ရန်ကုန်လေဆိပ် လုံခြုံရေး အဆင့်မြှင့်မည်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံခံရပြီး နှစ်ရက်အကြာ အဆိုပါ လေဆိပ်ပရိဝုဏ်အတွင်း လုံခြုံရေး စစ်ဆေးကြပ်မတ်မှုများကို အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးကိုနီသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာအတွင်း လုပ်ကြံခံရ၍ သေဆုံးခဲ့ပြီးနောက် ယခုကဲ့သ လေဆိပ်ဧရိယာ ဝင်ပေါက်များကို လုံခြုံရေး အဆင့်မြှင့်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“အခုဖြစ်ခဲ့တဲ့နေရာက ဘယ်လိုမှ မမျှော်မှန်းနိုင်တဲ့ နေရာမှာ ဖြစ်ခဲ့တာပါ၊ အချိန်ကိုက် ဖြစ်ခဲ့တာပါ။ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတို့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ ဖြစ်သွားတာပါ။ နောက်ထပ် ထပ်မဖြစ်ဖို့ လုံခြုံရေးအပိုင်းကို ဒီထက်တင်းကျပ်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ အဲ့အခါကျရင်လည်း လူထုက နားလည်ပေးရလိမ့်မယ်။ အဲ့ကျမှ လုံခြုံရေးကို တင်းကျပ်တယ်ဆိုပြီး ပြောလို့မရဘူး” ဟု ဦးရဲထွဋ်အောင်က ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်ဧရိယာများအတွင်း လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်သည့် အနေနှင့် ဧရိယာ ဝင်ထွက်ပေါက်များတွင် ကားရပ်၍ ခရီးသည်များကို စစ်ဆေးခြင်း၊ လေဆိပ်ဧရိယာအတွင်း လက်နက်ကိုင် လုံခြုံရေးအဖွဲ့များ ထားရှိခြင်းနှင့် ကင်းလှည့်ခြင်း၊ လုံခြုံရေးဆိုင်ရာ ဝန်ထမ်းများကို ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ အဆင့်မြင့်သင်တန်းများ ထပ်မံပို့ချခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
“လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေတဲ့ ခရီးသွားတစ်ယောက် အနေနဲ့ လေဆိပ်တွေမှာ လုံခြုံရေးတွေ တအားတင်းကျပ်နေတာကို မကြိုက်ပါဘူး၊ မကြိုက်ပေမယ့် လုံခြုံရေး တင်းကျပ်မှုနဲ့ စည်းစနစ်ကျကျ လုံခြုံရေး ဆောင်ရွက်မှုတွေရှိဖို့ လိုအပ်ပါတယ်။ သူများနိုင်ငံက လေဆိပ်တွေမှာဆိုရင် လုံခြုံရေးတွေကို အမြဲတွေ့နေရတာ မဟုတ်ပေမယ့် တစ်ခုခုဖြစ်မယ့် အရိပ်အယောင် ပေါ်တာနဲ့ ချက်ချင်း ထွက်လာတာပါ။ အဓိကကတော့ စနစ်ကျတဲ့ လုံခြုံရေးစနစ်တွေရှိဖို့ လိုပါတယ်” ဟု Nature Dream ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုံခြုံရေးကို လက်ရှိတွင် မြန်မာနိုင်ငံ လေကြောင်းရဲတပ်ဖွဲ့နှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ အဓိက တာဝန်ယူထားပြီး လေဆိပ်ဆိုင်ရာ လုံခြုံရေးစနစ်များကို ၂၀၁၆ ခုနှစ် ဩဂုတ်လက ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
“တခြားနိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ လေဆိပ်လုံခြုံရေးစနစ်က အများကြီး လိုအပ်နေပါသေးတယ်။ လေကြောင်းလိုင်းအ သီးသီးက ကိုယ်ပိုင်ခရီးသည် လုံခြုံရေးစနစ်တွေ ရှိပေမယ့် လေဆိပ်တစ်ခုလုံးကို တာဝန်ယူထားတဲ့ ပုဂ္ဂလိကကုမ္ပဏီ အနေနဲ့ ဒီထက်ပိုပြီး လုံခြုံရေးကို စနစ်ကျသင့်ပါတယ်” ဟု ပြည်တွင်း၊ ပြည်ပ ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ခု ရှိသည့်အနက် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခု အပါအဝင် လေဆိပ်ပေါင်း ၃၁ ခုသာ အဓိက အသုံးပြုလျက် ရှိသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment