Latest News

Saturday, January 7, 2017

နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားရှိ သမိုင်းဝင် ကျောက်စာ ချပ်များအား လာရောက် လေ့လာနိုင်

နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားရှိ သမိုင်းဝင် ကျောက်စာ ချပ်များအား လာရောက် လေ့လာနိုင်


မန္တလေး ဇန်န၀ါရီ ၇

မန္တလေးမြို့သည် သမိုင်းဝင် အမွေအနှစ်များ၊ ထင်ရှား ကျော်ကြားသော နေရာများဖြင့် လေ့လာစရာ နေရာ များစွာရှိရာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားရှိ သမိုင်းဝင် ကျောက်စာချပ်များလည်း တစ်ခုအပါအ၀င်ဖြစ်ရာ မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

မင်းတုန်းမင်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၂၉ ခုနှစ် နယုန်လပြည့်နေ့တွင် နန်းမြေဘုံ သာယာယီစံ နန်းတော်ကို ဖျက်သိမ်း၍ ဉာဏ်တော်အမြင့်(၁၀၀) ပေ ရှိ စေတီ တည်ထားခဲ့ပါသည်။

ဘိုးတော်ဗဒုံမင်း မင်းကွန်းတွင် သွန်းလောင်းခဲ့သည့် ၁၁၃၆၈ ပိဿာရှိ '' လပြည့်ဝန်းပမာ'' လွန်စွာ အသရေတော် ရှိသဖြင့် စန္ဒာမုနိ ဟူ၍ ဘွဲ့အမည် တွင်ခဲ့သော သံသွန်း ရုပ်ပွားတော်မြတ်ကြီးကို အမရပူရမှ ဤ စေတီ၏ ဂန္ဓာကုဋိတိုက် အတွင်း ရွှေ့ပြောင်း ပူဇော်ခဲ့သောကြောင့် နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိ ဘုရား ဟု ဘွဲ့အမည် တွင်ခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီ က စန္ဒာမုနိဘုရား ပရ၀ုဏ်အတွင်း၌ ပိဋကတ်သုံးပုံ မှ သုတ္တန်၊ ၀ိနည်း၊အဘိဓမ္မာ (အဌကထာနှင့် ဋီကာအပြည့်အစုံ) တို့ကို ကျောက်ချပ်ရေ ၁၇၇၂ ၊ သမိုင်းစာကို သံပြား(၁) ချပ်နှင့် ကျောက်ပြား(၁) ချပ် တို့ ပေါ်တွင် ရေးထိုးခဲ့ပါသည်။

ပိဋကတ်တော်ကျောက်စာများမှာ

    (က) ၀ိနိယပိဋကတ်တော်      ၃၉၅ ချပ်

    (ခ)  သုတ္တန်ပိဋကတ်တော် ၁၂၀၇ ချပ်

    (ဂ)  အဘိဓမ္မာပိဋကတ်တော်   ၁၇၀ ချပ်

အုတ်ဓမ္မစေတီများဖြစ်သည့် ကျောက်စာတစ်ချပ်စေတီ (၂၄၈) ဆူ သုံးချပ်စေတီ (၁၃၉) ဆူ ရှစ်ခန်းတွဲ သုံးချပ်စေတီ (၇၂) ဆူ တို့ အတွင်း ကျောက်စာ (၈၈၁) ချပ် နှင့် စေတီတစ်ဆူလျှင် ကျောက်စာသုံးချပ်နှုန်းဖြင့် လေးတိုင်စင် ခေါင်းပွစေတီ (၂၉၇) ဆူ အတွင်း ကျောက်စာ(၈၉၁) ချပ် ကို (၇)ဧက ကျယ်ဝန်းသော စေတီပရ၀ုဏ် အတွင်း စိုက်ထူတည်ဆောက်ထားကြောင်း မှတ်တမ်းများအရသိရသည်။

Sources; သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment