Latest News

Sunday, January 15, 2017

ရန်ကုန်မြို့၏ ဘတ်စ်ကားလိုင်း စနစ်သစ်ပြောင်းလဲပြေးဆွဲရာတွင် သတ်မှတ် ယာဉ်စီးခထက် ပိုမို တောင်းခံသည့် ယာဉ်များကို ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်၍ အရေးယူသွားမည်

ရန်ကုန်မြို့၏ ဘတ်စ်ကားလိုင်း စနစ်သစ်ပြောင်းလဲပြေးဆွဲရာတွင် သတ်မှတ် ယာဉ်စီးခထက် ပိုမို တောင်းခံသည့် ယာဉ်များကို ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်၍ အရေးယူသွားမည်



ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြို့၏ ဘတ်စ်ကားလိုင်း စနစ်သစ် ပြောင်းလဲ ပြေးဆွဲရာတွင် သတ်မှတ်ယာဉ် စီးခထက် ပိုမိုတောင်းခံသည့် ယာဉ်များကို ပြင်းထန် သည့် ပြစ်ဒဏ်များ ချမှတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

''ယာဉ်စီးခ ပိုမိုတောင်းခံရင် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုး လုပ်သွား မှာပါ၊ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုကတော့ ပြင်းထန်မှာဖြစ်ပါတယ်၊ အဲဒီကား ပိတ်သိမ်းခံရတဲ့အထိ အရေးယူဆောင်ရွက်တာတွေ ရှိလာမှာဖြစ် ပါတယ်၊ အရင် ဆောင်ရွက်ခဲ့တဲ့အခြေအနေက အားနည်းပါတယ်၊ ‘ဒါကြောင့် ကားပါဆုံးရှုံးသွားနိုင် တဲ့အခြေအနေအထိ ထိထိရောက်ရောက် အရေးယူ သွားမှာဖြစ်ပါတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အားလုံးပါဝင် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်း နေသလို တစ်ဖက်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက် သွားမှာပါ'' ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်းစနစ်ပြောင်းလဲ ပြေး ဆွဲခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ် သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် မီဒီယာများ ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ရာတွင် ယင်းကဲ့သို့ ပြော ကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်ရန်နှင့် ဘတ်စ်ကား လိုင်းများစနစ်တကျဖြစ်စေရန်အတွက် ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေ သည့် ဘတ်စ်ကားယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ထိန်းချုပ်လျက် ရှိသော မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မ.ထ.သ ) ကိုဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့၏ကြီးကြပ်မှုဖြင့် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ယာဉ်လိုင်း ၆၁ လိုင်းဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။

ယင်းသို့ပြေးဆွဲရာတွင် ကနဦး စာရင်းများအရ ယာဉ်အစီးရေ ၃၇ဝဝ ကျော်ဖြင့် စတင် ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ်တိုသည့် ယာဉ်လမ်းကြောင်းတွင် ယာဉ်အစီးရေ ၅၅ စီးခန့်ဖြင့် လည်းကောင်း၊ ခရီးစဉ်ရှည်သည့် လမ်းကြောင်းတွင် ယာဉ်အစီးရေ ၁၁ဝ ကျော်ခန့်ဖြင့် လည်းကောင်း အသုံးပြုပြေးဆွဲသွားမည်ဖြစ်သည်။ ယာဉ်စီးခ နှုန်းထား များကို ငွေကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ စသည်ဖြင့် ခရီးစဉ်အပိုင်းအလိုက် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါဘတ်စ်ကားများ စတင်ပြေး ဆွဲရာတွင် ပြည်သူများအဆင်ပြေစေရန်အတွက် ကားမှတ်တိုင်များ တွင် ကြော်ငြာဆိုင်းဘုတ်များ ကပ်ထားမည့်အပြင် စေတနာ့ဝန်ထမ်းများက သက်ဆိုင်ရာနှင့်အတူ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန် လမ်းညွှန်ကူညီမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“''ရုံးဆင်းရုံးတက်ချိန်တွေမှာ ၂ မိနစ်၊ ၃ မိနစ်တစ်စီး လွှတ်ပေးမှာပါ။ လူပါး တဲ့အချိန်မှာတော့ ၅ မိနစ် တစ်စီးနှုန်း လွှတ်ပေးသွားမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာ ကျော်က ပြောသည်။

ထိုသို့ပြောင်းလဲပြေးဆွဲရာတွင် ယာဉ်အသစ်များနှင့် ကြံ့ခိုင်ကောင်း မွန်နေ သော ယာဉ်များကို အဆင့်အလိုက်သတ်မှတ်၍ ဦးစားပေး လမ်းကြောင်းများတွင် ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ဒိုင်နာ၊ ဘီအမ်ကားများကို သုံးလ အထိ ဆက်လက်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြန်လည် ပါဝင် လာခြင်း မရှိတော့သည့် CNG ဘတ်စ်ကားများကို သက်ဆိုင်ရာက CNG ဆက်လက်ထုတ်ပေးမည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
''ဘတ်စ်ကားတွေမှာCNG တပ်ပေးခဲ့တာဟာ အများပြည်သူကို သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းရပ်တွေ လုပ်ပေးဖို့တပ်ပေးခဲ့တာဖြစ်တဲ့အတွက် အခုပြေးဆွဲမယ့် ယာဉ်လိုင်းတွေထဲမှာ မပါတော့တဲ့ CNG ယာဉ်တွေကို ဇန်နဝါရီ ၁၆ ရက်ကစပြီး CNG မပေးတော့ပါဘူး၊ ကျန်တဲ့ကုန်သယ်ယူရေး ယာဉ်တွေနဲ့ အငှားယာဉ်ဖြစ်တဲ့ CNG ယာဉ်တွေ မပါဝင်ပါဘူး'' ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့အပြင် ဘတ်စ်ကားလိုင်းစနစ် ပြောင်းလဲပြေးဆွဲမှုနှင့်ပတ်သက်၍ ပြည်သူ များ၏အသံကိုနားထောင်ပြီး လိုအပ်ချက်ရှိသည့်နေရာတွင် တိုးချဲ့ပြေး ဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘတ်စ်ကား လိုင်းပြေးဆွဲမှုနှင့် ပတ်သက်၍ သုံးလ တစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးချင်းပိုင်ပြေးဆွဲနေသော ယာဉ်လိုင်းများကို ပေါင်းစပ်၍ စုပေါင်းပြေးဆွဲ သည့်စနစ်မှ အများပိုင်စနစ်ကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲပြီးနောက် အဆိုပါ ဘတ်စ်ကားများတွင် CCTV များ၊ GPS စနစ်များ တပ်ဆင် မည်ဖြစ်ကြောင်း၊ ငွေပေးချေရာတွင်လည်း ကတ်စနစ်အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါကားများကို Control Center ဖြင့် ထိန်းချုပ်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့အတွင်း ဘတ်စ်ကား ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံ လာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၂ဝ ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရကိုယ်တိုင် ရှယ်ယာထည့်ဝင်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း အဆိုပါယာဉ်လိုင်း များ ကို အများပိုင် ဘတ်စ်ကား လိုင်းများအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦး ရေခြောက်သန်းကျော် နေထိုင်လျက် ရှိပြီး လူဦးရေ သိန်း ၂ဝ ကျော်မှာ လိုင်းကားများကို နေ့စဉ် အသုံးပြု လျက်ရှိကာ ရန်ကုန်မြို့နေပြည်သူများ အဆင်ပြေစေရေးအတွက် ရန်ကုန် ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင် ပထမဆုံးBRT ယာဉ်လိုင်းကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ပြေးဆွဲ ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

Sources; ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment