Latest News

Monday, February 27, 2017

ကြံခင်းအကောက်တောင်ဘုရားသို့ နွေရာသီတွင် ဆင်များဖြင့် သွားရောက်လည်ပတ်နိုင်ရန် စီစဉ်နေ

ကြံခင်းအကောက်တောင်ဘုရားသို့ နွေရာသီတွင် ဆင်များဖြင့် သွားရောက်လည်ပတ်နိုင်ရန် စီစဉ်နေ


ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ အကောက်တောင်ဘုရားသို့ နွေရာသီကာလတွင် လာရောက်မည့် ဘုရားဖူးခရီးသွားများအနေဖြင့် ဘုရားတည်ရှိရာ တောင်ပေါ်မှ ထင်ရှားသည့် နေရာများအား ဆင်ဖြင့် လည်ပတ် ကြည့်ရှုနိုင်စေရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။

အကောက်တောင်ဘုရားသို့ လာရောက်သည့် ဧည့်သည်များအနေဖြင့် ဘုရားများတည်ရှိရာတောင်ပေါ်ရှိ ဦးပွား သိုက်စခန်း၊ ရေတံခွန်နှင့် နတ်ရေကန်များအပါအ၀င် အခြား ထင်ရှားသည့် နေရာ၊ ရှုခင်းများကို ဆင်များနှင့် လည်ပတ်ကြည့်ရှုခြင်း၊ ဆင်နှင့်အတူ ရေချိုးနိုင်ခြင်း၊ ဆင်များ၏ လိမ္မာယဉ်ကျေးမှုစွမ်းရည်များကို ကြည့်ရှုနိုင် ခြင်း၊ ဆင်များကို အစာကျွေးခြင်းနှင့် ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်နိုင်စေရန် မြန်မာသစ်ထုတ်လုပ်ရေးလုပ်ငန်းမှ အသက် (၇)နှစ် အရွယ် ၀န်တင်ဆင်များကို မတ်လ၊ ဧပြီလနှင့် မေလများတွင် ငှားရမ်းသွားနိုင်ရန် စီစဉ်ထား ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ကြံခင်းမြို့မှ (၁၇)မိုင် (၄)ဖာလုံအကွာတွင် ရှိနေသော အကောက်တောင်ဘုရားများသည် လမ်းခရီးကြမ်းတမ်းမှု ကြောင့် ကြံခင်းမြို့မှ တစ်ဆင့် သွားရောက်သော ဘုရားဖူးခရီးသည် နည်းပါးပြီး ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုမြို့မှ တစ်ဆင့် လာရောက်ကြကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ကြံခင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အကောက်တောင်နံရံကပ်ဘုရားများသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအကြားတည်ရှိပြီး အေဒီ (၁၇) ရာစုခန့်က အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်သို့ ကုန်ကူးသော ကုန်သည်လှေများကို အခွန်ကောက်ခံရာ အကောက်စခန်းတစ်ခု ဖြစ်ခဲ့ပြီး လှေထိုးသားများ မိုးရာသီတွင် နားခိုရာ နေရာလည်း ဖြစ်ခဲ့ကြောင်း၊ လှေထိုးသားများမှ မိမိတို့ ဘ၀အသက်မွေးဝမ်းကျောင်းအတွက် ခက်ခဲကြမ်းတမ်း ပင်ပန်းစွာ ရှာဖွေစားသောက်ရသည်ကို နောက်လူများ မကြုံရစေရန် ဆုတောင်းကာ ကျောက်နံရံများပေါ်တွင် ရုပ်ပွားတော် များ ထွင်းထုပူဇော်ထားရှိခဲ့ကြခြင်း ဖြစ်ကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရ သိရပြီး လက်ရှိအချိန်တွင် နံရံကပ်ဘုရား ၂၇၄ ဆူသာ မပျက်စီးဘဲ ကျန်တော့သည်ဟု ဆိုသည်။

The Myanmar Times

No comments:

Post a Comment