Latest News

Wednesday, January 25, 2017

ပထမတန်း သင်ရိုးသစ် ကျောင်းသားကိုင် ပုံနှိပ်စာအုပ် ခြောက်ဘာသာ ထုတ်မည်

ပထမတန်း သင်ရိုးသစ် ကျောင်းသားကိုင် ပုံနှိပ်စာအုပ် ခြောက်ဘာသာ ထုတ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပထမတန်း သင်ရိုးသစ် ဘာသာရပ် ၉ ဘာသာ (သင်ယူမှုနယ်ပယ် ဆယ်ခု) ရှိသည့်အနက် ပညာရေးဘတ်ဂျက် သုံးစွဲမှု ဦးစားပေး အခြေအနေအရ ကျောင်းသားကိုင်အဖြစ် ခြောက်ဘာသာကိုသာ ပုံနှိပ်စာအုပ် ထုတ်ပေးမည် ဖြစ်ကြောင်း ပထမတန်း သင်ရိုးသစ် ဗဟိုအဆင့် ဆွေးနွေးပွဲ နည်းပြအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒေါ်ဝင်းသိင်္ဂီကျော်က The Voice သို့ ပြောကြားသည်။

ပထမတန်း သင်ရိုးသစ်တွင် သင်ယူမှုနယ်ပယ်အရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ၊ အနုပညာ (ဂီတ)၊ အနုပညာ (ပန်းချီ) ဟူ၍ ဆယ်မျိုး (ဘာသာရပ်ကိုးခု - အနုပညာ (ဂီတ) နှင့် (ပန်းချီ) ကို ပေါင်းလျှင်) ရှိသည်။

ယင်းအနက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များကိုသာ ကျောင်းသားကိုင်အဖြစ် ပုံနှိပ်စာအုပ် ထုတ်ပေးမည် ဖြစ်သည်။

ကျန်ဘာသာရပ်များကိုမူ ဆရာများကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ယင်းဘာသာရပ်များ၏ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များအတွက် ဆရာများက စီစဉ်သင်ကြားမည် ဖြစ်သည်။

ဘတ်ဂျက်သုံးစွဲမှု ဦးစားပေး အခြေအနေ၊ တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူအရေအတွက်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထပ်တိုးမည့် ဒုတိယတန်း သင်ရိုးသစ်၊ စာအုပ်များ၏ ကုန်ကျစရိတ် စသည့် အခြေအနေများကြောင့် ခြောက်ဘာသာကိုသာ ကျောင်းသားကိုင် အဖြစ် ပေးနိုင်ခြင်း ဖြစ်မည်ဟု ယူဆကြောင်း ဒေါ်ဝင်းသိင်္ဂီကျော်က ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနုပညာ (ဂီတ) သင်ရိုးရေးဆွဲရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်က “ကျွန်တော်တို့ရေးတာ ထုတ်ချင်တာပေါ့။ ကလေးလက်ထဲ ရောက်အောင် ကျွန်တော်တို့ တအားကြိုးစား ရေးခဲ့တာ။ အဲဒီတော့ ကလေးလက်ထဲ ဒီဟာရောက်သွားရင် မိဘလည်း တွေ့သွားမယ်။ ဒီလိုသင်တာလား ဆိုပြီး မိဘတွေလည်း စိတ်ဝင်စားလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရည်ရွယ်ချက်က ကျောင်းသားတင်မဟုတ်၊ မိဘအတွက်ပါ ရည်ရွယ်တာ။ အခုတော့ မိဘက မတွေ့နိုင်တော့ဘူးပေါ့” ဟု ပြောကြားသည်။

သို့သော် ကျန်ဘာသာရပ်များကို သင်ကြားရာတွင် လိုအပ်မည့် သင်ထောက်ကူပစ္စည်း (ဥပမာ- ဂီတဘာသာရပ်ဆိုလျှင် ပလွေ၊ စည်း၊ ဝါး) များကိုမူ ပညာရေး ဝန်ကြီးဌာနက ကျောင်းများသို့ ပံ့ပိုးပေးမည်ဖြစ်ပြီး ဂီတသင်ယူမှု နယ်ပယ်သင်ခန်းစာများအတွက် ရှင်းလင်းပြသရန် လိုအပ်သည်များကို စာအုပ်အစား ဗီနိုင်းများဖြင့် ပြသသင်ကြားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပထမတန်း သင်ရိုးသစ် ကျောင်းသုံးပုံနှိပ်စာအုပ် ရိုက်နှိပ်ရေးအတွက် ဘတ်ဂျက်သုံးစွဲမှုနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်၊ အခြေခံပညာဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဒေါက်တာခိုင်မြဲထံ The Voice က ဆက်သွယ်မေးမြန်းသော်လည်း မေးမြန်းခွင့် မရရှိသေးပေ။

ပထမတန်းသင်ရိုးသစ် ဗဟိုအဆင့် ဆွေးနွေးပွဲ (ပထမအသုတ်) ကို ဇန်နဝါရီလ ၂၃ ရက်မှစ၍ ဖေဖော်ဝါရီလ ၇ ရက်အထိ ရန်ကုန်မြို့၊ ထောက်ကြန့်ရှိ အခြေခံပညာဦးစီးဌာန အုပ်ချုပ်မှု သင်တန်းကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှ လေ့လာသူသုံးဦး အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့၊ အနောက်) မွန်၊ ကရင်၊ တနင်္သာရီ၊ ကယား၊ ဧရာဝတီ၊ နေပြည်တော်၊ ရခိုင်ပြည်နယ်မှ  ဆရာ၊ ဆရာမ ၁၄၃ ဦး တက်ရောက်ဆွေးနွေးလျက် ရှိသည်။

Sources: : The Voice

No comments:

Post a Comment