“ လွတ်လပ်မှု့ ( Freedom) ဆိုတာ ”
တိုင်းပြည်တပြည်မှာ လွတ်လပ်မှု့ရှိမရှိဆိုတာကို အဲ့ဒီတိုင်းပြည်ရဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အတိအကျအဖြေပေးနိုင်ပါတယ်။
လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ်သတ်မှတ်နိုင်ဖို့ ဆိုရင် …
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲ့ဒီနိုင်ငံကပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၀၀% နဲ့ တိုင်းပြုပြည်ပြုလွှတ်တော်တွေကိုဖွဲ့ စည်းနိုင်ဖို့  အာမခံပေးနိုင်တဲ့ ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲ့ဒီနိုင်ငံကပြည်သူတွေတည်ဆောက်ချင်တဲ့ နိုင်ငံေ၇းစနစ်၊ အုပ်ချုပ်ပုံစနစ်တရပ်ကို တည်ဆောက်နိုင်ဖို့  အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲ့ဒီနိုင်ငံက ပြည်သူတွေရဲ့ငြိမ်းချမ်းစွာနေလိုတဲ့ဆန္ဒ၊ စစ်မက်ပဋိပက္ခတွေကင်းအောင်နေလိုတဲ့ဆန္ဒကို အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အဲ့ဒီနိုင်ငံသားတိုင်းရဲ့ဘ၀လုံခြုံမှု့ပေးနိုင်အောင် အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အဲ့ဒီနိုင်ငံသားတွေရဲ့ အများသူငါကိုမထိခိုက်စေတဲ့ အခြေခံလူ့ အခွင်းအရေးတွေကို အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အဲ့ဒီနိုင်ငံသားတိုင်းရဲ့ လူမှု့ရေးဘ၀၊ စီးပွားရေးဘ၀၊ နိုင်ငံရေးဘ၀တွေမှာ ခွင့်တူညီမျှ ရရှိခံစားနိုင်ခွင့်၊ ကျိုးစားလုပ်ဆောင်နိုင်ခွင့်တွေကို အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ ဥပဒေအထက်မှာ ဘယ်သူ့ ကိုမှနေရာပေးမထားဘဲ တရားဥပဒေစိုးမိုးမှု့ကို အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲ့ဒီနိုင်ငံသားတွေရဲ့လက်ထဲမှာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ (၃) ရပ်စလုံး တင်းပြည့်ကျပ်ပြည့်ရှိနေအောင် အာမခံပေးနိုင်တဲ့ဖွဲ့ စည်းပုံဖြစ်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့မှာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေရဲ့ လက်အောက်ကလွတ်မြောက်ခဲ့လို့ လွတ်လပ်ရေးရတာ (၆၉) နှစ်မြောက်ပြီလို့ ဆိုကြတယ်။ တကယ်လွတ်လပ်မှု့မရှိဘူးဆိုရင် တိုင်းတပါးလက်အောက်ကနေလွတ်မြောက်ရုံနဲ့ လွတ်လပ်ရေးရပြီလို့ မဆိုနိုင်ပါဘူး။
လူမျိုးခြားမဟုတ်တဲ့ ကိုယ့်လူမျိုးအခြင်းခြင်း ဖိနှိပ်အုပ်ချုပ်နေမယ်၊ လွတ်လပ်ခွင့်တွေပိတ်ပင်နေမယ်၊ လူနည်းစုက ဥပဒေအထက်မှာနေပြီး အခွင့်ထူးခံနေအုံးမယ်၊ ညီမျှမှု့မရှိဘဲ လူများစုက ဆင်းရဲဒုက္ခရောက်နေမယ်၊ တရားဥပဒေစိုးမိုးမှု့မရှိသေးဘူး၊လူနည်းစုတိုင်းရင်းသားတွေနဲ့ မရှိဆင်းရဲသားတွေဘဝ လုံခြုံမှု့အရှိသေးဘူး၊ စစ်ပွဲတွေရှိနေမယ်အုံးမယ်ဆိုရင် လွတ်လပ်ရေးရပြီလို့ ပြောဖို့ မလုံလောက်သေးပါဘူး။
ဒီတော့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီလား မရသေးဘူးလားဆိုတာ စာဖတ်သူ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ဘဲ ဆုံးဖြတ်ကြည့်ကြပါ။ ဒီလိုရေးလို့  (၆၉) ကြိမ်မြောက် လွတ်လပ်ရေးကို အောင်ပွဲခံဘို့ မလိုဘူးလို့ မဆိုလိုပါဘူး။
ဇန္န၀ါရီ (၄) ရက်နေ့ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို ကြမ်းကျုတ်ရက်စက်တဲ့ တိုင်းတပါးကျူးကျော်နယ်ချဲ့သူတွေလက်အောက်က လွတ်မြောက်အောင် ညီညီညာညာနဲ့ ရဟန်းရှင်လူတိုင်းရင်းသားတွေရဲ့ အသက်သွေးချွေးတွေပေးဆပ်လို့ နှစ်ပေါင်းများစွာ ခဲရာခဲဆစ်ရယူခဲ့ရတာမို့  အလေးအမြတ်ပြုပြီး နှောင်လာနောက်သားတွေသိရှိတန်ဘိုးထားနိုင်အောင် ကျင်းပကြဖို့ လိုပါတယ်။
လွတ်လပ်မှု့ဆိုတာ အများသူငါကိုမထိခိုက်ဘဲ လူသားတွေဟာ မိမိရဲ့ မွေးရာပါအခြေခံလူ့ အခွင့်အရေးကို ခြိမ်းခြောက်အနိုင်ကျင့်မှု့နဲ့ ကြောက်ရွံ့ ခြင်းကလွတ်မြောက်လို့  အနှောင်အဖွဲ့ အတားအဆီးကင်းကင်းနဲ့ လွတ်လပ်စွာခံစားကျင့်သုံးနိုင်တဲ့အခြေအနေတရပ်၊ အများသူငါကို မထိခိုက် မနစ်နာစေဘဲ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ တွေးတောပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်၊ လွတ်လပ်စွာနေထိုင်ရှင်သန်ခွင့်၊ မိမိစာပေနဲ့ ယဉ်ကျေးမှု့တွေကို လွတ်လပ်စွာမြှင့်တင်ခွင့်တွေရှိတဲ့အခြေအနေတရပ်ပါဘဲ။
အထက်မှာရေးသားခဲ့တဲ့အကြောင်းအရာတွေကို အနှစ်ချုပ်ရရင် မြန်မာနိုင်ငံဟာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်စုစည်းကျိုးပမ်းခဲ့ကြလို့ တိုင်းတပါးနယ်ချဲ့လက်အောက်က ၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့ မှာ လွတ်မြောက်ပြီး ကမ္ဘာသိလွတ်လပ်ရေးရခဲ့ပေမဲ့ ကံမကောင်းအကြောင်းမလှဘဲ နိုင်ငံသားအခြင်းခြင်းကို အညှာတာကင်းမဲ့စွာ ဖိနှိပ်အုပ်ချုပ် ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့ စစ်အာဏာရှင်စနစ်အောက် ကျွန်သဘောက်ဘ၀မှာ တိုင်းပြည်ဟာ ဖွတ်ကျောပြာစုလို့  မျက်ရေကိုသာအဖေါ်ပြုခဲ့ရတာလည်း ကမ္ဘာသိဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကနေစတင်လို့ ကြမ္မာငင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကျုတ်တဲ့စစ်အာဏာရှင်စနစ်ကို အသိန်းအသောင်းမကတဲ့ အာဇာနည်မိဘပြည်သူရဟန်းရှင်လူတိုင်းရင်းသားလူမျိုးတွေရဲ့ အသက်သွေးချွေးတွေစတေးလို့ ဆန့် ကျင်ဖယ်ရှားဖို့ နှစ်ပေါင်း (၅၀) ကျော်ကျိုးပမ်းခဲ့တာ တဖြေးဖြေးနဲ့ အရာထင်အောင်မြင်လာခဲ့လို့  အခုဆို ဒီမိုကရေစီလမ်းပေါ်ခြေချနိုင်ဖို့  အယင်ကထက်ပိုမိုတိုးတက်လာပြီး အခြေအနေကောင်းတွေရရှိပိုင်ဆိုင်နေပါပြီ။
ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း အရေးအကြီးဆုံးလည်းဖြစ်တဲ့ ပြည်သူလူထုအများစုရဲ့ အတောင်းတဆုံး အောက်ပါဆန္ဒတွေ မပြည့်ဝသေးပါဘူး။
၁) လူသတ်စစ်ပွဲတွေအပြီးတိုင်ချုပ်ငြိမ်းသွားစေမဲ့ ပြည်တွင်းငြိမ်းချမ်းရေး။
၂) ဥပဒေအထက်မည်သူမျှနေခွင့်မရှိတဲ့ တရားဥပဒေစိုးမိုးရေး။
၃) ပြည်ထောင်စုသားအားလုံးတညီညွတ်လက်ခံမဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး။
၎) ပြည်သူ့ အာဏာ ပြည်သူ့ ထံမှာသာတည်နိုင်ရေး။
အထက်ပါ အများအကျိုးကိုဖေါ်ဆောင်မဲ့ ရည်းမှန်းချက်ဆန္ဒအားလုံးအကောင်အထည်ပေါ်လာဖို့ အဟန့် အတားပြုနေတာက ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါဘဲ။ ဒီဖွဲ့ စည်းပုံကို ထိထိရောက်ရောက်မပြင်ဘဲ အထက်ကပြည်သူ့ ဆန္ဒတွေ ပြည့်ဝလာအောင် မဖြည့်ဆီးပေးနိင်ပါဘူး။ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ (၆၉) ကြိမ်မြောက်လွတ်လပ်ရေးနေ့ မှာ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းမထက်မှာ ခြေချနိုင်ဖို့  ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ဖို့ နိုင်ငံသားတိုင်း အားထုတ်ကျိုးပမ်းကြပါလို့ အလေးအနက်တိုက်တွန်းပါတယ်။
Sources; ဇန္န၀ါရီလ (၄) ရက်နေ့  ၂၀၁၇ ခုနှစ်
(၆၉) ကြိမ်မြောက်လွတ်လပ်ရေးနေ့ သို့ ဦးညွှတ်လျှက်
(မင်းကောင်းချစ်)ရေးသားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment