ရန်ကုန်နှင့် မန္တလေးမြို့တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်နှင့်ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး
ရန်ကုန်နှင့် မန္တလေးရွှေဈေးကွက်တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်များနှင့် ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ အဆိုပါကိစ္စမဖြစ်နိုင်ဘဲ သတိပြုကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက အသိပေးပြောကြားသည်။
“ဒီလို ရွှေဆိုင်တွေ၊ ရွှေရောင်းသူတွေဆီကို လိုက်ပြီး တန်ချိန်လိုက် ၀ယ်မယ်လို့ ပြောတာတွေက ဒီကအခြေအနေတွေအရ မဖြစ်နိုင်ဘူး။ ဘယ်ရွှေဆိုင်မှ ဒီလိုမရောင်းနိုင်ဘူး။ အဲဒီလောက် ပမာဏအများကြီး ရောင်းဝယ်ချင်တယ်ဆို သတ္တုတွင်းဌာနတို့၊ ဗဟိုဘဏ်တို့၊ တခြားရွှေတူးနေတဲ့ ကုမ္ပဏီကြီးတွေ တို့လိုဟာတွေမှာ ၀ယ်မှပဲရမယ်။ ဒီကိစ္စကနောက်က တစ်ယောက်ယောက်တော့ ရှိမှာဆိုတော့ သတိထားရမှာပေါ့။ ဈေးကွက်အနေအထားအရ ဘယ်ရွှေဆိုင်မှ ဒီလိုရောင်းနိုင်မှာ မဟုတ်ဘူး၊ ရောင်းမှာလည်း မဟုတ်ဘူး။ ဒီအရောင်းအ၀ယ်က ပြည်တွင်းရွှေဆိုင်တွေအတွက် မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောကြားသည်။
ရွှေတန်ချိန်လိုက် ၀ယ်ယူမည့်သူ၏ ပွဲစားများဟု မိတ်ဆက်သောသူများသည် ရန်ကုန်နှင့် မန္တလေးမှ ရွှေဆိုင်ကြီးများအပါအ၀င် ရွှေရောင်းဝယ်သူများထံ သွားရောက်ပြီး ရွှေတန်ချိန်ချီဝယ်ယူလိုကြောင်း၊ ရောင်းနိုင်သမျှ ရောင်းပေးပြီး ရောင်းနိုင်မည့်သူများနှင့် ထပ်မံဆက်သွယ်ပေးလိုကြောင်း၊ ၄င်းတို့၏ ၀ယ်လက်မှ ရွှေအများကြီးဝယ်လိုကြောင်း၊ ၀ယ်ယူချိန်တွင် ကြိုက်သည့်ပုံစံဖြင့် ငွေပေးချေမည်ဖြစ်ကြောင်းနှင့် ၄င်းတို့မှာ ၀ယ်ယူသည့် ပမာဏအလိုက် ပွဲစားခရရှိမည်ဖြစ်၍ လိုက်လံဝယ်ယူပေးနေခြင်းဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။
လက်ရှိ ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၅၀၀၀၀ ခန့်ရှိနေပြီး ရွှေတစ်ပိဿာလျှင် ကျပ်သိန်း ၈၅၀ ၀န်းကျင် ရှိမည်ဖြစ်သည်။ တစ်တန်လျှင် ၆၁၃ ဒသမ ၅ ပိဿာရှိပြီး လက်ရှိပေါက်ဈေးဖြင့် ရွှေတစ်တန် ၀ယ်ယူပါက တန်ဖိုးပမာဏ ကျပ် ၅၂၁၄၇၅ သိန်း (ကျပ် ၅၂ ဒသမ ၁၄ ဘီလျံ) ၀န်းကျင်ရှိမည် ဖြစ်သည်။
“သူတို့ပြောတာက ရွှေကိုတန်ချိန်လိုက် ၀ယ်မယ်၊ သူတို့က တိုက်ရိုက်မဟုတ်ဘူး ပွဲစားတွေ၊ အရောင်းအ၀ယ်ပမာဏရဲ့ သုံးရာခိုင်နှုန်းကို ပွဲစားတွေခွဲယူကြမယ်။ ရွှေကို အဲဒီလို အရောင်းအ၀ယ်ပမာဏမှာ ရာခိုင်နှုန်းနဲ့ ပွဲစားခယူမယ်ဆိုရင် အဲဒီရွှေအရင်းဈေးနဲ့ဘယ်လိုမှ အရောင်းအ၀ယ်လုပ်လို့မရဘူး။ တကယ့်ဈေးကွက်မှာ ရွှေအရောင်းအ၀ယ် လုပ်ရင်ရတဲ့အမြတ်က ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ရွှေသမားက ပွဲခအများကြီးမပေးနိုင်ပါဘူး၊ နောက်ပြီးတော့ ရောင်းကြေးနဲ့ ပွဲခမပေးဘဲ အရေအတွက်နဲ့ ပဲပေးတာပါ။ အခေါက်ရွှေ တစ်ကျပ်သားနှုန်း ကို အ၀ယ်အရောင်း ၁၀၀၀ ခွာပြီးရောင်း ၀ယ်နေရတာ၊ ဈေးပြောင်းမှ ဥပမာ ကျဈေးနဲ့ဝယ်ပြီး ဈေးတက်သွားမှ အရှုံးအမြတ်ပေါ်တာပါ။ သူတို့က သုံးရာခိုင်နှုန်း ပွဲခယူမယ်ဆို အဲဒီရွှေတန်ကြေးက တစ်ကျပ်သားမှာ ကျပ် ၂၅၀၀၀ ခွဲလောက် များသွားမယ်၊ ဘယ်လို ဆက်အရောင်းအ၀ယ်လုပ်မလဲ။ အတွေ့အကြုံရှိတဲ့ ရွှေဝယ်ရောင်းတွေကတော့ သိပါတယ်။ ဒါပေမဲ့ ရွှေအရောင်းအ၀ယ် ပုံစံသေချာမသိတဲ့၊ လောဘတက်မိတဲ့သူတွေအတွက် ဒါက အလိမ်ခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းအခြေစိုက် ရွှေရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
Sources; စည်သူအောင် / Eleven Media Group
Saturday, January 7, 2017
ရန်ကုန်နှင့် မန္တလေးမြို့တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်နှင့်ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး
ရန်ကုန်နှင့် မန္တလေးမြို့တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်နှင့်ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး
Reviewed by Ar Ti
on
11:12 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment