြေးအဖြစ်သတ်မှတ်တော့မယ်’’လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသူ သုံးဦးက မြန်မာစက်မှုဆိပ်ကမ်းနဲ့ မြို့နယ်သုံးမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရားမ၀င်သစ်ခိုးထုတ်မှုမှာ အဓိကပါဝင်ပတ်သက်သူတွေဖြစ်ပြီး သစ်တောဦးစီးဌာနက တရားစွဲဆိုထားတဲ့ ၁၇ ဦးအပြင် အခြားနောက်ကွယ်ကနေ ကြိုးကိုင်သူတွေရှိနိုင်လို့ သစ်တောဦးစီးဌာနက သစ်ခိုးထုတ်တဲ့ဂိုဏ်းအဖြစ် သတ်မှတ်ထားပါတယ်။
ကျပ်သိန်း ၂၆,၀၀၀တန်ဖိုးရှိ တရားမ၀င်သစ်တန်ချိန် ၈၈၀ ကျော်သစ်ခိုးထုတ်မှုတစ်ခုလုံးနဲ့ ပါဝင်ပတ်သက်သူ ဦးဝင်းကြိုင်၊ ဦးထွန်းထွန်း၊ မျိုးမင်းထွန်း(ခေါ်) ကိုမျိုး(ခေါ်) အောင်မျိုးဦးတို့သုံးဦး စလုံးက သစ်တွေထားတဲ့ ခြံဝင်းတွေငှားရမ်းရာမှာ မိမိကိုယ်တိုင်(သို့မဟုတ်) အသိသက်သေအဖြစ် ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။
‘‘ဂိုဏ်းဖွဲ့ပြီး လုပ်တဲ့သစ်ခိုး မှုလို့ပြောလို့ရပါတယ်။ ထွက်ပြေး တိမ်းရှောင်နေတဲ့ သုံးဦးစလုံးက ငှားရမ်းတဲ့နေရာမှာ ပိုင်ရှင်မဟုတ် ရင်အသိသက်သေအဖြစ် ပါနေတယ်။ အတိအကျတော့ စစ်ဆေးမှသိရမှာပါ’’လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။
မြန်မာစက်မှုဆိပ်ကမ်းမှာဖမ်းမိတဲ့ သစ်ခွဲသား ကွန်တိန်နာ(၂)မှာ ပါဝင်ပတ်သက်သူ လေးဦး၊ ကွန်တိန်နာ ၁၁ ဖမ်းဆီးရမှုမှာ တစ်ဦး၊ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ သစ် ၅၇၁ တန်မှာ ပါဝင်ပတ်သက်သူ ငါးဦး၊ ရွှေပြည်သာစက်မှုဇုန် တရားမ၀င်သစ်ဖမ်းဆီးရမှုမှာ ပါဝင်သူလေးဦးနဲ့ လှိုင်သာယာစက်မှုဇုန် တရားမ၀င်သစ်ဖမ်းဆီးမှုမှာ ပါဝင်သူသုံးဦးတို့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သတ်နေတဲ့ မန်နေဂျာအဆင့်ရှိသူ၊ ခြံပိုင်ရှင်၊ အဆောက်အအုံငှားရမ်းသူနဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သစ်ပိုင်ရှင်လို့ ယူဆရသူတွေနဲ့ ပြည်ပအချိတ်အဆက်ရှိတဲ့သူသုံးဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
Source : 7DayDaily
===========
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment