Latest News

Saturday, January 7, 2017

မိတ်ကောင်းဆွေကောင်း

မိတ်ကောင်းဆွေကောင်း


ကိုယ်ကျင့်တရားကောင်းမွန်အောင် မိတ်ကောင်းဆွေကောင်းတွေရှိဖို့ လိုအပ်တယ်။ မိတ်ကောင်းဆွေကောင်းရှိမှ မိတ်ကောင်းဆွေကောင်းတွေရဲ့ အတုကိုယူပြီးတော့ လူတွေဟာ ကိုယ်ကျင့်တရား တိုးတက်မှုတွေရတယ်။ ဒါလည်း ဟုတ်တယ်။ တချို့ကျတော့ အပေါင်းအသင်းမကောင်းတာနဲ့ စရိုက်တွေက ပျက်သွားတာရှိတယ်။ အပေါင်းအသင်းကို မှီပြီးတော့ စရိုက်က ပျက်သွားတယ်။ အပေါင်းအသင်းဟာ အင်မတန်မှလိုတယ်။ မြန်မာစကားပုံလည်း ရှိတယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။ တံငါနဲ့အတူနေလို့ရှိရင် ကိုယ်လည်းပဲ တံငါဖြစ်သွားတာပဲ၊ မုဆိုးတွေနဲ့အတူနေလို့ရှိရင် ကိုယ်လည်း မုဆိုးဖြစ်သွားတာပဲလို့ ဒီလိုဆိုလိုတာ။ ဒါလည်း အင်မတန်မှ ထင်ရှားတယ်။ လူတင်လားလို့ဆိုတော့ လူတင်မဟုတ်ဘူး။

ငှက်ပျောဖက်ကလေးတစ်ခုကို ကြည့်။ ငှက်ပျောဖက်ကလေးဟာ ငါးစိမ်းကို ထုပ်မယ်ဆိုလို့ရှိရင် အညှီနံ့စွဲသွားမှာပဲ။ စံပယ်ပန်းကလေးကို ထုပ်လိုက်လို့ရှိရင် အဲဒီငှက်ပျောဖက်ကလေးဟာ အမွှေးနံ့သာကူးသွားတာပဲ။ မွှေးသွားတယ်။  ဒါကြောင့်မို့လို့ ကိုယ်ကျင့်တရားကောင်းပြီးတော့ အရပ်ထဲမှာ လူတော်လူကောင်းဖြစ်ဖို့ဆိုတာ ကိုယ်ကျင့်တရားကောင်းတဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့ပေါင်းဖို့ လိုအပ်တယ်။

အဲဒါကိုပဲ ဥပနိဿယပစ္စယောလို့ ၂၄ပစ္စည်းမှာဟောတာ။ အဲဒီတော့ ပဋ္ဌာန်းကျမ်းဆိုတာလည်း လောက လူမှုရေးအတွက်၊ အကြောင်းနဲ့အကျိုး မှန်မှန်ကန်ကန်သိဖို့အတွက် မြတ်စွာဘုရားက ဟောတာ။ လက်တွေ့ကျင့်သုံးနိုင်ရမယ်။ လက်တွေ့ကျင့်သုံးမှုဟာ မှန်ကန်တဲ့အကြောင်းတရားတွေကို သိဖို့အတွက် မြတ်စွာဘုရားက အကြောင်းနဲ့အကျိုး ခွဲဟောတာ။ ဒါကြောင့်မို့ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းဆိုတဲ့ အကြောင်းတရားဟာ အခြေခံအားဖြင့် ကိုယ်ကျင့်သီလကောင်းဖို့အတွက်၊ လူတော်လူကောင်းဖြစ်ဖို့အတွက် အရေးပါတယ်တဲ့။

ဒါတင်မကဘူး။ မြတ်စွာဘုရားက တခြားသုတ္တန်တွေမှာ ဟောထားတာဆိုလို့ရှိရင် ကလျာဏမိတ္တရှိမှ နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန်တောင်ရတယ်လို့ ဒီလိုဟောထားတယ်။  ကလျာဏမိတ္တနဲ့ မတွေ့ရဘူးဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်တောင်မရနိုင်ဘူးလို့ ဒီလိုဟောတယ်။ ဒါကြောင့်မို့လို့ မိတ်ကောင်းဆွေကောင်းဆိုတာ အခြေခံအားဖြင့် လူတော်လူကောင်းဖြစ်ဖို့ကစပြီး အထက်အဆင့်အထိအောင် မိတ်ကောင်းဆွေကောင်းက အရေးကြီးတယ်။

(ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "လိုချင်တာရဖို့ လက်တွေ့ကျင့်သုံးစို့" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)

Sources; #ဒေါက်တာနန္ဒမာလာဘိဝံသ

No comments:

Post a Comment