Latest News

Monday, January 23, 2017

မအိနှင့် Bus ကားများ

မအိနှင့် Bus ကားများ

Bus ကားလို့ပြောရင် ချောင်တစ်ချောင်မှာ အကျထိုင်လို့ ငိုက်ရတဲ့ အရသာကို မြန်မာပြည်က Bus ကား ခပ်ကြာကြာ စီးကြသူတိုင်း ခံစားတတ်မယ် ထင်ပါရဲ့။

ငယ်ငယ်ကတော့ ကျောင်းပိတ်ရက် မိဘတွေက အပြင်လိုက်ပို့တော့မှ လိုင်းကားစီးရတတ်သည်။ အဲတုန်းကလည်း လိုင်းကားဆိုသည်က ဟိုင်းလပ်နှင့် ဒိုင်နာများသာ ဖြစ်ပြီး ယိမ်းထိုးနေအောင် မောင်းတတ်လွန်းသော ဒရိုင်ဘာကြောင့် သံကိုင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး စီးခဲ့ရတာပါ။ ကားပေါ်က ဆင်းလိုက်ရင် သံကိုင်းကို ကိုင်ထားခဲ့တဲ့ လက်တွေမှာ သံချေးတွေကပ်လို့ ပေလို့၊ မပေလာရင်တောင် သံချေးနံ့တွေ ကျန်နေခဲ့ရော။ အဲဒီတုန်းက ပုလဲမှာနေတဲ့ မအိတို့က မင်္ဂလာဒုံဈေးကိုလာရင် လိုင်းကားခ ၂ ကျပ်ခေတ်။ အဲဒီတုန်းက ကိုယ်က မူလတန်းအရွယ်။

နောက် သိပ်မကြာလိုက်ဘူး အန်တီအိတို့ အလယ်တန်းတက်တဲ့အချိန် Aircorn Bus တွေ ပေါ်လာတယ်။ ပေါ်ခါစ ဘယ်စီးစီး တစ်ယောက် ၂၀ ကျပ်၊ Aircorn Bus ကလည်း အေးစိမ့်ပြီး သန့်ရှင်းနေတာပဲ။

မအိတို့ ၁၆ နှစ်မှာ ဆယ်တန်းဖြေပြီးခါစ ၂၀၀၄ ခုနှစ်က မုန့်ဖိုးရအောင် ၈ မိုင်က အဒေါ်ဆီမှာ အလုပ်လုပ်တော့ ဘယ်စီးစီး ၂၀ Aircorn Bus တွေဟာ Aircorn ဆိုတာ ဘာလဲလို့ ပြန်မေးရမလိုပဲ။ မူလတန်းအရွယ်က စီးခဲ့ဖူးတဲ့ လိုင်းကားတွေလို သံချေးတို့ဖြင့် မွမ်းမံအပ်ပြီး ချွေးနံ့တို့ဖြင့် ထုံမွှမ်းသော အခြေအနေပင် ဖြစ်နေပေပြီ။

နောက် တစ်နှစ်လောက်မှာ ဘယ်စီးစီး ၅၀။ နောက်တော့ ခရီးတစ်ဝက်ကို ၅၀ ခရီးဆုံးထိ ၁၀၀။ အဲဒီနောက် ဘယ်စီးစီး ၂၀၀ ဆိုတဲ့ Bus ခပ်သန့်သန့်လေးတွေ ပေါ်လာပြန်တယ်။ ပေါ်ခါစကတော့ ကောင်းမွန်သန့်ရှင်းနေပေတာပါပဲ။ အဲဒီကျတော့ ၂၀၁၀ ကျော်ပြီ ထင်ပါရဲ့။

နောက်တော့ အန်တီအိလည်း ရေကြည်ရာ မြက်နုရာရွှေ့ရင်း ထိုင်းနိုင်ငံက ဘတ်စ်ကားတွေ၊ မိုးပျံရထားတွေ၊ မြေအောက်ရထားတွေ၊ အမြန်ကားလေးတွေ၊ စတာတွေကို မြည်းစမ်းကြည့်ခွင့် ရခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ဘန်ကောက် ရွှေမြို့တော်ကြီးမှာ ဆိုရင် ဘယ်လိုပဲ ကားကျပ်တယ် ဆိုစေကာမူ အလုပ်သမားတွေ၊ ကျောင်းသမား၊ ရုံးသမားတွေဟာ သူတို့အလုပ်ရှိရာ သင်တန်းရှိရာ ကျောင်းရှိရာကို နောက်ကျရိုးထုံးစံ မရှိတတ်ကြသလို အချိန်နဲ့ တစ်ပြေးညီ ပြေးဆွဲပေးနေတဲ့ ရထားတွေနဲ့ ကားတွေအပြင် မော်တော်ဆိုင်ကယ် တက္ကစီတို့၊ Van (အမြန်ကားလေးတွေ) တို့တွေကြောင့် သွားလိုရာကို အပင်အပန်းမရှိ မြန်မြန်ဆန်ဆန် ရောက်ရမြဲပေ။

လက်မှတ်ကိုလည်း လပေးဝယ်မလား၊ တစ်ခါချင်း ပေးဝယ်မလား၊ အဆင်ပြေသလို ဝယ်လို့ရသည်။ ဈေးပေါပေါရှိတဲ့ ဘတ်စ်ကားအဟောင်းတွေ ရှိသလို (မြန်မာပြည်ရဲ့ အတိုင်းအတာနဲ့) ဈေးကြီးတယ်လို့ ပြောလို့ရတဲ့  မိုးပျံရထားနဲ့ မြေအောက်ရထားတွေလည်း ရှိတာမို့ ကိုယ့်ဘတ်ဂျက်နဲ့ချိန်လို့ အဆင်တပြေ ရှိတာကို ရွေးချယ်နိုင်ပြန်ပါတယ်။

အဲဒါအပြင် ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကလည်း ဈေးသက်သက်သာသာနဲ့ အရစ်ကျတစ်မျိုး၊ ငွေလက်ငင်းတစ်ဖုံ၊ အကြွေးနဲ့ တစ်ဘာသာ အလွယ်တကူ ဝယ်ယူရရှိနိုင်တာမို့လည်း လမ်းမပေါ်မှာ ဥဒဟို သွားလာနေကြတဲ့ ယာဉ်ကြီးယာဉ်ငယ်တွေကလည်း မနည်းလှပြန်ဘူး။

ရုံးဆင်းရုံးတက် ယာဉ်ကြောကျပ်သော်ငြားလည်း ဘန်ကောက်မှာ တစ်နေရာနဲ့ တစ်နေရာ ဘယ်လောက်ဝေးဝေး သွားရလာရ သိပ်မခက်လှပေ။ မြို့တော်သူ မြို့တော်သားတွေဟာလည်း ဘယ်အချိန်ပဲကြည့်လိုက် ကြည့်လိုက် လှပသန့်ရှင်းနေကြတာကိုလည်း သတိထားမိရပြန်ပါတယ်။

နောက်တစ်ဖန် ရိုမန့်တစ်ဆန်လှတဲ့ ဥရောပမြို့တော်တစ်ခု ဖြစ်တဲ့ ပါရီက မြေအောက်ရထားတွေ၊ မိုးပျံရထားတွေ၊ ကားရထားတွေ၊ ကျည်ဆန်ရထား၊ ဘတ်စ်ကားအပြင် အများပြည်သူသုံး စက်ဘီးတွေ၊ အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေးစနစ်ကို အားပေးပုံတွေ၊ ပြည်သူလူထုကို ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ရနိုင်အောင် ဆောင်ရွက်ပေးထားပုံတွေကိုလည်း တို့ထိကြည့်ခွင့် ရခဲ့ပါတယ်။

ပါရီမှာ ကိုယ်ပိုင်ကား ဝယ်ရတာ တန်လှပါတယ်။ လစဉ် အရစ်ကျ ပေးချေလို့ ရတာကြောင့် တစ်လ ယူရို ငွေရာဂဏန်းလောက် ပေးနေရုံနဲ့ (မြန်မာပြည်မှာ တစ်လ ကားတစ်စီး ငှားစီးရတာထက် တန်သလိုပါပဲ) ကားပိုင်နိုင်ပေမယ့် ပါကင်ခက်ခဲခြင်း၊ ကားပါကင်ခ ဈေးကြီးခြင်း စတဲ့ ကားပိုင်ရခြင်း ဒုက္ခကတော့ မသေးလှတာကြောင့် ပြည်သူအများစုဟာ အများပြည်သူသုံး ပို့ဆောင်ရေးများကိုသာ အားပေးကြပါတယ်။

အမြဲတစေ ပြေးလွှားနေကြရတဲ့ ပါရီသူ ပါရီသားများအတွက် ရထားအစုံစုံဟာ ဆိုရင်ဖြင့် မိနစ် စက္ကန့်မလွဲ အတိအကျ ရောက်ကြရပါတယ်။ ဘတ်စ်ကား စီးလျှင်မှ လမ်းကျပ်တာ ကြုံနိုင်ပေမယ့် ရထားသာစီးသွားပါလေ မြန်မြန်ရောက်ပါလိမ့်မည်ဟုသာ ညွှန်ရမည်လိုပင်။ ရထားလည်း မစီးချင်၊ ကားလည်း မစီးချင်၊ မြို့ထဲက အလှအပလေးတွေကိုငေးရင်း အေးအေးဆေးဆေး သွားမည်ဆိုလျှင်တော့ စက်ဘီးသာ စီးသွားပါလေ၊ လိုရာခရီးကို အန္တရာယ်ကင်းကင်း ရောက်ဖို့ရာ စနစ်တကျ ရှိနေပေသည်။

ဈေးနှုန်းကိုရော ကြည့်ဦးမလား၊ အင်္ဂလန်လိုနိုင်ငံနဲ့ ယှဉ်ရင် ဈေးသက်သာလှသည်။ ပါရီတစ်မြို့လုံး ကြိုက်တဲ့ရထားစီး အကြိမ်ရေ ကြိုက်သလောက်စီး တစ်ပတ်လျှင် ၂၂ ယူရို၊ တစ်လလုံးမှ ၈၀ ယူရိုတည်း ကျသင့်အောင် (သူတို့နိုင်ငံက လူနေမှု အဆင့်အတန်းအရ ဈေးသက်သာသော နှုန်းထား ဖြစ်ပါသည်) ရွေးကောက်ခံတို့က စီမံထားကြသည်။ စက်ဘီးစီးမလား၊ ပိုတောင်သက်သာသေးသည်။ ပထမ ၂ နာရီကို အလကား ဖြစ်သောကြောင့် ဖြစ်သည်။ ၂ နာရီ ကျော်ပါက ပထမ တစ်နာရီကို ၇ ယူရိုဖြစ်ပြီး ဒုတိယ တစ်နာရီကို နောက်ထပ် ၅ ယူရို ထပ်ကောက်ပါသည်။ အရာရာက Internet Banking များ ဖြစ်သောကြောင့် ဘယ်နေရာမှာမှ လူက ထိုင်ရောင်းနေတာမျိုး ငွေထိုင်ကောက်နေတာမျိုး မရှိပေ။ စက်ဘီးတော့ မပျောက်လေနှင့် စယူကတည်းက ကြွေးဝယ်ကတ်နဲ့ ငှားရတာ ဖြစ်တာကြောင့် ပျောက်ရင်တော့ အဲကတ်ထဲက ယူရို ၁၅၀ လောက် အလိုအလျောက် နုတ်သွားမှာ ဖြစ်ပါတယ်။

သမိုင်းတွေဟာ တစ်ပတ်လည်သလို အန်တီအိတို့ ရန်ကုန်ပြန်ရောက်လာတော့ YBS ဆိုလား ဝန်ကြီးချုပ်ကိုယ်တိုင် စီးတယ်ဆိုလား ပြောနေကြလို့ စစီးတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က စီးခဲ့ဖူးတဲ့ ဘတ်စ်ကားလိုပဲ စပယ်ယာက ပိုက်ဆံတောင်းမြဲ၊ မှတ်တိုင်အော်ခေါ်မြဲ၊ ညစ်ပတ်မြဲ။

ဒုတိယတစ်စီး ထိုနည်း၎င်းင်းပဲ၊ တတိယတစ်စီးကျတော့ ဘယ်စီးစီး ၂၀ တန် ဘတ်စ်ကားကို စီးရသလို အဲကွန်းလေးနဲ့၊ စပယ်ယာလိုလို ပါသေးပေမယ့် ငွေကိုပုံးထဲထည့်လိုက်လို့ ရနေပြီ၊ ကတ်တွေ ကြိုးစားပြောင်းနေသော်လည်း ငွေကသာ အဓိက ဖြစ်နေဆဲ။ ၂၀ တန် ၅၁ AirCorn Bus ထက်တော့ လူများနေတာ အမှန်ပါပဲ။

ရထားကျတော့ တိုးလို့ပင်မပေါက်။ ဘာပဲပြောပြောလေ ၂၀ တန် ကားအသစ်က ကားအဟောင်းဘဝကို ရောက်သွားသလို YBS တွေ ဒုံရင်းပြန်မရောက်ဘဲ ရှေ့ဆက်ကောင်းပါစေကြောင်း၊ စပယ်ယာများလည်း အလုပ်ရပါစေကြောင်း၊ ဒရိုင်ဘာများလည်း ကျန်းမာချမ်းသာ စိတ်ရှည်ကြပါစေကြောင်း၊ ပြည်သူများလည်း လိုရာခရီးကို အပင်အပန်းမရှိ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်သောနေ့ အမြန်ရောက်လာပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။          

Sources: The Voice

No comments:

Post a Comment