Latest News

Monday, January 23, 2017

မင်္ဂလာဒုံမြို့နယ်တွင် YBS ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မိသဖြင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိ

မင်္ဂလာဒုံမြို့နယ်တွင် YBS ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မိသဖြင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိ



မင်္ဂလာဒုံမြို့နယ်တွင် YBS ခရီးသည် တင်ယာဉ်နှစ်စီး တိုက်မိသဖြင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇန်န၀ါရီ ၂၃ ရက် နံနက် ၇ နာရီခန့်တွင် အမှတ် (၃၆) YBS ခရီးသည်တင်ယာဉ် တစ်စီးသည် မင်္ဂလာဒုံဘက်မှ ဆူးလေဘက်သို့ မောင်းနှင်လာစဉ် မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမ အလယ်ပေါက်မှတ်တိုင် အရောက်၌ ခရီးသည် အတင်အချ ပြုလုပ်ကြောင်း သိရသည်။

ယင်းသို့ ခရီးသည်အတင်အချ ပြုလုပ်နေစဉ် အမှတ် (၃၆) YBS ခရီးသည်တင် အခြားယာဉ် တစ်စီးသည် မှတ်တိုင်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသည့်ယာဉ်အား အနောက်မှ ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

“မင်္ဂလာဒုံဘက်ကနေ ဆူးလေဘက်ကိုသွားတဲ့ ဘတ်စ်ကားတစ်စီးက မှတ်တိုင်မှာ အတင်အချ ပြုလုပ်နေတုန်း သူနဲ့လမ်းကြောင်းတူ ယာဉ်တစ်စီးက နောက်ကနေပြီး ၀င်တိုက်မိတာပါ။ ဒဏ်ရာရတာကတော့ ရှေ့ကားက နှစ်ဦး၊ နောက်ကနေ ၀င်တိုက်တဲ့ကားက လေးဦးလောက် ဒဏ်ရာရသွားပါတယ်။ အမှတ် (၃၆) ယာဉ်လိုင်းက YBS ခရီးသည်တင်ယာဉ် နှစ်စီးပါ။ တစ်စီးက YBS စတေကာကို ခွာထားပါတယ်။ ဖြစ်မှခွာတာလား မကပ်ရသေးတာလားတော့ ကျွန်တော်တို့ မသိရသေးပါဘူး” ဟု ပုလဲအရန်မီးသတ်မှ မီးသတ်အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ခြောက်ဦးအနက်မှ တစ်ဦးအား မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံသို့ တင်ပို့ထားပြီး အခြားဒဏ်ရာ ရရှိသူများအား ပြင်ပဆေးခန်းသို့ ပို့ဆောင်ထားကြောင်း အဆိုပါအရာရှိ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဒဏ်ရာရှိနေတဲ့ ခရီးသည် အစ်မကြီး တစ်ယောက်ပဲ ကျန်တော့တာပါ။ သူပြောတာတော့ ကားနှစ်စီးက ပြိုင်မောင်းတယ်လို့ပြောတယ်။ သူကတော့ ခြေထောက်ကျိုးသွားလို့ မေဒါဝီဆေးရုံကို ကျွန်တော်တို့ကိုယ်တိုင် တင်ပို့ပေးထားပါတယ်။ အခြားဒဏ်ရာ ရရှိတဲ့သူတွေကို ပြင်ပဆေးခန်းမှာ ပို့ထားပြီး ကုနေတယ်ကြားတယ်” ဟု ပုလဲအရန်မီးသတ် တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။  


သီဟအောင်


Sources: Eleven Media Group

No comments:

Post a Comment