Latest News

Saturday, February 11, 2017

အမေရိကန် - ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်းလုံခြုံရေး နှင့် စီးပွားရေးကဏ္ဍများ ဆွေးနွေး

အမေရိကန် - ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်းလုံခြုံရေး

နှင့် စီးပွားရေးကဏ္ဍများ ဆွေးနွေး


ဝါရှင်တန် ဖေဖော်ဝါရီ ၁၁

အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက် ပထမအကြိမ်အမေရိကန်-ဂျပန်ထိပ်သီးအစည်းအဝေး၌ သမ္မတ ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က နှစ်နိုင်ငံဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများကို ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း ယနေ့သတင်းများအရ သိရသည်။

အဆိုပါထိပ်သီးအစည်းအဝေးပွဲကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ကျင်းပခဲ့သည်။

အမေရိကန်နှင့်ဂျပန်နှစ်နိုင်ငံမဟာမိတ် ဆက်ဆံရေး ခိုင်မြဲမှုကြောင့် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လွတ်လပ်မှုရရှိရေးကို အထောက်အပံ့ပေးသည့် ရလဒ်ကောင်းများ ပေါ်ထွန်းနိုင်စေကြောင်း အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အမေရိကန်စစ်တပ်က ဂျပန်နိုင်ငံအား ကာကွယ်ရေးကဏ္ဍတွင် အင်အားပြည့် ပါဝင်ကူညီထောက်ပံ့ပေးမည်ဖြစ်သည်ဟု အဆိုပါသတင်း ထုတ်ပြန်ချက် က ဖော်ညွှန်းလျက်ရှိသည်။ အမေရိကန် နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသ တွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေး ကဏ္ဍများကို မြှင့်တင် မည်ဖြစ်သည်။

အစည်းအဝေးတွင် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးများ ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပင်လယ်ရေကြောင်းဆိုင်ရာ နယ်နိမိတ်သတ်မှတ်မှု အရေးကိစ္စများတွင် နိုင်ငံ တကာ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခေါင်းဆောင်နှစ် ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။ ထို့ပြင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း တို့ဖြင့် ပိုင်ဆိုင်မှုနယ်နိမိတ်များ ရယူခြင်း နည်းလမ်းကို ဆန့်ကျင်ကြောင်း ခေါင်းဆောင်နှစ်ဦးက ဆိုသည်။

တောင်တရုတ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုနှင့်ပတ်သက်ပြီး နိုင်ငံအချင်းချင်း တင်းမာမှုများဖြစ်ပေါ်စေသည့် လုပ်ရပ်များကို ရှောင်ရှားရန် ပါဝင်ပတ်သက် သည့် နိုင်ငံများအား ခေါင်းဆောင်နှစ်ဦးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးက ဂျပန်နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် Marine Corps Futenma လေတပ် စခန်းအား ပြန်လည်ပြောင်းရွှေ့ရေးကိစ္စကို အတည်ပြု ဆွေးနွေးခဲ့ကြသည်။

ပြုံယမ်း၏ နျူကလီးယား ဒုံးလက်နက်ဖွံ့ဖြိုးရေး အစီ အစဉ်များကို ရပ်တန့်နိုင်ရန် ခေါင်းဆောင်နှစ်ဦးက မြောက်ကိုရီးယားအား တိုက်တွန်းပြောကြားခဲ့သည်။

နှစ်နိုင်ငံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး၊ငွေကြေးကဏ္ဍနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ မူဝါဒများအပေါ် ကိုင်တွယ် ဖြေရှင်းရာတွင် အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံစီးပွားရေးအကျိုးရလဒ်များ ထွက်ပေါ် လာစေရေးအတွက် အမေရိကန်-ဂျပန်စီးပွားရေးဆွေးနွေး ပွဲတစ်ရပ် ကျင်းပနိုင်ရေး ခေါင်းဆောင်နှစ် ဦးက ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

ယခုနှစ်အတွင်း သမ္မတဒေါ်နယ်ထရန့်အား ဂျပန်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဖိတ်ကြားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အင်န်အိတ်ခ်ျကေ

Sources : ပြန်/ဆက်

No comments:

Post a Comment