တပ်မတော်အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ စွဲဆိုခံထားသူများတွင် အသက်မပြည့်သူများ ပါဝင်နေ
ပုသိမ်၊ ဇန်န၀ါရီ ၂၅ ။ ။ ပုသိမ်မြို့နယ်တရားရုံးတွင် တပ်မတော်အသရေဖျက်မှုဖြင့် ဦးတိုက်လျှောက်ထားသည့် တိုင်ကြားခံရမှုတွင် အသက်မပြည့်သေးသည့် လူငယ်များပါ ပါဝင်ကြောင်း မြို့နယ်တရားသူကြီးက ပြောသည်။
“ ရဲစခန်းကတင်ပြလာတဲ့အထဲမှာ ၁၇နှစ် ကလေးတွေပါတော့ အသက်အထောက်အထားတင်ပြဖို့ ရဲတပ်ဖွဲ့ပြောထားတယ်။ ပုဒ်မ ၅၀၀က ရဲအရေးယူမပိုင်လ်ု့ တရားရုံးက သမ္မာန်စာနဲ့ အဲဒီနေ့မှာ စွပ်စွဲခံရသူတွေကို ဆင့်ခေါ်ထားတယ် ”ဟု မြို့နယ်တရားသူကြီးက ပြောသည်။
ပုသိမ်မြို့နယ်တရားရုံးတွင် ကိုအောင်ခန့်ဇော်အား ပုဒ်မ ၅၀၀ဖြင့် တရားစွဲပြီး၊ တခြားပါဝင်သူရှစ်ဦးအား ပုဒ်မ၅၀၀/၃၄ဖြင့် တရားစွဲထားကြောင့်မြို့နယ် တရားသူကြီးဦးဝင်းအောင်က မဇ္ဈိမသို့ ပြောသည်။
"တပ်မတော်က ဗိုလ်မှူးကြီးတိုင်တာရယ်၊ ရဲ စုံစမ်းတင်ပြလာတဲ့အချက်အလက်တွေအပေါ်မူတည်ပြီး တချို့ကို ပုဒ်မ၅၀၀၊ တစ်ချို့ ပါဝင်ခဲ့တဲ့သူတွေ ၅၀၀/၃၄နဲ့ အရေးယူထားပါတယ်” ဟု မြို့နယ်တရားသူကြီးဦးဝင်းအောင်က မီဒီယာများသို့ ပြောသည်။
အမှုဖြစ်စဉ်မှာ ဇန်နဝါရီလ၉ရက်နေ့တွင် ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်နှင့် ပညာပါရမီကျောင်းမှ ကျောင်းသားလူငယ်များ သရုပ်ဖော်ပြဇာတ်တွင် တပ်မတော်ဂုဏ်သိက္ခာထိခိုက်မှုရှိသဖြင့် ကိုအောင်ခန့်ဇော်ပါ၉ဦးအား အရေးယူပေးပါရန် ဇန်နဝါရီလ၁၇ရက်နေ့တွင် ဗိုလ်မှူးကြီးတစ်ဦးက ပုသိမ်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။ တရားရုံးမှ ပုသိမ်မြို့မရဲစခန်းတွင် စစ်ဆေးပေးရန် အမိန့်ချမှတ်ပြီး ဇန်နဝါရီလ ၂၅ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံးသို့ ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။
ပုသိမ်မြို့နယ်တရားရုံးတွင် ကိုအောင်ခန့်ဇော် ပါ၉ဦးအား ဖေဖော်ဝါရီလ၈ရက်နေ့တွင် ရုံးချိန်း ချိန်းဆိုထားသည်။ ပုဒ်မ၅၀၀ အသရေဖျက်မှုသည့် ပြစ်မှုထင်ရှားလျှင် အလုပ်မဲ့ ထောင်ဒဏ် နှစ်နှစ်၊ ဒဏ်ငွေချမှတ်နိုင်သည်။
“ တရားလိုက အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်ဦးစီးပထမတန်း ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပုသိမ်မြို့ နယ်တရားရုံးမှာ ကိုအောင်ခန့်ဇော် ပါ ၉ဦးကို ဦးတိုက်လျှောက်ပြီး အမှုဖွင့်တာပါ။ တပ်မတော် မိသားစုဝင်တွေ ဂုဏ်သိက္ခာညှိုးနွမ်းမှုအတွက် အမှုကို ပုသိမ်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်တယ်” ဟု မြို့နယ်တရားသူကြီးက ပြောသည်။
Sources: : Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment