Latest News

Monday, January 16, 2017

ရသစာပေကျဆုံးရင် လူသားတွေ ရိုင်းကုန်မှာဖြစ်ပါတယ်

ရသစာပေကျဆုံးရင် လူသားတွေ ရိုင်းကုန်မှာဖြစ်ပါတယ်

တွေ့ဆုံမေးမြန်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

ရန်ကုန် ဇန်နဝါရီ ၁၅

''ခိုင်ကြည်စေတဲ့စိတ်၊ ပဲ့ပြင်နိုင်တဲ့ ဉာဏ်၊ သိမ်မွေ့စေတဲ့နှလုံးသား ဒါတွေ အားလုံး ဟာ စာဖတ်ခြင်းမှရနိုင်ပါတယ်''ဟု အဝင် ပေါက်တွင်ရေးသား ထားသော ဗီနိုင်းစာသားလေးကို ဖြတ်သွားသည့် သူတိုင်းကငေးမော ဖတ်ရှုနေသည့် မြင်ကွင်း----။ အများသူငါလိုအမှတ်တမဲ့ ဖတ်ဖြစ် ခဲ့ပေမယ့် အဓိပ္ပာယ်က နက်နဲလွန်းနေ သည်။ ထိုစာသားလေးကို ယနေ့ ရန်ကုန် မြို့ ဦးဖိုးကျားလမ်းရှိ မီးရထားဓမ္မာရုံ အဝင်ပေါက်တွင် ထောင်ထားသည်ကို စာအုပ်ပုံများနှင့်အတူ တွေ့မြင်ခဲ့ရသည်။ အကြောင်းမှာ ရသစာဖတ်ဝိုင်း တစ်နှစ် ပြည့်အခမ်းအနားအဖြစ် ရသစာဖတ်ဝိုင်း ကို ကျင်းပရန် အစပြုနေခြင်းဖြစ်ကြောင်း သိရသည်။ အခမ်းအနားမစမီ ယနေ့ ခေတ် လူငယ်များနှင့် ရသစာပေစိန်ခေါ်မှု များနှင့်ပတ်သက်၍ ပွဲစီစဉ်သည့် ရသစာပေ ဆရာကြီး ဆရာမကြီးများ နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည် များကို ပြန်လည်ရေးသားဖော်ပြလိုက်ပါသည်။

စာရေးဆရာမ မိချမ်းဝေ

ဒီရသစာပေဝိုင်းကို ၂ဝ၁၃ သြဂုတ် ၁၈ ရက်ကစပြီး ဘူတာဝင်းအတွင်းက Lucky Flower လက်ဖက်ရည်ဆိုင်မှာ စာဖတ်ဝိုင်းကို စဖြစ်ခဲ့တယ်။ အဲဒီစာဖတ် ဝိုင်းကို ဆရာ ရဲသျှမ်းရယ်၊ ကျွန်မရယ်၊ နှင်းဝေငြိမ်းရယ် စဉ်းစားပြီးတော့ ရသ စာပေတွေ လူတွေဖတ်တာနည်းလာတဲ့ အခါမှာ လူထုကြားထဲမှာ စာဖတ်ပြမယ် ဆိုပြီး စခဲ့တာ။ လမ်းဆုံလမ်းခွမှာ ဖတ် မလား၊ လက်ဖက်ရည်ဆိုင်မှာ ဖတ်မလား ဆိုတော့ နောက်ဆုံး လက်ဖက်ရည်ဆိုင် ရွေးဖြစ်ခဲ့တယ်။ နှစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း လုပ်တယ်ဆိုတော့ နောက်တော့လည်း သိသွားကြတာပေါ့။ သိတော့လည်း စာပေသမားတွေ လာနားထောင်ကြတာ များပါတယ်။ စာပေဝါသနာ ပါတဲ့သူတွေများ လာတော့ နောက်ပိုင်း ဒီဝိုင်းကနေ စာပေယဉ်ပါးကာ စာရေးဆရာဖြစ်သွားတဲ့သူ တွေပါ ရှိလာတယ်။ အဲဒီစာပေဝိုင်းကို ၂ဝ၁၅ မှာရပ်ခဲ့ပြီး အခုမှ လုပ်ဖြစ်တာပါ။ ဒီကြားထဲဆရာကြီး မြသန်းတင့်နဲ့ ဆရာမကြီးလူထုဒေါ်အမာရဲ့ (၉၉ နှစ်)ပြည့်မွေးနေ့ပွဲမှာ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သေးတယ်။ ရသစာပေဟာ အခု နောက်ပိုင်းတော့ လူထုထဲ ကို ပြန်ရောက် လာမယ် လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဟိုတုန်း ကဟောပြောပွဲထဲမှာ လက်သီး၊ လက်မောင်းတန်းပြီး အစိုးရ မကောင်း ကြောင်းပြောကြတာလေ။

အဲဒီလိုနိုင်ငံ ရေးစကားလုံးတွေနဲ့ ပြောတာတွေ ပြည်သူတွေကနားငြီးသွားပြီ။ ဆရာမ တို့က အဲဒီအချိန်ကတည်းက လိုက်မပြော ဘူး။ ရသလမ်းကြောင်းပေါ် မှာပဲရပ်တည် ခဲ့တာ။ အခုဆို ရသစာဖတ်ဝိုင်းတွေကို လူထုက ပြန် လည်တောင်းဆိုနေကြပြီ။ နိုင်ငံရေးပေါက်ကွဲသံစဉ်တွေ မကြားချင် တော့ ပါဘူး။ ရသစစ်စစ်ပဲ ဟောပေးပါ၊ ဒါကို ပြည်သူကတောင်းဆိုလာပြီ။ ဒါကြောင့် ရသစာပေကို ပြန်ပြီးတော့ စိတ်ဝင်စားလာမယ်၊ ဦးလှည့် လာမယ်လို့ ယုံကြည်တယ်။ ပြောရရင် နိုင်ငံရေး စာပေပွဲနဲ့ ရသစာပေပွဲ ကွဲပြားဖို့လိုတယ်။ ဆရာမတို့က စာရေးဆရာအလုပ်ပဲ လုပ် တယ်။ လူတိုင်း နှလုံးသားထဲမှာ ရသ ခံစားတတ်တဲ့အသိက ရှိဖို့လိုတယ်။

စာရေးဆရာ ကျော်ဇင်ကိုကို

ရသစာပေကြောင့် လူတစ်ယောက်ရဲ့ စိတ်နှလုံးသား နူးညံ့မှုရော၊ အတွေး အခေါ် နက်ရှိုင်းမှုရော၊ ဉာဏ်ပညာမြင့်မားမှု ပါ ပဲ့ပြင် ထိန်းကျောင်းနိုင် တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ယုံကြည်တဲ့ အတွက်ကြောင့် ရသစာပေ စာဖတ်သူ တွေဆီရောက်အောင် ပို့မယ်ဆိုတဲ့ အနေအထားနဲ့ ဒီစာဖတ်ဝိုင်းကို လုပ်ဖြစ် တာပါ။ တချို့က စာဖတ်တဲ့ သူနည်းသွား တယ်လို့မြင်တယ်။ ကျွန်တော့်အမြင်ပြော ရရင် စာဖတ်တဲ့သူ နည်းသွားတယ်လို့ မထင်ဘူး။ စာရေးတဲ့သူနည်းသွားတယ် လို့ပဲ မြင်တယ်။ ပုံနှိပ်စာပေကတော့ အားနည်း သွားတာပေါ့။ ဖြန့်ချိရေး ဈေး ကွက်ကြောင့် လို့လည်း ထင်တယ်။ ဟိုတုန်း ကဆို နယ်တွေအထိ ရောက် တယ်။ အဓိကကတော့ စာကြည့်တိုက်တွေ များပြားလာရင် ဒီစနစ်က ပြန်ပြီးဖြစ်လာ မှာပါ။ စာဖတ်တဲ့သူ နည်းသွား တယ်ဆို တာ တစ်နည်းတစ်ဖုံ လက်ခံလို့ရတာ က ဖွံ့ဖြိုးမှုစတင်တဲ့ ကျွန်တော် တို့လို နိုင်ငံမျိုး တွေမှာ ITက နေရာ ယူလာတော့ ဘေးထွက်ဆိုးကျိုးလိုမျိုး ခံရတာပေါ့။ ခုခေတ်လူငယ်တွေ ကျွန်တော်တို့တုန်းက လို စာအုပ်ဖတ်တာကို ထိတွေ့မှုသိပ်မရှိ တော့ပေမယ့် အွန်လိုင်းကတော့ လူငယ် တွေ ဖတ်ကြပါတယ်။ အချိန်အားဖြင့် သိပ်မပေးနိုင် သလို၊ စာကြည့်တိုက် ရှားလာတာလည်းပါတယ်။ ခုဆို စာကြည့် တိုက်တွေကို အားပေးလာတာ၊ စာအုပ် ဈေးတန်းတွေ ဖွင့်ပေးလာတာ တို့ကြောင့် စာအုပ်ဈေးကွက်ပြန် ဦးမော့လာတယ်။

ဦးမော့လာချိန်မှာ ရေးတဲ့သူတွေဘက်က လည်း အားထုတ်ဖို့လိုတယ်။ အချိန်ပေး ပြီးရေးနိုင်ရမယ်။ ဖတ်တဲ့သူတွေဆီကို လည်း တစ်နည်းနည်းနဲ့ အရောက်ပို့ နိုင်ရမယ်။ စာအုပ်တွေ နယ်မရောက်ဘူး။ ဒါကြောင့် စာမဖတ်ဘူးလို့ ပြောလို့မရဘူး။ ရသစာပေဝိုင်းကိုလုပ်တာလည်း ဒီ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အလိမ္မာစာ မှာရှိဆိုသလို ကောင်းတာကို ထုတ်နုတ်ယူ ဖို့လိုတယ်။ ခုနောက်ပိုင်း သတင်းမီဒီယာ တွေမှာဆိုလည်း ရသတွေ အများကြီး ထည့်လာတာကို တွေ့ရတယ်။ အဲဒီလို များများ ပေါ်စေချင်တယ်။

ညိုရင့်(စာရေးဆရာ၊ ထုတ်ဝေသူ)

အခုရသစာဖတ်ဝိုင်းက ဒုတိယ အကြိမ် ကျင်းပတာပါ။ အစီအစဉ်(၁) တုန်းက နှစ်ပတ်တစ်ကြိမ်နှုန်းနဲ့ ၅၆ ကြိမ်တိတိ ကျင်းပခဲ့ပြီးပြီ။ အဲဒီတုန်းက ရသစာပေစာရေးဆရာကြီးတွေဖြစ်တဲ့ ဆရာကြီး မြသန်းတင့်၊ ဆရာမကြီး လူထု ဒေါ်အမာ၊ သာဓုနှင့် သားများ၊ ဆရာကြီး ဇော်ဂျီ သူတို့နဲ့ အထိမ်း အမှတ်ပွဲကြီးတွေ ကျင်းပနိုင်ခဲ့သလိုပရဟိတလုပ်ငန်းတွေနဲ့တွဲပြီး မျက်မမြင်ကျောင်းတွေ၊ အမျိုး သမီးစောင့်ရှောက်ရေးဂေဟာတွေမှာ သွားရောက်ပြီး စာဖတ်ဝိုင်းတွေလုပ်ဖြစ်ခဲ့ တယ်။ ၅၆ ကြိမ်ဖတ်ပြီးတဲ့အခါမှာ ရသ စာပေဝိုင်းဟာ အကြောင်းအမျိုးမျိုး ကြောင့် ဆက်မလုပ်ဖြစ်တော့ဘဲ အခု တစ်နှစ်အကြာမှာ ဒုတိယအကြိမ်မြောက် အစီအစဉ် (၂) အနေနဲ့ စတင် ကျင်းပခဲ့ တာ ဖြစ်တယ်။ ရသစာပေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုကတော့ ကာလတိုင်းမှာရှိနေမှာ ပါပဲ။ အရင်တုန်းကနဲ့ အခုခေတ်နဲ့ကွာတာ ကတော့ အရင်က ရွေးချယ်မှုနည်းခဲ့ ပါတယ်။ အခုခေတ်မှာတော့ လူငယ်တွေ အနေနဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ရွေးချယ်စရာတွေက ပိုများလာပါတယ်။ အဲဒီတော့ ရသစာပေ ဘက်ကို အချိန်ပေးမှုက နည်းလာ ပါတယ်။ ရသစာပေကို ယနေ့ခေတ်လူငယ်တွေ မဖတ်တော့တာ မဟုတ်ပါဘူး။ ရသစာပေ ကို စွဲစွဲလမ်းလမ်းနဲ့ ဖတ်ရှုနေတဲ့သူတွေလည်း ရှိနေပါသေးတယ်။ လူငယ်တွေ အနေနဲ့ ရသစာပေကို ဖတ်စေချင် ပါတယ်။အလားတူပဲ လူကြီးတွေလည်း ဖတ်စေ ချင်ပါတယ်။ ရသစာပေကို စွဲစွဲမြဲမြဲဖတ်တဲ့လူကြီးတွေကနေတစ်ဆင့်မှ လူငယ် တွေကို ကူးစက်မှုတွေ ရှိလာမှာပါ။ ရည်ရွယ်ချက်ကတော့ ရသစာပေက စာဖတ်တာတွေ အားနည်းလာတော့ ပြန်လည်ဖတ်စေချင်တဲ့ စေတနာပါ။ လူကြီး၊ လူငယ်၊ လူလတ်အားလုံးပါ။ ရသ စာပေဖတ်ခြင်းကြောင့် လူတွေရဲ့ နှလုံးသား ယဉ်ကျေးလာမယ်။ အနှစ်သာရ ကတော့ ရသစာပေကျဆုံးရင် လူသား တွေ ရိုင်းကုန်မှာဖြစ်ပါတယ်။

စာရေးဆရာမ မြသွေးနီ

လူငယ်တွေကို ရသစာပေမှမဟုတ် ဘူး။ မည်သည့်စာပေမဆို လွတ်လွတ် လပ်လပ် ဖတ်ခွင့်ပေးသင့်ပါတယ်။ ရသစာပေကို ဖတ်ရှုခြင်းအားဖြင့် ကျွန်မတို့ စိတ်ခံစားမှု ပိုင်းမှာရော၊ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ရော၊ နောက် တစ်ဦးနဲ့ တစ်ဦးကိုယ်ချင်း စာတရားတွေ ရှိလာမယ်။ ရသစာပေ ဆိုတာ စိတ်နှလုံးသားကို ပဲ့ပြင်ပေးနိုင်တဲ့ စာပေအမျိုးအစားဖြစ်ပါတယ်။ အမှန်နဲ့ အမှား၊ တရားတာနဲ့ မတရားတာခွဲခြား ပဲ့ပြင်နိုင်တာ ရသစာပေကပဲ ရနိုင်ပါ တယ်။ ဒါကြောင့်မို့ လူကြီး၊ လူငယ်မရွေး ရသစာပေကို ဖတ်စေချင်ပါတယ်။ ခုလည်း ပြည်သူတွေအတွက် စနေ၊ တနင်္ဂနွေမှာ စာအုပ်ဈေးတန်း ဆိုပြီး ဖွင့်လှစ်ပေးထား ပြီ။ ဒီထက်ကောင်းတာတွေလည်း တစ်ဆင့် ပြီးတစ်ဆင့် လုပ်သွားမယ်လို့ ထင်ပါတယ်။

အလားတူ နိုင်ငံတော် အစိုးရကလည်း ရသစာပေနဲ့ ပတ်သက် ပြီး မြှင့်တင်ပေးနေသလိုပုဂ္ဂလိက စာရေးဆရာတွေအနေနဲ့ကလည်း မိမိရဲ့ ပတ်ဝန်းကျင် အနီးတစ်ဝိုက်၊ အနည်းဆုံးမိမိအိမ်၊ မိသားစုနဲ့သူငယ်ချင်း အသိုင်းအဝိုင်းကြားမှာ ရသစာပေဖတ် ချင်လာဖို့အတွက် ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ သွားစေချင်ပါတယ်။

အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင် ရသစာပေဟာ တစ်ချိန်မှာ မူလနေရာကို ပြန်ရောက်လာ မယ်လို့ ယုံကြည်ပါတယ်။ အခုခေတ် အင်တာနက်သုံးတာကို တစ်နေ့ကို တစ်နာရီပဲလျှော့ချပြီး အားပါတဲ့ စာပေ လေးတွေ ဖတ်စေချင်တယ်။ အနည်းဆုံး တော့ ခေတ်နဲ့လည်း မပြတ်အောင် သတင်းစာဖတ်စေချင်တယ်။ နိုင်ငံရေး စိတ်ဝင်စားတဲ့ သူကလည်း နိုင်ငံရေး ဂျာနယ်၊ အားကစားစိတ်ဝင်စားတဲ့ သူကလည်း အားကစား ဂျာနယ်ဖတ်လို့ ရတယ်။

 အလားတူပဲ ရသစာပေ စိတ်ဝင်စားတဲ့ သူကလည်း ရသစာပေဖတ်လို့ ရတယ်။ပြည်သူတွေအနေနဲ့ စာဖတ်စွမ်းရည် မြင့်မားနေဖို့ လိုပါတယ်။ အဲဒါမှလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေ မှာပါ။ဒါကြောင့် တစ်ယောက် ချင်းစီအတွက် စာဖတ်စွမ်းရည်မြင့်ဖို့ တိုက်တွန်းလိုပါတယ်။

Sources; MOI

No comments:

Post a Comment