Latest News

Saturday, January 21, 2017

အမေရိကန် သမ္မတ Donald Trump မိန့်ခွန်း အပြည့်အစုံ

အမေရိကန် သမ္မတ Donald Trump မိန့်ခွန်း အပြည့်အစုံ

အမေရိကန်ပြည်ထောင်စု၏ ၄၅ ယောက်မြောက်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့သောမိန့်ခွန့်စကားအား
ဖော်ပြပေးလိုက်ပါသည်။

"တရားသူကြီးချုပ် ရောဘတ်စ်
သမ္မတကြီး ကာတာ
သမ္မတကြီး ကလင်တန်
သမ္မတကြီး ဘုရှ်
သမ္မတကြီး အိုဘားမား
အမေရိကန် တိုင်းသူပြည်သား မိတ်ဆွေများ၊ ကမ္ဘာသူ ကမ္ဘာသားများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျုပ်တို့ အမေရိကန် နိုင်ငံသားများဟာ ညီညွတ်မှုကို အရင်းတည်ကာ ဒီနေ့မှာ မဟာအမျိုးသားရေး လုံ့လနှင့် ကိုယ့်နိုင်ငံကိုယ် ပြန်လည် ထူထောင်ကြရတော့မှာ ဖြစ်သလို ကိုယ့်လူမျိုးအပေါ်မှာ တင်ကျန်နေတဲ့ အကြွေး ကတိတွေကို ပြည့်ဝအောင် ဆပ်ရတော့မှာ ဖြစ်ပါတယ်။
လာမည့်နှစ်တွေမှာ အမေရိကန်နိုင်ငံနှင့် ကမ္ဘာ တစ်ခုလုံးရဲ့ ရှေ့ရေးကို ကျုပ်တို့ ပူးပေါင်း ဖော်ဆောင်ကြရတော့မှာလည်း ဖြစ်ပါတယ်။

စိန်ခေါ်မှုတွေကတော့ ကျုပ်တို့ကို ရင်ဆိုင်ဖို့ အသင့်ရှိနေမှာပဲ။ အခက်အခဲတွေ့လို့ကတော့ ကျုပ်တို့ ထိပ်တိုက် တွေ့သွားဖို့ ပဲရှိတယ်။ ဒါပေမယ့် ကျုပ်တို့ ဖြစ်ချင်တာတော့ ဖြစ်စေရလိမ့်မယ်။ အခုရောက်နေတဲ့ ဒီလှေခါးထစ်တွေပေါ်မှာ ကျုပ်တို့ဟာ လေးနှစ်တစ်ကြိမ် စည်းကမ်းပြည့်ဝပြီး အေးအေးချမ်းချမ်းပဲ အစိုးရ အာဏာကို ပခုံးပြောင်း လွှဲယူခဲ့ကြတဲ့ အစဉ်အလာရှိခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း သမ္မတကြီး အိုဘားမားနှင့် သမ္မတကတော် မီရှဲလ် အိုဘားမားတို့ရဲ့ စေတနာအပြည့်နှင့် အကူးအပြောင်း တစ်ခုကို ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ရပြီမို့ လှိုက်လှိုက်လှဲလှဲ ကျေှးဇူး ဥပကာရ တင်အပ်လှပါတယ်။ သူတို့ဟာ တကယ်ကို ဘုန်းကံကြီးများတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားဟာ အင်မတန်ကို ထူးခြားတဲ့ ဂုဏ်ထူး ဝိသေသတွေကို ပိုင်ဆိုင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ အပြောင်းအလဲဟာ အစိုးရတစ်ခုကနေ နောက်အစိုးရ၊ ဒါမှ မဟုတ် နိုင်ငံရေး ပါတီ တစ်ခုကနေ နောက် ပါတီတစ်ခုကို အာဏာ လွှဲပြောင်းပေးတဲ့ အခမ်းအနားလောက်သာ မဟုတ်ပါဘူး။ ဝါရှင်တန် ဒီစီ မြို့တော်ကြီးမှာနေတဲ့ အုပ်ချုပ်သူလူတန်းစားတွေ ချုပ်ကိုင်ထားတဲ့ အာဏာကို ကျုပ်တို့ ပြည်သူလက်ထဲ ပြန်လည်အပ်နှင်းမယ့် နေ့ဖြစ်ပါတယ်။

မြို့တော် ဝါရှင်တန်မှာ အခြေစိုက်တဲ့ လက်တစ်ဆုပ်စာ အုပ်ချုပ်သူတွေဟာ နှစ်ပေါင်းများစွာ အစိုးရ အာဏာရဲ့ အသီးအပွင့်တွေကို လက်ဝါးကြီးအုပ် ရိတ်သိမ်း စားမြိုနေကြပြီး ပြည်သူတွေကတော့ သူတို့ ကောင်းစားဖို့အတွက် ပုခုံးပွန်းအောင် ထမ်းထားခဲ့ရတာ ဘယ်လောက် ကြာခဲ့ပြီလဲ၊ ဝါရှင်တန်လူတန်းစားကတော့ ကြီးပွားနေတာပဲ၊ လူထုကတော့ သူတို့ ကြီးပွားသလို ခံစားရဖို့ ဝေးစွ၊ နိုင်ငံရေး သမားတွေလောက်ပဲ ချမ်းသာသွားကြပြီး တကယ့်ပြည်သူအတွက် အလုပ်အကိုင်တွေ လျော့ပါးဆုံးရှုံး စက်ရုံတွေ ပိတ်ဖြစ်ခဲ့ကြတာကို အားလုံးအသိပဲ၊ သြဇာရှိလူတန်းစားက သူတို့အကျိုးစီးပွား တစ်ခုကိုပဲ ကာကွယ်ခဲ့ကြတာ၊ နိုင်ငံအဝှမ်းက ကျုပ်တို့ ပြည်သူတွေကိုကိုတော့ ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် မထင်ခဲ့ကြဘူး၊ အောင်မြင်မှု၊ အောင်မြင်မှုလို့သာ သူတို့က တွင်တွင်ပြောကြမယ်၊ အဲဒါ ခင်ဗျားတို့ ရရှိတဲ့ အောင်မြင်မှုလို့တော့ သတ်မှတ်လို့ ရမှာ မဟုတ်ဘူး၊ ရယူသိမ်းပိုက်မှုတွေဟာလည်း ဒီလူတန်းစားအတွက်ပဲ ဖြစ်ပြီး ခင်ဗျားတို့ အတွက် မဟုတ်ခဲ့ဘူး၊ သူတို့တွေဟာ ဒီ နေပြည်တော်ကြီးမှာ အောင်ပွဲ အလီလီခံနေခဲ့ ကြပေမယ့် တစ်ပြည်လုံးက လက်လုပ်လက်စား မိသားစုတွေအတွက် အမှန်တကယ် အောက်ပွဲခံနိုင်ခဲ့တာဆိုလို့ ကတော့ မရှိသလောက်ကို နဲပါးခဲ့တာပဲ။

ကိုင်း ဒီအချိန်၊ ဒီနေရာကစပြီး ဒါတွေအားလုံးဟာ ပြောင်းလဲသွားခဲ့ပြီလို့ မှတ်ထားလိုက်ပါ။ ဘာလို့လဲသိလား၊ဒီနေ့ဟာ ပြည်သူ့ခေတ်၊ ဒို့ခေတ်ကို ရောက်တဲ့နေ့ပဲ။ ခင်ဗျားတို့ ပြည်သူတွေ စိုးပိုင်ခွင့်ရတော့မယ့် ကာလုကိုရောက်ပြီလို့ မှတ်လိုက်ပါ။ ဒီနေ့ဟာ သင်တို့နေ့၊ ဒီနေ့ အောင်ပွဲဟာ သင်တို့ အောင်ပွဲ၊ အမေရိကန် ပြည်ထောင်စုဟာ သင်တို့ နိုင်ငံ ပြန်ဖြစ်ပြီ ဆိုတာကို ဒီနေ့ ရောက်ရှိလာကြတဲ့ ပရိတ်သက်ကိုသာမက တစ်နိုင်ငံလုံးကနေ ကြည့်နေကြတဲ့ ရုပ်သံ ပရိတ်သတ်ကိုပါ အထူးပြောကြားလိုပါတယ်။

တကယ်တော့ အစိုးရကို ဘယ်နိုင်ငံရေး ပါတီက ဦးဆောင်ဖွဲ့စည်းသလဲဆိုတဲ့ မေးခွန်းထက်ကို အဲဒီအစိုးရက ပြည်သူလူထုရဲ့ ဦးစီးမှုနှင့် ပေါ်ပေါက်လာတာမှ ဟုတ်ရဲ့လားဆိုတဲ့ အချက်ကပိုအရေးကြီးတာ သတိပြုကြဖို့ လိုပါတယ်။ ၂၀၁၇ ဇန်နဝါရီ (၂၀) ဟာ ကျုပ်တို့သမိုင်းမှာ လူထုလက်ကို အမှန်တကယ် အာဏာပြန်လည် သက်ဆင်းတဲ့ ရက်အဖြစ် မော်ကွန်းတင်စေရမယ်။ မေ့လျော့ခံ အမျိုးသား အမျိုးသမီး အပေါင်းတို့။ သင်တို့ အမေ့ခံ ဘဝက ကျွတ်လွတ်မယ့်နေ့ကို ရောက်ပြီမှတ်လိုက်ပါ။

သင်တို့ရဲ့ ပြောဆိုသံခပ်သိမ်းကို အားလုံးက အလေးထား နားထောင်ရမယ့် အချိန်ကို တကယ်ရောက်လာပြီ။ ဒီနေ့လို သမိုင်းဝင် အခန်းအနားကို သန်းပေါင်း ဆယ်လီထပ်အောင် လာရောက်အားပေးကြတာဟာဆိုရင် မကြုံစဖူး ရာဇဝင် တွင်စရာ ဖြစ်ခဲ့ပြီ။ အခုလို အုံနှင့် ကျင်းနှင့် အင်အားပြ တက်ရောက်ကြတဲ့ ပွဲကြီးရဲ့ ဗဟိုချက် နိယာမကတော့ နိုင်ငံတော်ဆိုတာ အများပြည်သူကို အလုပ်အကျွေးပြုဖို့ ရပ်တည်ရရုံမှ တစ်ပါး အခြားမရှိဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျုပ်တို့ အမေရိကန်လူမျိုးတွေဟာ ကိုယ့်ရင်သွေးတွေအတွက် စာသင်ကျောင်း ကောင်းကောင်း ရှိစေချင်ကြတယ်ဗျာ၊ အေးချမ်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်မိသားစု သိုက်မြုံလေး ထူထောင်ချင်ကြတယ်ဗျာ၊ မိမိကိုယ်မိမိ ခိုင်မာတဲ့ သမာအာဇီဝ အလုပ်လေး တစ်ခု သတ်သတ် မှတ်မှန် လုပ်ချင်ကြတယ်ဗျာ၊ တကယ်တော့ လေ၊ ကျုပ်တို့ ပြည်သူတွေ တောင့်တတာက သိက္ခာရှိတဲ့ နိုင်ငံကြီးသားတစ်ယောက်အဖို့ လောဘမကြီးလှဘဲ သဘာဝကျတဲ့ ဆန္ဒ တွေပါလေ။ ဒါပေမယ့်ဗျာ၊ ကျုပ်တို့ လူမျိုး အများစုဟာ ကိုယ်တောင့်တ လိုချင်တဲ့ ဆန္ဒတွေနှင့် မပြည့်စုံနိုင်ကြရှာဖြစ်နေရတယ်။ မြို့တွင်း စည်ပင်နယ်နိမိတ် မြို့နယ်တွေမှာတောင် မိခင်နှင့် သားငယ်သမီးငယ်လေးတွေ ဆင်းရဲမွေးတေမှုရဲ့ ဒဏ်ကို ဖြစ်သလို ခါးစီးခံနေရတုန်းဗျ၊ တောင်ပေါ် မြေပြန့်မကျန် တစ်နိုင်ငံလုံး သံချေးကိုက်နေတဲ့ စက်ရုံတွေဟာ သုသန် တစပြင်လို ခြောက်သွေ့နေတာလည်း အားလုံး အမြင်ပဲ၊ သောက်သောက်လဲ အသုံးပြထားတဲ့ ပညာရေး စနစ်ကြီးဟာဆိုရင်လည်း ကျုပ်တို့ ပြည်သူများရဲ့ ချစ်ခင်မြတ်နိုးဖွယ် ကလေးငယ်တွေကို တကယ့် အသိပညာကို မပေးနိုင် ဖြစ်နေခဲ့ပြီ၊ ရာဇဝတ်မှု၊ ဒုစရိုက်ဂိုဏ်း၊ မူးယစ်ဆေးသုံးစွဲမှု တွေဟာ လူ့အသက်များစွာကို ဆုံးရှုံးနေစေပြီး တိုင်းပြည်အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီးနေပြီဆိုတာလည်း တွေ့ရမှာ ဖြစ်တယ်။

အခု ကျုပ်ပြောခဲ့တဲ့ ကပ်ဘေးအနိဋ္ဌာရုံ ဘေးဆိုးကြီးကနေ ဒီနေ့ ဒီနေရာမှာ ရုံးထွက်တော့မှာ ဖြစ်တယ်။ ကျုပ်တို့ဟာ တစ်နိုင်ငံထည်း နေကြသူတွေ ပီပီ အခြားပြည်သူတို့ရင်ဆိုင်ရတဲ့ ဘေးဟာ ကျုပ်တို့အားလုံးကို ခြိမ်းခြောက်နေတဲ့ ဘေးလို့မှတ်ယူရမှာဖြစ်တယ်။ အခြားပြည်သူတွေ လိုလားတောင့်တရာ အိပ်မက်အပေါင်းဟာလည်း ကျုပ်တို့အားလုံး ငံ့လင့်ရာ ဆန္ဒတွေပဲ ဖြစ်တယ်။ ဒီလိုပဲ အခြားပြည်သူတွေ အောင်မြင်မှု ရလာရင် ကျုပ်တို့ အောင်မြင်မှုတွေပဲ ခံစားရ့မှာ ဖြစ်တယ်။ ကျုပ်တို့အားလုံးဟာ အိမ်တစ်အိမ်ထဲမှာ နေထိုင်၊ တူညီတဲ့ နှလုံးသား ရင်ခုန်သံတွေနှင့် တောက်ပတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်နေသူတွေသာဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒီနေ့ ကျုပ် ကျမ်းကျိမ်ပြီး ရာထူး အပ်နှင်းခံရတာဟာ တကယ်တော့ အမေရိကန်နိုင်ငံသားအားလုံးအပေါ် သစ္စာခံ ပဍိညဉ်ခံလိုက်တာပဲ ဖြစ်တယ်လို့ နှလုံးသွင်းထားပါတယ်။ ကျုပ်တို့ တိုင်းပြည်ဟာ ဆယ်စုနှစ်များ စွာတိုင်အောင် ကိုယ့်နိုင်ငံမှာတော့ မွဲပြာကျပြီး အခြားနိုင်ငံတွေ အကျိုး ဖြစ်ထွန်းမယ့် လမ်းစဉ်တွေကို လိုက်ခဲ့မိကြပြီ။ သူများတိုင်းပြည် တပ်မတော်တွေကို စရိတ်ကုန်ခံ အားဖြည့်တင်းရင်း ကိုယ့်တပ်မတော်ကိုကျတော့ ဝမ်းနည်းစရာ ကောင်းလောက်အောင် ချိနဲ့စေခဲ့မိပြီ၊ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို ကျတော့ မထိုးဖောက်နိုင်အောင် အစွမ်းကုန် မစောင့်ရှောက်ဘဲ သူများတိုင်းပြည် နယ်နိမိတ်တွေကို လျှောက်ကာကွယ်ခဲ့ကြရပေါင်းလည်း များလှပြီ။ အမေရိကန် အခြေခံ အဆောက်အဦတွေဟာ ပျက်ဆီးယိုယွင်းနေချိန်မှာ နိုင်ငံတကာမှာတော့ ကျုပ်တို့ငွေတွေ သန်းပေါင်း ထောင်နှင့် သောင်းနှင့်ချီပြီး လျှောက်သုံးခဲ့ကြဖူးပြီ။

သူများ နိုင်ငံတွေကိုကျတော့ ကြွယ်ဝချမ်းသာဖို့ ကူညီနေကြတာနှင့်ပဲ အမေရိကရဲ့ ဓနတွေ ဆုတ်ယုတ်၊ အားအင်တွေလျော့၊ ယုံကြည်မှုတွေ ကျဆင်းလို့ မိုးကုတ်စက်ဝိုင်းအောက် ပျောက်ခြင်းမလှ ပျောက်ခဲ့ရပြီ၊ စက်ရုံအလုပ်ရုံတွေဟာ ကျုပ်တို့ မြေပေါ်မှာ တစ်ခုပြီး တစ်ခု ပိတ်လို့ သူများ နိုင်ငံတွေဆီ သွားဖွင့် ကုန်ကြပြီ။ အမေရိကန်လူမျိုးတွေ သန်းနှင့် ချီပြီး အလုပ်လက်မဲ့ ဖြစ်ကုန်မယ်ဆိုတာ သိရက်နှင့် လုပ်နိုင်အားရက်ကြတယ်ဗျာ။

လူများစုဖြစ်တဲ့ အလယ်လတ်တန်းစား လူထုရဲ့ ကြီးပွားချမ်းသာခွင့်တွေဟာ သူတို့ ပတ်ဝန်းကျင်ကနေ ပိတ်သိမ်းပြီး တစ်ကမ္ဘာလုံးကို ဥဒဟို လွင့်စင်ကုန်ကြပြီ။ ဒါပေမယ့် အဲဒါတွေကို ကျုပ်တို့ အတိတ်အဖြစ် သတ်မှတ်လိုက်ကြပါစို့၊ အနာဂတ်သစ်ကို ဖန်တီးကြပါစို့။
ဒီနေ့ စုရုံးရောက်ရှိလာတဲ့ လူထုပရိတ်သတ်ကြီးဟာ တစ်ကမ္ဘာလုံး အနိုင်နိုင်က မြို့တော်တွေ၊ အုပ်ချုပ်ရေး ယန္တရားတွေ တုန်ဟီးစေမယ့် ရာဇသံကို ရိုက်ခတ်စေခဲ့ပြီ။ ဒီနေ့ကစလို့ အမြင်သစ်နှင့် ရပ်တည်မယ့် နိုင်ငံအဖြစ် ပြဌာန်းလိုက်ကြပြီ ဖြစ်တယ်။

အခုချိန်ကစလို့ အမေရိကန်သည်သာ ပထမဆိုတဲ့ မူကို ကျုပ်တို့ စွဲကိုင်သွားတော့မှာ ဖြစ်တယ်။ ကုန်သွယ်ရေး၊ အခွန်တော် စီးကြပ်ရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ နိုင်ငံခြားရေးစတဲ့ များစွာသော အရေးတို့မှာ အမေရိကန် အလုပ်သမားထု အကျိုးအတွက် အမေရိကန် မိသားစုများ ကြီးပွားဖို့အတွက်သာ ရည်သန်ဦးထိပ်ထားတော့မှာ ဖြစ်တယ်။ ကျုပ်တို့ သုံးနေတဲ့ ထုတ်ကုန်တွေကို သူများနိုင်ငံတွေမှာ သွားထုတ်၊ သူများနိုင်ငံတွေမှာ သွား အလုပ်လုပ်ချင်တဲ့ သူခိုးစိတ်ထားနှင့် ကုမ္ပဏီတွေလက်ကနေ ကျုပ်တို့ နယ်နိမိတ်ကို ကောင်းကောင်းကြီး ကာကွယ်ရမယ့် အချိန်ရောက်ပြီ ဖြစ်တယ်။  ဒီလို ကာကွယ်ခြင်းအားဖြင့် ကုံလုံကြွယ်ဝမှုကို ပြန်လည်တည်ဆောက်ရင်း အားမွေးရမှာ ဖြစ်တယ်။

ကျုပ်ခန္ဓာကိုယ်မှာ ဝင်သက် ထွက်သွက် မရပ်သေးသမျှ ကာလပတ်လုံး ကျုပ်ပြည်သူတွေအတွက် တိုက်ပွဲဝင်သွားရမှာပဲ ဖြစ်တယ်။ ကျုပ်အတွက်ကြောင့်လေ၊ ကျုပ်ပြည်သူတွေတွေ ဘယ်သောအခါမှ မျက်နှာငယ်ရ စိတ်ဓာတ်ကျရတဲ့ အဖြစ်မျိုး မကြုံရစေဘူးဗျာ။
အမေရိကန်တွေအတွက် အောက်မြင်မှုတွေ စတင်ဆောင်ကြဉ်းလာစေမယ့် အချိန်တော့ရောက်ပြီ။ အရင် ဘယ်ခေတ်နှင့်မှ မတူတဲ့ အောင်သီးအောင်နှံတွေကို ရှိမယ့်အချိန်လို့လည်း ဆိုနိုင်ပြီ ဖြစ်တယ်။ အလုပ်အကိုင်တွေကို ကျုပ်တို့လက်ပြန်ရောက်အောင် လုပ်တော့မယ်။ ကျုပ်တို့ နယ်နိမိတ်တွေကို ပြန်လည် ထင်ရှားစေတော့မယ်။ ကျုပ်တို့ ဓနအင်အားတွေကို ပြန်လည် ရှင်သန်စေတော့မယ်။ ကျုပ်တို့ အိပ်မက်တွေကို ပြန်လည် အသက်သွင်းစေတော့မှာ ဧကန်ဖြစ်တယ်။

လမ်းသစ်တွေဖောက်၊ တံတားသစ်တွေဆောက်၊ လေဆိပ်တွေ၊ ဥမင်လိုဏ်ခေါင်းတွေ၊ ရထားလမ်းတွေကိုလေဗျာ၊ အလွန်သာယာ လှပတဲ့ ကျုပ်တို့ နိုင်ငံတော်ကြီး တစ်နံတစ်လျား လက်ယှက်ထိုး ကွန်ယက်တွေ ဖြန့်ကျက် လိုက်ကြပါစို့၊ သူများ အစောင့်အရှောက်ကို မီခိုရတဲ့ ပရဟိတ သားကောင်တွေဘဝကနေ ကျုပ်တို့ ပြည်သူတွေကို ကယ်ထုတ်ပြီး သိက္ခာရှိရှိ အလုပ်အကိုင် ပိုင်ရှင်တွေအဖြစ် မြင်တွေ့စေရမယ်။ ကျုပ်တို့ရဲ့ အမိမြေကို အမေရိကန် လက်၊ အမေရိကန် လုပ်အားနှင့် တည်ဆောက်ကြမယ်။ အဲလို ဖြစ်ဖို့ စည်းကမ်းနှစ်ခုတော့ ပြတ်ပြတ်သားသား သိရှိလေးစားဖို့ လိုလိမ့်မယ်။ အမေရိကန် ဖြစ် ထုတ်ကုန်တွေသာ အားပေးလို့ အမေရိကန် လုပ်သားတွေကိုသာ အသုံးပြုကြပါ။

ကျုပ်တို့ဟာ ကမ္ဘာ့နိုင်ငံတွေနှင့် မိတ်ဆွေဖြစ်ဖို့၊ ချစ်ကြည်ရေး တည်မြဲဖို့ အမြဲ ကြိုးစားရမှာ မှန်တယ်။ ဒါပေမယ့် အဲလိုလုပ်ရာမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုယ့်ပြည်တွင်းရေးကို ဖန်တီးစီမံပြီး ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို ရှေ့တန်းတင်ခွင့် အပြည့်အဝရှိတယ်ဆိုတာ နားလည်လေးစားဖို့လိုမှာ ဖြစ်တယ်။
ကျုပ်တို့ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနှင့်ကိုက်ညီလို့ ကျင့်သုံးနေတဲ့ တန်ဖိုးတွေ၊ စနစ်တွေကို သူများတွေ ကျင့်သုံးဖို့ အတင်းအကျပ် တိုက်တွန်းလို့ မဖြစ်ဘူး။ ကျုပ်တို့ မှန်ရင် သူတို့ဟာသူတို့ လိုက်အတုခိုးလာမှာ မလွဲဘူး ဖြစ်တယ်။

မဟာမိတ်ဟောင်းတွေနှင့် ဆက်ဆံရေး ပိုခိုင်မာအောင်လုပ်ရင်း မဟာမိတ် သစ်တွေ ရှာဖွေသွားရမယ်။ ဒီလိုနှင့် ယဉ်ကျေးမြင့်မားတဲ့ ညီညွတ်သော အင်အားစုကြီးတည်ဆောက်ပြီး အစ္စလာမ်အစွန်းရောက်တွေကို ဆန့်ကျင်သွားကြရမယ်။ ရန်သူကို ကမ္ဘာမြေပေါ်မှာ အကြွင်းမဲ့ ချုပ်ငြိမ်းသည်အထိ အပြုတ်နှံသွားရမှာ ဖြစ်တယ်။
ကျုပ်တို့ လမ်းစဉ်ရဲ့ ပင်မကျောရိုးဟာ ကျုပ်တို့ ပြည်ထောင်စုအပေါ် နိုင်ငံသားတိုင်းက လုံးဝဥသုံ သစ္စာရှိရေးပဲ။ ဒီသစ္စာတရားကို အခြေပြုလို့ ကျုပ်တို့ နိုင်ငံသားအချင်းချင်းလည်း သစ္စာ စောင့်သိမှုကို မွေးမြူရမှာ ဖြစ်တယ်။ နှလုံးသားမှာ အမျိုးသားရေး ရနံ့ ပျောင်းထုံကြူစိမ့်စေပြီဆိုလျှင် မတရား ဘက်လိုက်တဲ့ စိတ်ဓာတ်ကို ချုပ်ငြိမ်းစေမှာ အမှန်ပဲ။
“ကောင်းခြင်းဆိုးခြင်းဆိုတာ ဘုရားသခင်ကို ယုံကြည်သူတို့အချင်းချင်း ဘယ်လောက်ညီညွတ်ကြသလဲ ဆိုတဲ့ စံနှင့်တိုင်းတာရမယ်” လို့ သမ္မာကျမ်းစာမှာ ဆိုထားပါတယ်၊ ကျွန်ုပ်တို့ တွေဟာ ကိုယ်ယုံကြည်ရာကို ရဲရဲ ပြောဝံ့ကြရမယ်။ အမြင်မတူတာတွေကို ရိုးသားမှု အရင်းတည်လို့ အခြေအတင် ပြန်လှန် ဆွေးနွေးရဲရမယ်။ ဒါပေမယ့် စည်းလုံးညီညွတ်ရေးကို မျက်ခြည်အပြတ်ခံလို့ မဖြစ်ဘူး။ ညီညွတ်နေတဲ့ အမေရိကဆိုတာ ဘယ်သူတားဆီးလို့မရတဲ့ အောင်မြင်မှုကို ရမှာ အမှန်ဖြစ်တယ်။ ကျုပ်တို့ဟာ လုံခြုံတဲ့ ဘဝမှာ ဘယ်သူု့ကိုမှ ကြောက်စရာ မလိုအောင် ဖန်တီးထားရမှာ ဖြစ်တယ်။

တပ်မတော်၊ လုံခြုံရေး လက်နက်ကိုင် အခြားတပ်ဖွဲ့တွေမှာ အမှုထမ်းနေတဲ့ စစ်သား၊ စစ်သမီးအပေါင်းရဲ့ ကာကွယ်မှုအောက်မှာ ကျုပ်တို့ အစဉ်ကျေးဇူုးသိနေမှာ ဖြစ်သလို ဘုရားသခင်ရဲ့ စောင့်ရှောက်မှု ကိုအမြဲ ခံယူရရှိတဲ့ တိုင်းပြည်ဖြစ်တယ်လို့လည်း ကျုပ်တို့ အစဉ်ယုံကြည်နေဖို့လိုတယ်။

နောက်ဆုံး ပြောလိုတာက ကျုပ်တို့တွေဟာ မြင့်မြင့်မားမားတွေးယုံသာမက မြင့်မားတဲ့ အိပ်မက်တွေကိုလည်း မက်ရဲတဲ့ တိုင်းပြည်ဖြစ်ဖို့လိုတယ်။ အမေရိကန်နိုင်ငံမှာ ရှေ့သို့ချီတက်နေမှ ရှင်သန်နိုင်မယ်ဆိုတာ အားလုံး သိပြီးဖြစ်တယ်။ အပြော သက်သက် အလုပ်ကမသွက်တဲ့ နိုင်ငံရေးသမားတွေကို ကျုပ်တို့ လက်မခံဘဲ ပယ်ချရမှာ ဖြစ်တယ်။ ဘေးထိုင်ဘုပြော တကယ်ကျတော့ ကုစားဖို့ အဖြေတစ်ခု မဆောင်ကြဉ်းနိုင်သူတွေကို လက်တွဲဖြုတ်ရမှာ ဖြစ်တယ်။

အနှစ်သာရကင်းမဲ့တဲ့ စကားချိုချိုတွေ ပြောတဲ့ ကာလလွန်မြောက်လို့ အလုပ်နှင့် သက်သေပြမယ့် အချိန်နာရီတွေကို ပြညွှန်နေတော့မယ့်အချိန်ကို အမှန်တကယ်ရောက်ခဲ့ပြီ ဖြစ်တယ်။

အရှုံးဆိုတာ ကျုပ်တို့အတွက် ဘယ်တော့မှ မဖြစ်စေရဘူး။ တိုးတက်အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာ ရယူ နိုင်တော့မှာသာ ဖြစ်တယ်။ ထောက်စုနှစ် ကူးပြောင်းခါစမှာ လူလာဖြစ်ရတဲ့ ကျုပ်တို့အဖို့ အပြောကျယ် နက်နဲ လျှို့ဝှက်လှတဲ့ အာကာသကို ထိုးဖောက် ချဲ့ထွင်ရမယ်။ ကမ္ဘာလောကကြီးကို ရောဂန္ထရ ကပ်ဘေးအဖုံဖုံက ကယ်တင်ဖို့ နည်းပညာ ရှာဖွေ အားထုတ်ကြရမယ်။ မနက်ဖြန်များစွာအတွက် စွမ်းအင်၊ စက်မှု၊ နည်းပညာတွေ တိုးတက်အောက် ဝါယမ စိုက်ထုတ်ကြရမယ်။

ဆန်းသစ်တဲ့ ဇာတိဂုဏ်မာနနှင့် စိတ်ဓာတ်တွေကို တက်ကြွစေရမယ်။ အမြင်တွေ မြင့်မားစေရမယ်။ ကွဲပြားမှုတွေကို ရပ်ဆိုင်း ညီညွတ်စေရမယ်။ စစ်သားဟောင်းတို့ရဲ့ ဆောင်ပုဒ်တစ်ခုကို ပြန်လည် နှလုံးသွင်းရမယ်၊ အဲဒါကတော့ ဒို့တွေဟာ ဖြူသည်၊ မည်းသည်၊ ညိုသည် ဖြစ်စေကာမူ ဒို့ တွေရဲ့ သွေးကြောထဲမှာတော့ မျိုးချစ်သားကောင်းတို့ရဲ့ သွေးမဖြစ် ရဲရဲနီတဲ့ အရောင်တစ်မျိုးသာ စီးဝင်နေတယ်ဆိုတာပဲ ဖြစ်တယ်။ လွတ်လပ်ရေးနှင့် အနှစ်သာရကို ခံစားရင်း ကျုပ်တို့အားလုံးဟာ တစ်ခုတည်းသော အမေရိကန်ကန် အလံကို အစဉ် အလေးပြုကြရမယ်။ ဒိထရိုက်လို ထူထပ်တဲ့ မြို့ပြမှာ ကြီးပြင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖြစ်၊ နီဘရားစကားလို ကွင်းပြင်ကျယ် ပြည်နယ်မှာ နေထိုင်တဲ့ ကလေးဖြစ်ဖြစ် အမေရိကန် နိုင်ငံသားတိုင်းဟာ တူညီတဲ့ နက္ခတ်ကို မျှော်ကြည့်ရင်း တူညီတဲ့ အိပ်မက်ကို မက်လို့ တစ်ဆူထည်းသော ဖန်ဆင်းရှင် ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်တဲ့ စိတ်မွေးမြူကြရမယ်။
အဲတော့ သင်တို့ကို ဘယ်သောအခါမျှ လစ်လျူရှုတော့မှာမဟုတ်ဘူးဆိုတာကို မြို့ကြီး၊ မြို့ငယ်၊ တောလက်ကျေးရွာ၊ ရေဆုံး ကုန်းဆက်၊ တောင်ပေါ်မြေပြန့် နေရာလပ်မကျန်အောင် အမေရိကန် လူမျိုးတိုင်း သိစေချင်တယ်။ သင်တို့ရဲ့ အသံ၊ သင်တို့ရဲ့ မျှော်လင့်ချက်၊ သင်တို့ရဲ့ အိပ်မက်တွေဟာ အမေရိကန်အနာဂတ် ရှေ့ရေးကို ထုဆစ်ကြတော့မှာ ဖြစ်တယ်။ သင်တို့ရဲ့ သတ္တိ၊ သင်တို့ရဲ့ စေတနာ၊ သင်တို့ရဲ့ မေတ္တာတွေဟာ ကျုပ်အတွက် မူဝါဒလမ်းညွှန်တွေဖြစ်မှာ ဖြစ်တယ်။
တူညီသော တွဲလက်များနှင့် ကျုပ်တို့ အမေရိကကို ပြန်လည်သန်စွမ်းစေကြမှာ ဖြစ်တယ်။ ပြန်လည် ကြွယ်ဝစေမှာ ဖြစ်တယ်။ ဂုဏ်သိက္ခာ ပြန်လည် မြင့်မားစေမှာဖြစ်တယ်။ အေးချမ်းလုံခြုံစေမှာ ဖြစ်တယ်။
ဟုတ်ပါတယ်၊ ကျုပ်တို့ အားလုံး ညီညီညွတ်ညွတ်နှင့် အမေရိကရဲ့ ကြီးမြတ်မှုကို ပြန်လည် ဆောင်ကြဉ်းကြမှာ ဖြစ်တယ်။ ကျေးဇူးတင်ပါတယ် သင်တို့အားလုံးနှင့် အမေရိကန် ပြည်ထောင်စုကြီးကို ဘုရားသခင် စောင့်ရှောက်ပါစေသော်ဝ်။"

Sources: MHM Editor Group

No comments:

Post a Comment