Latest News

Thursday, February 2, 2017

အများပြည်သူ အပန်းဖြေရာနေရာတွင် အရက်သောက်စားမှုဖြင့် လူငယ် ၉ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲမည်

အများပြည်သူ အပန်းဖြေရာနေရာတွင် အရက်သောက်စားမှုဖြင့် လူငယ် ၉ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲမည်


ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း (ရူခင်းသာလမ်း)တွင် အရက်သေစာသောက်စားမှုဖြင့် ဖမ်းဆီးခံရသော  လူငယ် ၉ ဦးအား ရာဇာသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လူငယ် ၉ ဦးကို ဇန်န၀ါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အာမခံပေးထားကြောင်း စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ စခန်းမှူးတဦးဖြစ်သူ ဒုရဲမှူးရန်နောင်လတ်က ပြောသည်။

ဒုရဲမှူးရန်နောင်လတ်က “ အများပြည်သူအပန်းဖြေတဲ့နေရာမှာ အရက်ဝိုင်းဖွဲသောက်စားတာတွေ ကိုမလုပ်ဖို့ မြို့နယ် ထွေအုပ်က အမိန့်ထားတယ်။ လိုက်နာမှု မရှိသူတွေကိုတော့ ပထမ ပညာပေးအနေနဲ့ဖမ်းပြီး မိဘမောင်နှမ လက်ထဲကို ပြန်လွှဲပေးလိုက်တယ်။ ဒီလိုမျိုးပညာပေးတာ အကြိမ်ကြိမ်အခါခါရှိခဲ့ပါပြီ။ အခုကတော့  ပညာပေး ကာလကုန်သွားပြီဆိုတော့ အရေးယူမယ်ပေါ့။  အဖမ်းခံရတဲ့ လူငယ်တွေကတော့ အသက် ၁၈ နှစ်နဲ့ အထက် လူငယ်တွေပဲ။ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားလည်းပါတယ်။  အားလုံးက စစ်တွေမြို့ခံတွေပဲဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ အမိန့်ကို စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခြင်းဖြစ်ပြီး  ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ ရဲအရေးမပိုင်သော ပုဒ်မတခုဖြစ်သည့်အတွက် မြို့နယ်အထွထွေအုပ်ချုပ်ရေးရုံးမှ တရားလိုလုပ်၍  တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း  ဒုရဲမှူးရန်နောင်လတ်က ရှင်းပြသည်။

စစ်တွေမြို့ ကမ်းနားလမ်း(ရူခင်းသာလမ်း)နှင့် ပွိုင့်ကမ်းခြေပတ်လမ်း တလျှောက်တွင် ၀ိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လမ်းပလက်ဖောင်ပေါ်တွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများကို မပြုလုပ်ရန် တားမြစ်ထားပြီး ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်လျှင် ပြစ်မှုဆိုင်ရာ
 ဥပဒေ ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

စိုင်းထူးခန့်

News Watch

No comments:

Post a Comment