Latest News

Wednesday, January 25, 2017

မုံရွာမှာ အခမဲစာကြည့်တိုက်ဖွင့်ပြီး နှစ်လအတွင်း စာအုပ်ရာချီ ဆုံးရှုံး

မုံရွာမှာ အခမဲစာကြည့်တိုက်ဖွင့်ပြီး နှစ်လအတွင်း စာအုပ်ရာချီ ဆုံးရှုံး


မုံရွာမြို့ ဖတ်ပြီးပြန်ထားစာကြည့်တိုက်တွေမှာ နှစ်လအတွင်း ပြန်ရောက်မလာတဲ့ စာအုပ်တွေဟာ ရာချီတယ်လို့ သိရပါတယ်။
မြ၀တီရပ်ကွက်ရှိ ဖတ်ပြီးပြန်ထားစာကြည့်တိုက်လေးများ (၁) နဲ့ ဘုန်းစိုးရပ်ကွက်အနီးရှိ ဖတ်ပြီးပြန်ထား စာကြည့်တိုက်လေးများ (၂) တို့မှာ စာအုပ်အခမဲ့ ငှားရမ်းလျက်ရှိရာ နှစ်လတာကာလအတွင်း ပြန်ရောက်မလာတဲ့ စာအုပ် ၆၀၀ ခန့်ရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ရက်ကို ၁၀ အုပ်၊ ၁၅ အုပ် ငှားသွားပြီး တစ်အုပ်၊ နှစ်အုပ်ပဲ ပြန်ရောက်လာကာ ကလေးဖတ်တဲ့ စာအုပ်ကလေးတွေ၊ ဂျာနယ်အပိုင်းအစကလေးတွေတောင် မချန်ဘဲ ယူသွားကြတယ်လို့ စာကြည့်တိုက်တွေကို ဦးဆောင်သူ ကိုဟိန်းထွဋ်နိုင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။


စာကြည့် တိုက်လေးနှစ်ခုမှာ စာအုပ် ၆၀၀ နီးပါး ပြန်ရောက်မလာဘူးဆိုတော့ နောက်ထပ်တိုးချဲ့ဖို့ အဆင်မပြေတော့ဘဲ စာကြည့်တိုက်လေးနှစ်ခုကိုပဲ ရှင်သန်အောင် အရင်လုပ်ရဦးမယ်လို့ ကိုဟိန်းထွဋ်နိုင်က ဆိုပါတယ်။

မုံရွာမြို့ရှိ စာပေ၀ါသနာပါတဲ့ လူငယ်တွေ စုပေါင်းပြီး စာကြည့်တိုက်အမှတ် (၁) ကို ၂၀၁၆ နိုဝင်ဘာ ၂၃ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး စာကြည့်တိုက်အမှတ် (၂) ကို ၂၀၁၆ နိုဝင်ဘာ ၃၀ ရက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစာကြည့်တိုက်တွေမှာ နိုင်ငံရေး၊ ဘာသာရေး၊ ကလေးပုံပြင်၊ ဓမ္မစာပေနဲ့ သုတ၊ ရသစာအုပ် ၇၀၀ ကျော်ထားရှိခဲ့ပေမဲ့ လက်ရှိမှာတော့ စာအုပ် ၇၀ ခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

အခုလို စာအုပ်ငှားပြီး ပြန်မထားလို့ အခမဲ့ငှားမယ့် စာကြည့်တိုက်လေးတွေ နောက်ထပ်လုပ်ဖို့ အလှူရှင်တွေ လက်တွန့်သွားတယ်ဆိုတာ မဖြစ်သင့်ဘဲ ဖြစ်နိုင်ရင် စာအုပ်ဖတ်ပြီး စနစ်တကျပြန်ထားပေးစေချင်တယ်လို့ မုံရွာမြို့ဒေသခံ စာပေ၀ါသနာရှင် ကိုအောင်နိုင်က ပြောထားပါတယ်။

Photos & Source: 7Day Daily,Duwun

No comments:

Post a Comment