Latest News

Monday, January 30, 2017

YBS အပြောင်းအလဲ ၁၅ ရက် ကြာပြီးနောက်

YBS အပြောင်းအလဲ ၁၅ ရက် ကြာပြီးနောက်



ဇန်န၀ါရီ ၁၆ ရက်ကစလို့ မထသယာဉ်လိုင်းကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ လက်အောက်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေ စတင်ပြေးဆွဲခဲ့ပါတယ်။ ထမင်းရှင် ခရီးသွားပြည်သူတွေကို နှစ်ပေါင်းများစွာ အပေါ်စီးက ဆက်ဆံပြီး မထင်ရင် မထင်သလို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ယာဉ်လုပ်သားတွေကြောင့် ပြည်သူတွေ အော့နှလုံးနာနေကြတဲ့ မထသယာဉ်လိုင်းတွေ ဖျက်သိမ်းပြီး အသစ် ပြေးဆွဲတာကို ပြည်သူတွေ အနေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ စတင်ပြေးဆွဲတဲ့ ပထမဦးဆုံးနေ့ကတော့ အများမျှော်လင့်ထားသလိုပဲ အဆင်မပြေမှု ပေါင်းများစွာနဲ့ ကန့်လန့်ကာ ဖွင့်လှစ်ပါတယ်။ ကားတွေ တစ်စီးနဲ့တစ်စီး အချိန်ကြာမြင့်တာတွေ၊ ပြေးဆွဲမယ့် ယာဉ်လိုင်းအမှတ်နဲ့ ခရီးစဉ်လမ်းကြောင်းတွေ မသိကြသေးတာတွေရယ်ကြောင့် ကားမှတ်တိုင်တွေမှာ လူတွေပုံပြီး သွားလာရတာ အခက်တွေ့ကုန်ကြပါတယ်။ လုပ်အားပေးတွေ ရှိပေမယ့်လည်း အဆင်မပြေမှု ပေါင်းများစွာကို ရန်ကုန်မြို့က အခြေခံ လူတန်းစားတွေနဲ့ ရုံးဝန်ထမ်းတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

ဒီလိုနဲ့ နောက်ရက်ပိုင်းတွေမှာ ခရီးသွားသူဦးရေနဲ့ ယာဉ်စီးရေ မလောက်ငှမှုကြောင့် အခမဲ့ကားတွေ ပေါ်လာခဲ့ပါတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ အပြောင်းအလဲ လိုလားမှုကို မြင်တွေ့ကြရမှာပါ။ ဘယ်သူမှမခိုင်းဘဲနဲ့ ကိုယ့်ဆီကိုယ်ဖြည့်ပြီး ကိုယ့်ကားနဲ့ အခမဲ့ပို့ပေးကြတဲ့ ပြည်သူတွေကို ချီးကျူးဂုဏ်ပြုရမှာဖြစ်တယ်။ သူတို့အနေနဲ့ တတ်နိုင်သလောက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ လိုင်းကားစနစ်ကြီးကို ပြောင်းလဲပစ်ရာမှာ ပါဝင်ကြတာပါ။ ဒါပေမဲ့ သူတို့အနေနဲ့ အမြဲလိုလို လုပ်ပေးဖို့က မလွယ်ပါဘူး။ အခမဲ့ကားတွေ အနေနဲ့ ဇန်န၀ါရီ ၂၀ ရက်လောက်အထိ တစ်ပတ်လောက်ပဲ လုပ်ပေးနိုင်ကြတာပါ။ အခမဲ့ လိုင်းကားတွေ လျော့နည်းသွားတဲ့ ဇန်န၀ါရီ ၂၀ ရက်နောက်ပိုင်းမှာ YBS ယာဉ်လိုင်းတွေပေါ်မှာ ခရီးသွား ပြည်သူတွေဟာ  ပြန်လည်တိုးဝှေ့ပြီး စီးနင်းခဲ့ကြရပါတယ်။

“ရန်ကုန်ပြည်သူတွေက အစိုးရအပေါ် နားလည်မှု ပေးလွန်းတာကတော့ သိသာမြင်သာတဲ့ အချက်ပါ။ ကိုယ်ကိုယ်တိုင် ရွေးတင်ထားတဲ့ အစိုးရဖြစ်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပြည်သူက အင်နဲ့အားနဲ့ ၀န်းရံကြတာပါ။ နောက်ခေတ်ဟောင်း၊ စနစ်ဟောင်းကလူတွေ ခေါင်းထောင်ထလာမှာကို စိုးရိမ်တာကလဲ အဓိက အကြောင်းတစ်ချက်ပါ။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ နှေးကွေး၊ လေးလံနေဆဲလို့ မြင်မိပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှု၊ ၀န်းရံမှုထဲမှာ အလိုက်သင့် မျှောလိုက်နေရုံနဲ့တော့ ထိရောက် အလုပ်ဖြစ်တဲ့ အပြောင်းအလဲတွေ ခရီးပေါက်မယ်လို့ တစ်ထစ်ချ မယုံကြည်နိုင်ပါ။ အစိုးရနဲ့ YBS အနေနဲ့ အမြန်သုံးသပ်၊ အမြန်ပြင်ဆင်၊ အမြန်စီမံ၊ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေဆဲလို့ မြင်မိပါတယ်” ဟု အစိုးရအား ထောက်ပြသည့် ဆောင်းပါးများကို ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှာ ဇန်န၀ါရီ ၁၇ ရက်က ရေးသားခဲ့သည်။

နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မထသစနစ်ကြီး တစ်ခုလုံးကို အပြောင်းအလဲ လုပ်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ညင်သာချောမွေ့ ပြေပြစ်တဲ့ အပြောင်းအလဲဖြစ်ဖို့တော့ လိုပါတယ်။ အထင်ရှားဆုံးကတော့ ဒီစနစ်သစ် စပြီးပြောင်းဖို့အတွက် လုံလောက်တဲ့ စစ်တမ်းတွေ၊ ပြည်သူတွေအကြားမှာ ပညာပေးတာတွေ မလုပ်ခဲ့ဘဲ ချက်ချင်းကြီး ပြောင်းလဲလိုက်တဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ကြပါတယ်။ ခါတိုင်း ၁၀၀ တန်တဲ့ခရီးကို အနည်းဆုံး၂၀၀ ပေး စီးနေရပေမယ့် ချောင်ချောင်ချိချိနဲ့ အဆင်ပြေချောမွေ့တဲ့ ပြည်သူတွေရဲ့ စိတ်ကူးထဲက ယာဉ်လိုင်းတွေတော့ လက်တွေ့နဲ့ အလှမ်းဝေးနေဆဲပါ။ အခုနောက်ပိုင်း ယာဉ်စီးရေ စိပ်လာပေမယ့် လာတဲ့ယာဉ်တွေတိုင်းက ခြေချစရာနေရာ မရှိသလောက်ကို လူတွေပြည့်နေပါတယ်။ သာမန်အချိန်တွေမှာဆို သိပ်မသိသာပေမယ့် ရုံးတက်ရုံးဆင်းချိန်တွေ အရမ်းသိသာပါတယ်။

“ကျွန်မပြည်သူတစ်ယောက် အနေနဲ့မြင်တာကို ပြောရရင် ဒီဘတ်စ်ကားစနစ် ပြောင်းလဲတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကတော့ ပြောချင်ပါတယ်။ ဒီလို ဘတ်စ်စနစ် ပြောင်းမယ်ဆိုတာ လွန်ခဲ့တဲ့နှစ်လလောက် ကတည်းက သတင်းစာတွေမှာပါလို့ သိရတယ်။ တကယ်ဆိုရင် အဲဒီကာလလောက် ကတည်းက ပြေးဆွဲမယ့် ယာဉ်လမ်းကြောင်း အခြေအနေတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ လူစည်ကားတဲ့ နေရာတွေမှာ ဘုတ်တွေထောင်ပြီးတော့ အသိပညာ ပေးသင့်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာဘတ်စ်ကားစီးတဲ့ လူဦးရေက သိန်းနဲ့ချီရှိတယ် တစ်ရက်ကို။ နှစ်ပတ်လောက် ဒီလိုမျိုး လုပ်ခဲ့မယ်ဆိုရင် အခုထက် ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ဘာပဲပြောပြော မထသစနစ်ကနေ အခုစနစ်ပြောင်းတာကို ကြိုဆိုပါတယ်။ ရုံးသွားရုံးပြန် အခက်တွေ့နေတာကိုလည်း လူကြီးတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးပါလို့ပဲ ပြောချင်ပါတယ်” လို့ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ မမေသူက သူ့အမြင်ကို ပြောပါတယ်။

ဇန်န၀ါရီ ၂၀ ရက် ၀န်းကျင်မှာ YBS ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်အစီးရေ မလုံလောက်တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်မှ ယာဉ်အစီးရေ ထပ်မံဝယ်ယူမယ့် အစီအစဉ်များလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယာဉ်အစီးရေ ၁၀၀၀ ခန့် ၀ယ်ယူဖို့ရှိကြောင်း၊ လက်တလောမှာ လက်ရှိတင်သွင်းပြီးသား ကုမ္ပဏီတွေကလည်း မော်တော်ယာဉ်တွေ ထပ်ဝယ်ဖို့ရှိကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဇန်န၀ါရီ ၁၉ရက်မှာ YBS ယာဉ်လိုင်းများတွင် ထည့်သွင်းအသုံးပြုမည့် ဘတ်စ်ကား အစီး ၁၀၀ ကျော် သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ယာဉ်အစီးရေ မလောက်ငှမှု ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ဆောင်ရွက်နေပေမယ့်လည်း အများပြည်သူ ယာဉ်လိုင်းစနစ်ကို အသုံးပြုသူများ အနေနဲ့ အခက်အခဲများ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

“ကားကတော့ တိုးမှာပါ။ အဆင်ကတော့ ပြေမှာပေါ့။ ဒါပေမဲ့ ငြိမ်တာကတော့ တစ်လလောက်ကြာမှ ငြိမ်မှာပေါ့။ လိုအပ်ချက်တွေ အသံတွေ နားစွင့်နေရတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားခဲ့ပါတယ်။

အခုလို အခြေအနေအရဆိုရင် တိုင်းဒေသကြီး အစိုးရအနေနဲ့ စနစ်တစ်ခုကို ပြောင်းလဲရာမှာ ဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြန်သုံးသပ်ပြီး လိုအပ်တာတွေကို ထပ်ဖြည့်ဖို့အတွက် Plan B ကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ပါပြီ။ ၁၅ ရက်ဆိုတဲ့ အတိုင်းအတာက စစ်တမ်းကောက်တာထက် ပိုပြီးမြေပြင် အခြေအနေကို အမှန်အတိုင်း သိနိုင်ပါတယ်။ အခုလက်ရှိကတော့ ပြည်သူအများစု ရုံးတက်ရုံးဆင်း အချိန်တွေမှာ အဆင်မပြေကြတာတော့ အမှန်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်ကို ဘတ်စ်စီးပြီးလာနေရတာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြုံတွေ့နေရတာပါ။ ညပိုင်းယာဉ်တွေ မရှိကြတဲ့အတွက် အလုပ်ဆင်းတာ နောက်ကျတဲ့သူတွေ အနေနဲ့ ကားဂိတ်မှာ သောင်တင်ကြရပါတယ်။ တစ်နာရီ နှစ်နာရီကြာတာတောင် ကားမရတဲ့အတွက် တချို့ဆိုရင် မစောင့်နိုင်တော့လို့ အငှားကားနဲ့ပဲ ပြန်ကြတာတွေ ရှိလာပါတယ်။ ဒီလိုညပိုင်း အိမ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ၊ ပြည်သူတွေအတွက် အဆင်ပြေအောင် ညပိုင်းယာဉ်တွေကို ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

“ပြဿနာက ညဘက်ကားတွေ မရှိတာ။ ကားဂိတ်မှာ ခြေညောင်းအောင် စောင့်ရတယ်။ ရလာတော့လည်း ခြေချစရာ မရှိအောင်ကို လူတွေနဲ့ ပြည့်နေတာ။ ကားတိုင်းပဲ။ အစိုးရကဖြစ်နိုင်ရင် ညပိုင်း ၁၀ နာရီလောက်ထိ ပြေးဆွဲပေးဖို့ ကားတွေ စီစဉ်ပေးပါလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ရုံးသမားတွေက အလုပ်ဆင်းပြီးရင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဖို့ချိန်းထားတာ ရှိမယ်။ သင်တန်းတက်တာတွေ ရှိမယ်။ လူမှုရေးကိစ္စတွေရှိမယ်။ အပန်းဖြေ စားသောက်တာရှိမယ်။ ဒါတွေကို ညပိုင်း ကားမရှိတဲ့အတွက် ဖျက်ပစ်ရတာမျိုးကတော့ သိပ်သဘာဝ မကျဘူးလို့ ပြောချင်တယ်။ တက္ကစီနဲ့ပြန်ရင်တော့ ရတာပေါ့ဗျာ။ ဒါပေမဲ့ လခစားကတော့ နေ့တိုင်းလိုလို တက္ကစီ ဘယ်စီးနိုင်မလဲ။ တစ်လ ၁၀ သိန်း ၁၅ သိန်းရတဲ့လူတွေကတော့ စီးနိုင်တာပေါ့။ ကျွန်တော်တို့လိုတစ်လ နှစ်သိန်းဝန်းကျင်တွေက ဘယ်လိုလုပ်စီးနိုင်မလဲ” လို့ အသက် ၂၃ နှစ်အရွယ် ရုံးဝန်ထမ်း ကိုဟိန်းကိုလတ်က ဆိုပါတယ်။

YBS တွေ မပြေးဆွဲတော့တဲ့ ည ၉ နာရီနောက်ပိုင်းကို ညကြီးကားတွေ ပြေးဆွဲပေးဖို့ စီစဉ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၂၅ ရက်မှာ ပြောပါတယ်။ “အခု ညကြီး ကားပြေးဖို့ဆိုပြီး ဆွေးနွေးထားပါတယ်။ သီးခြားညဘက်ထွက်ပေးဖို့ကား ညကြီးကား အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ အခြေအနေက အများပိုင်ကုမ္ပဏီ လုပ်ချင်ပါတယ်။ ဘာကြောင့်လုပ်ချင်သလဲဆိုရင် အခုက ပိုက်ဆံရတဲ့နေရာကိုပဲ ကားသမားက ပြေးချင်တာ။ ပိုက်ဆံမရဘူးဆိုရင် မပြေးချင်ကြဘူး။ ကျွန်တော်တို့က မျှခြေတစ်ခုမှာ ဖြစ်ချင်ပါတယ်။အခုက စနစ်တော့ ပြောင်းလဲနိုင်ပြီ။ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဒီလိုညပိုင်းကားတွေ ပြေးဆွဲပေးမယ်ဆိုရင် ညပိုင်းအလုပ်ပြန်တဲ့သူတွေ အနေနဲ့လည်း အဆင်ပြေနိုင်ပါတယ်။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့လည်း စနစ်ဟောင်းကြီးထဲမှာပဲ ပျော်မွေ့ပြီးနေလို့ မရတော့ပါဘူး။ စနစ်သစ်ပြောင်းလဲရာမှာ ပူးပေါင်းပြီး အားတက်သရော ပူးပေါင်း ဆောင်ရွက်ပေးကြဖို့လည်း လိုအပ်ပါတယ်။ လက်ရှိခရီးသည်တွေ ပိုစီးနင်းလေ့ရှိတဲ့ လမ်းကြောင်းတွေမှာ ယာဉ်စီးရေကို ပိုမြှင့်တင်ပေးပြီး အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ YBS ယာဉ်လိုင်းတွေနဲ့ စီးနင်းတဲ့ ပြည်သူတွေ မမျှတဖြစ်နေတဲ့အတွက် ဒီအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ကျပ် ၇၀ ဘီလျံနီးပါး အသုံးပြုပြီး ယာဉ်အသစ်တွေကို ထပ်မံဝယ်ယူဖို့ စီစဉ်ထားကြောင်းနဲ့ ဒီကားသစ်တွေက ဖေဖော်ဝါရီလမှာ ရောက်ရှိမှာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ YBS စနစ်ကို ပြန်လည်လေ့လာ ဆန်းစစ်နိုင်ဖို့ နိုင်ငံနှစ်ခုနဲ့ ဆွေးနွေးနေပြီး ယခုလက်ရှိထက် ပိုမိုအဆင်ပြေစေရန် ထပ်တိုးအစီအစဉ်တွေကို ခြောက်လအတွင်း အပြီးသတ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။ ဒီလိုဆွေးနွေးနေတဲ့ နိုင်ငံတွေမှာ ဆွီဒင်နဲ့ ဂျပန်နိုင်ငံတို့ ပါဝင်ကြောင်း သိရပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက မထသခေတ်ကလို ယာဉ်မောင်းတွေ ယာဉ်အကူတွေ ရှိနေတုန်းပဲ ဆိုတာပါ။ ခရီးသည်တွေကို ကိုယ်ထိလက်ရောက် စော်ကားတာတွေ၊ လက်နက်ဆောင်တာတွေလည်း YBS မှာ ရှိနေဆဲပါပဲ။ YBS စပြောင်းတဲ့နေ့ကစပြီး ပြည်သူတွေ အနေနဲ့ ယာဉ်စီးခကို အရင်ကထက် နှစ်ဆပေး စီးနင်းနေကြရတာပါ။ တစ်ရက်ကို ပျမ်းမျှလုပ်ခ ကျပ် ၃၆၀၀ သာရတဲ့သူတွေက ယာဉ်စီးခအဖြစ် တစ်ရက်ကို ကျပ် ၄၀၀ ကနေ ကျပ် ၁၀၀၀ ကြား နေ့စဉ်အသုံးပြုနေကြရတာပါ။ လုပ်ခလစာက အရင်အတိုင်း ဖြစ်ပေမယ့် ခရီးစရိတ်က အရင်ကထက်နှစ်ဆ ပိုကုန်ကျလာတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ ရရှိတဲ့ ၀န်ဆောင်မှုကတော့ မထူးခြားသေးပါဘူး။ လူလှည့်လို့တောင်မရတဲ့ ကားထဲမှာ ကျပ်ကျပ်သိပ်သိပ်နဲ့ စီးနင်းနေကြရပါတယ်။ အချို့ကားတွေဆိုရင် ခြေနင်းခုံပေါ်မှာပါ တွယ်စီးနေကြရတာပါ။ ပြည်သူတွေ ဒီလိုအခက်အခဲတွေ ရှိပေမယ့်လည်း သည်းခံစီးနင်းပေးကြတာပါ။ စနစ်သစ်တစ်ခု အကူးအပြောင်းကာလမှာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရဘူးဆိုတာ မှန်ပေမယ့် လက်တွေ့ အဆင်မပြေမှုတွေကိုတော့ အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့လည်း လိုအပ်တယ်လို့ ပြောချင်ပါတယ်။

“အလုပ်သွားဖို့ ညီမဆို သာကေတ ဧရာဝဏ်-မြေနီကနေ ပန်းဆိုးတန်းသွားရတယ်။ အရင်က ကားလမ်းကြောင်းပိတ်တယ် ဆိုပေမယ့် ခုကတအား ပိုပိတ်တယ်။ အရင်က ဘတ်စ်တွေကြောင့် ပိတ်တယ်ထားဦး။ အခုမြို့ထဲမှာ တက္ကစီတွေက တအားပုံပြီး အရင်ကထက် ပိုပိတ်တယ်။ အရင်ကဆို မနက် ၉ နာရီ အိမ်ကထွက် အလုပ်ကို  ၉ နာရီခွဲ ၉ နာရီ ၄၅ မိနစ်ဆို ရောက်တယ်။ အခု ၈ နာရီခွဲထွက်ရင် ၉ နာရီ ၄၅ မိနစ်က အစောဆုံးပဲ။ ညနေအိမ်ကို ဘယ်အချိန် ပြန်ရောက်လဲဆိုတော့ အလုပ်ပြန်ချိန်က ၅ နာရီခွဲ အိမ်ရောက်ရင် ၈ နာရီပဲ။ ကားတွေက ပန်းဆိုးတန်းကနေကို သိပ်တက်မရဘူး။ ညီမက တွယ်စီးတတ်တယ်။ တွယ်ဖို့ နေရာရရင်တောင် ကားပေါ်တက်သွားတယ်။ နံပါတ် ၄ ကားကို အလွန်ဆုံးတက်ရ ပန်းဆိုးတန်းပဲ။ သူက ဘယ်ကလာလဲဆိုတော့ မြို့တော်ခန်းမရှေ့က ဂိတ်စ၊ ဂိတ်စကစီးတာတောင် အဆင်မပြေဘူး။ တော်တော်ကို အဆင်မပြေတာ။ ညနေ ၆ နာရီကျော် ကားဂိတ်အရောက်သွားရတာတော့ မဟုတ်သေးဘူး။ နေ့ဘက် အလုပ်လုပ်တဲ့သူ တော်တော်များများ ညပိုင်းအေးဆေး အပန်းဖြေချင်တယ်။ ကားတွေမရှိတော့ အဆင်မပြေဘူး” လို့ သာကေတကနေ ပန်းဆိုးတန်းကိုနေ့စဉ် ရုံးတက်ရုံးဆင်း လုပ်နေရတဲ့ မရဲစန္ဒာထွန်းက သူ့ရဲ့အဆင်မပြေမှုတွေကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၅ ရက်က ပြည်သူတွေကို စကားတစ်ခွန်း ပြောလိုက်ပါတယ်။ အဲဒါကတော့ ပြည်သူတွေအနေနဲ့ သည်းခံသင့်တဲ့နေရာမှာ သည်းခံပြီး သည်းမခံသင့်တဲ့ နေရာမှာ သည်းမခံနဲ့ဆိုပြီး ပြောလိုက်တာပါ။ ပခုက္ကူမြို့နယ် စံပြကြီးရွာက ဒေသခံတွေနဲ့ ဇန်န၀ါရီ ၂၅ ရက်က တွေ့ဆုံခဲ့တဲ့အချိန်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျွန်မက ဘယ်တုန်းကမှ ပြည်သူပြည်သားတွေကို ငါတို့အားလုံး လုပ်ပေးမယ်လို့ မပြောခဲ့ဘူး။ ပြည်သူတွေလည်းပါမှ လုပ်သမျှ ကိစ္စတွေ အောင်မြင်ဆိုတာ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ကျွန်မတို့ အစိုးရက အခု ၁၀ လတောင် မပြည့်သေးပါဘူး။ အလုပ်ကိစ္စမှာ မနှောင့်နှေးဘူးပါဘူးလို့ ပြောပါရစေ။ အားလုံးရဲ့ ကျေနပ်မှုရအောင်တော့ ကျွန်မတို့ ကြိုးစားပါ့မယ်။ ပြည်သူလူထုကလည်း ပြောသင့်တာကိုပြောပါ။ ကိုယ်လုပ်သင့်တာလည်းလုပ်ပါ။ သည်းခံသင့်တဲ့ နေရာမှာလည်း သည်းခံပါ။ သည်းမခံသင့်တဲ့ နေရာမှာတော့ သည်းမခံပါနဲ့။ သည်းမခံသင့်တဲ့ နေရာမှာသည်း ခံလို့ရှိရင် ၀န်ကြီးချုပ်တွေ ပျင်းလာဦးမယ်။ အားလုံးဝိုင်းပြီး တွန်းအားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ဘတ်စ်စနစ်သစ်တစ်ခု အကူးအပြောင်းမှာ ပြည်သူတွေ အနေနဲ့ အားတက်သရော ပူးပေါင်းပါဝင်ခဲ့ပြီးပါပြီ။ လုပ်အားပေးတဲ့သူတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ အခမဲ့ ယာဉ်ပြေးဆွဲပေးတဲ့သူတွေ၊ အဆင်မပြေမှုတွေကို သည်းခံပြီး စီးနင်းပေးကြတဲ့ ပြည်သူတွေစတဲ့ ကဏ္ဍပေါင်းစုံက လူတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီခဲ့ကြပြီးပါပြီ။ ဒါဟာ သည်းခံသင့်တဲ့နေရာမှာ သည်းခံပြီး ပူးပေါင်းပါဝင်ကြတာလို့ ဆိုချင်ပါတယ်။

အခုလက်ရှိဖြစ်နေတဲ့ YBS ပြဿနာက ခရီးသည်နဲ့ ယာဉ်စီးရေ မလုံလောက်မှုက အဓိကလို့ ဆိုရမှာပါ။ YBS အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်မှာ ယာဉ်စီးရေက ၃၂၀၀ ကျော်လောက်ပဲ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ နေ့စဉ်စီးနင်းနေတဲ့ လူဦးရေက သိန်းနဲ့ချီပြီး ရှိပါတယ်။ အခုယာဉ်လိုင်းတွေ အနေနဲ့ မြို့နယ်လေးခုငါးခုလောက်ကို ဖြတ်သန်းပြီး ပြေးဆွဲတဲ့ ယာဉ်တွေများပါတယ်။ အရင်မထသ လက်ထက်တုန်းက ပြေးတဲ့လမ်းကြောင်းတွေကလည်း ဒီလိုမြို့နယ်တွေကိုဖြတ်ပြီး ပြေးဆွဲတဲ့ယာဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အခုနဲ့မတူတာက အခုက လမ်းကြောင်းတူပြေးတဲ့ ယာဉ်လိုင်းတစ်ခုတည်း ရှိတာပါ။ အရင်က လမ်းကြောင်းတူပြေးတဲ့ ယာဉ်လိုင်းတွေက သုံးခု လေးခုလောက် ရှိနေတာပါ။ ရွေးချယ်စရာ မရှိတဲ့အတွက် ခရီးရှည်သမားကလည်း ဒီနံပါတ်ကားပဲ စီးရသလို ခရီးတိုသမားကလည်း ဒီနံပါတ်ကားပဲ စီးနင်းနေရတာပါ။ ဒီတော့ကားတွေက လူတွေနဲ့ အမြဲပြည့်ကျပ်နေရတာပါ။ ဒါက ဘတ်စ်မစီးတဲ့ လူတန်းစားတွေ အနေနဲ့ အပြင်ပန်းကြည့်လိုက်ရင် ကိစ္စမရှိပေမယ့် နေ့စဉ်ရက်ဆက် စီးနင်းနေရတဲ့ ပြည်သူတွေကတော့ အချိန်ကြန့်ကြာမှု၊ ကျပ်ကျပ်သိပ်သိပ် စီးနင်းနေရတဲ့အတွက် စိတ်ညစ်ညူးတာတွေ ဖြစ်လာမှာပါ။ ဒီလို အဆင်မပြေမှုတွေကို ကာလကြာရှည် မဖြစ်အောင် သက်ဆိုင်ရာအစိုးရ အကြီးအကဲတွေအနေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် အမြန်ဖြေရှင်းပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

Writer:
ဥာဏ်ဝင်းရှိန်၊ ထက်ရှိုင်း

===========

Eleven Media Group

No comments:

Post a Comment