Latest News

Saturday, January 14, 2017

ကုလကိုယ်စားလှယ် အဝင်မခံခဲ့သည့် ၁၉၉၆ နိုင်ငံရေး နှင့် စပ်မိစပ်ရာ

ကုလကိုယ်စားလှယ် အဝင်မခံခဲ့သည့် ၁၉၉၆ နိုင်ငံရေး နှင့် စပ်မိစပ်ရာ

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ နှင့် ဆက်ဆံရေး သွေးနုသားနု ကာလ ၁၉၉၆ ခုနှစ်တွင် သံခင်းတမန်ခင်း အဖုအထစ်များဖြစ်ပေါ်ခဲ့သည်။ တပ်မတော်အစိုးရသည် ကုလသမဂ္ဂကိုယ်စားလှယ် အခန်းကဏ္ဍကို အလေးမထား အရေးမပေးလိုသည့် လက္ခဏာ များ ဖော်ပြခဲ့သည်။ သို့ဖြစ်၍ ၁၉၉၆ ခုနှစ်သည် ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် ထိပ်တန်း အရာရှိများအား မြန်မာနိုင်ငံသို့ လာရောက်ခွင့် လုံးဝမပြုခဲ့သည့် နှစ်တစ်နှစ်ဟု မှတ်တမ်းဝင်ခဲ့ သည်။ လွန်ခဲ့သောနှစ် ၂၀ က ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို မသိကျိုးကျွန်ပြုခဲ့သော မြန်မာ နိုင်ငံတွင် ယနေ့ထက်တိုင် နိုင်ငံ ရေးအကျပ်အတည်းများက မြင့်မားနေဆဲ၊ ထိရောက်အလုပ်ဖြစ် မည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ များက လိုအပ်နေဆဲဖြစ်သည့် အားလျော်စွာ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍသည် ဗျူဟာမြောက် အရေးပါဆဲဟု ဆိုနိုင်သည်။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အကြား ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး၊ လူ့အခွင့်အရေးတို့နှင့် ဆက်စပ်သည့် ဆက်ဆံရေးသည် ၁၉၉၅ ခုနှစ်တွင် အတန်အသင့် ခရီးပေါက်ခဲ့သော်လည်း ၁၉၉၆ ခုနှစ်တွင် အရုပ်ကြိုးပြတ်ခဲ့ရသည်ဟု သုံးသပ်နိုင်သည်။ ၁၉၉၆ခုနှစ်တွင် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာအယ်လ်ဗာရိုဒီဆိုတို (Mr. Alvaro de Soto)နှင့် ကုလသမဂ္ဂ အခွင့်အရေးဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စတာရိုဇိုရို ကာတာ (Mr. Yozo Yokata) တို့ သည် မြန်မာနိုင်ငံသို့ မလာရောက်နိုင်ခဲ့ပေ။ ရိုဇိုရိုကာတာသည် လုပ် ငန်းများဆောင်ရွက်ရန် မဖြစ်နိုင် သဖြင့် ရာထူးမှနုတ်ထွက်ခဲ့သည်။ အစိုးရသည် ကုလသမဂ္ဂထိပ်တန်း အရာရှိကြီးများအနေဖြင့် မြန်မာ နိုင်ငံသို့ လာရောက်၍ တွေ့ဆုံ ဆွေးနွေးလိုခြင်းကို အကြောင်း မျိုးမျိုးပြလျက် ငြင်းပယ်ခဲ့သည်။ သို့ဖြစ်၍ ၁၉၉၆ ခုနှစ်တွင် ကုလ သမဂ္ဂနှင့် မြန်မာအစိုးရအကြား တွေ့ဆုံဆွေးနွေးမှုများကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့နှင့် အမေ ရိကန်နိုင်ငံ နယူးယောက်မြို့တို့ တွင် ပြုလုပ်ခဲ့ရသည်။

၁၉၉၅ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း  စုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီးနောက် ဒီချုပ်ပါတီ ကိုယ်စားလှယ်များ အနေဖြင့် အမျိုးသားညီလာခံကို ကျောခိုင်း ခဲ့ခြင်းအပေါ် တပ်မတော်အစိုးရ အနေဖြင့် အတော်ဘဝင်ကျခဲ့ပုံမရပေ။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်သည် အမျိုးသားညီလာခံ နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲ သင့်သည်များကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန် အဆိုပြုခဲ့လင့်ကစား အစိုးရဘက်မှ တွေ့ဆုံဆွေးနွေး ရန် ရှောင်လွှဲခဲ့သည့်အလျောက် ညီလာခံကို ကျောခိုင်းခဲ့ခြင်းဖြစ် သည်။ အစိုးရက အမျိုးသားညီ လာခံသည်သာ တွေ့ဆုံဆွေးနွေး ရေးမျက်နှာစာဟု သတ်မှတ်ခဲ့ပြီး ဒီချုပ်အပါအဝင် တိုင်းရင်းသား ပါတီများက ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲရလဒ် အသိအမှတ်ပြု ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေးကို တောင်းဆို တိုက်တွန်းခဲ့ ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဘူးထရော့စ်ဘူးထရော့စ်ဂါ လီ (Boutros Boutros-Ghali) သည် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအမြဲတမ်း  ကိုယ်စားလှယ် အား တွေ့ဆုံ၍ ဒီဆိုတိုအနေဖြင့် (၅၂)ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လို ကြောင်း အသိပေးခဲ့သည်။ မြန်မာအစိုးရက မအားလပ်သည့်အ တွက် ဩဂုတ်လကုန်အထိ ဒီဆို တိုကို လက်ခံတွေ့ဆုံနိုင်မည် မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ သည်။ ဘူးထရော့စ်ဂါလီအနေ ဖြင့် မြန်မာအမြဲတမ်းကိုယ်စား လှယ်နှင့် အကြိမ်ကြိမ်တွေ့ဆုံညှိ နှိုင်းပြီးနောက် ၁၉၉၆ ခုနှစ် ဧပြီ လ ၄ ရက်နေ့တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် မစ္စတာအယ်လ်ဗာရိုဒီဆိုတို သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးအုံးဂျော်နှင့် ကုလသမဂ္ဂဌာန ချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော မစ္စ တာအယ်လ်ဗာရိုဒီဆိုတို (Mr. Alvaro de Soto) သည် ပီရူးနိုင်ငံ သား ဝါရင့်သမ္ဘာရင့် သံတမန် တစ်ဦးဖြစ်ခဲ့ပြီး  ဗဟိုအမေရိက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နာမည်ကောင်းရခဲ့သူဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟာဗီးယားပဲရစ်ဒေကွေးလျား (Mr. Javier Perez de Cuellar) သည် ၁၉၈၂ ခုနှစ်တွင် ဒီဆိုတိုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၌ စတင်တာဝန်ပေးခဲ့သည်။ ဗဟို အမေရိကငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဘူးထရော့စ်ဘူးထရော့စ် ဂါလီ (Boutros Boutros-Ghali) ၏ ကိုယ်စားလှယ်အဖြစ် အယ်လ် ဆာဗေးဒိုးနိုင်ငံ၊ ဂွါတီမာလာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့၌ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်များ အဆုံးသတ်အောင် ကြားဝင်ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂနိုင်ငံရေးရာ လက် ထောက်အတွင်းရေးမှူးချုပ်ဖြစ် လာခဲ့သည်။ ဒီဆိုတိုအနေဖြင့် မြန်မာနိုင်ငံရေးဆောင်ရွက်ရာ တွင် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံ များ၏ ထောက်ခံအားပေးမှုနည်း ပါးခဲ့သည်မှာ ဗဟိုအမေရိကအ ရေး ကိုင်တွယ်မှုနှင့် မတူကွဲပြား ခြားနားခဲ့သည်။

၁၉၉၆ ခုနှစ်သည် မြန်မာ့ နိုင်ငံရေးတွင် တင်းတင်းမာမာဖြစ် လာခဲ့သော နှစ်တစ်နှစ်ဖြစ်သည်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်သည် အမျိုးသားညီလာခံမှ နုတ်ထွက်ခဲ့သည်။ မြန်မာအစိုးရ ကလည်း ဒီချုပ်အမျိုးသားညီလာ ခံကိုယ်စားလှယ်များကို ကိုယ်စား လှယ်အဖြစ်မှ ရုပ်သိမ်းခဲ့သည်။ နှစ်ဖက်တင်းမာမှု မြင့်တက်ခဲ့ သည်။ ၁၉၉၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒီချုပ်ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေ စီ ရွေးကောက်ပွဲအောင်ပွဲ ခြောက် နှစ်ပြည့်အခမ်းအနား ကျင်းပခဲ့ သောအခါ မြန်မာအာဏာပိုင်များ သည် အခမ်းအနားတက်ရောက် သူအများအပြားကို ဖမ်းဆီးထိန်း သိမ်းခဲ့သည်။ အဆိုပါအခြေအနေ များနှင့်စပ်လျဉ်း၍ ဂဃဏနသိရှိ နိုင်ရန် ဘူးထရော့စ်ဂါလီသည် ကုလသမဂ္ဂ၊ နိုင်ငံရေးရာဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး Mr. Francese Vendrell ကို မြန်မာနိုင်ငံသို့ သွား ရောက်ရန် ညွှန်ကြားခဲ့သည်။ မြန်မာအစိုးရက Mr. Francese Vendrell နှင့်တွေ့ဆုံရန် အ ကြောင်းအမျိုးမျိုးပြ ငြင်းဆန်ခဲ့ သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံနိုင်ရန် ပြန်လည်အဆို ပြုခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန် ကြီး ဦးအုံးဂျော်နှင့် ကုလသမဂ္ဂ၊ နိုင်ငံရေးရာဌာန အရှေ့အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး Mr. Francese Vendrell တို့သည် ၁၉၉၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ တွင် ဘန်ကောက်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဘူးထရော့စ်ဘူးထရော့စ် ဂါလီ (Boutrous Boutrous- Ghali) သည် ၁၉၉၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအ ဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေးပို့ခဲ့သည်။ အ ဆိုပါစာတွင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ကိုယ်စားလှယ်အ နေဖြင့် မြန်မာနိုင်ငံသို့ အလည်အ ပတ်လာရောက်ကာ အစိုးရအ ကြီးအကဲများ၊ နိုင်ငံရေးခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် အရေးကြီးကြောင်း ဖော်ပြ ခဲ့ပြီး ကိုယ်စားလှယ်ဒီဆိုတိုအနေ ဖြင့် ၁၉၉၆ ခုနှစ် စက်တင်ဘာလ တွင် မြန်မာနိုင်ငံသို့ လာရောက်လို ကြောင်း ထပ်မံအဆိုပြုခဲ့သည်။ ၁၉၉၆ ခုနှစ် ကုလသမဂ္ဂအထွေ ထွေညီလာခံကာလ မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးအုံးဂျော်သည် ဒီဆိုတိုနှင့် တွေ့ဆုံစဉ် မြန်မာ အစိုးရအနေဖြင့် ဆက်လက်တွေ့ ဆုံဆွေးနွေးလိုကြောင်းနှင့် အဆို ပါတွေ့ဆုံဆွေးနွေးမှုများကို မြန်မာနိုင်ငံပြင်ပတွင် ပြုလုပ်လို ကြောင်း မြန်မာအစိုးရ အတွင်း ရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်၏ သတင်းစကားကိုပါးခဲ့ သည်။ ထို့အတူ မြန်မာနိုင်ငံခြား ရေးဝန်ကြီးက မြန်မာအစိုးရအနေ ဖြင့် ကုလသမဂ္ဂကိုယ်စားလှယ်၏ ခရီးစဉ်များကို လက်ခံရန် အသင့်ရှိနေသော်လည်း ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်က တွေ့ဆုံဆွေး နွေးရန် သတ်မှတ်သူတိုင်းနှင့် သီးသန့်တွေ့ဆုံခွင့်ပြုနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ဒီဆိုတိုအား ပြောကြားခဲ့သည်။ ၁၉၉၆ ခုနှစ်နိုဝင်ဘာလ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အစီရင်ခံစာကို အ ထွေထွေညီလာခံသို့ မတင်သွင်းမီ ဒီဆိုတိုအား မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရန် ညှိနှိုင်းအဆိုပြုခဲ့သော်လည်း သဘောတူညီမှုမရရှိ ခဲ့သဖြင့် သွားရောက်နိုင်ခဲ့ခြင်းမရှိ ပေ။

ဒီဆိုတိုသည် မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးအုံးဂျော်နှင့် တွေ့ဆုံစဉ် အမျိုးသားညီလာခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံမှ ထွက်ခွာခြင်းနှင့် ထုတ် ပယ်ခြင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အကြား တွေ့ဆုံဆွေးနွေးရေး၊ ၁၉၉၆ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ၅/၉၆ ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း အပါအဝင် နိုင်ငံရေး လွတ်လပ် ခွင့်များကန့်သတ်ခြင်း၊ အကျဉ်း ထောင်များအခြေအနေ၊ နိုင်ငံရေး အကျဉ်းသားများနှင့် ထိန်းသိမ်းခံ များအခြေအနေ၊ အဓမ္မ လုပ်အားခိုင်းစေမှုနှင့်ပေါ်တာခေါ်ယူခြင်း၊ ကရင်နှင့် ကရင်နီအပါအဝင် လူ မျိုးစုများအပေါ်စစ်ရေးတိုက်ခိုက်ခြင်း၊ စစ်ဘေးဒုက္ခသည်များလာ ခြင်းတို့ကို အကျယ်တဝင့်ဆွေး နွေးခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးအုံးဂျော်က အမျိုးသားညီလာခံ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းရေးဆွဲရာတွင် အခြေခံရ မည့် မူများအား ချမှတ်ရာတွင် တိုးတက်မှုများကို ရှင်းလင်းခဲ့ပြီး အမျိုးသားညီလာခံက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆုံးဖြတ် မည်ဟု ပြောကြားခဲ့သည်။ အမျိုး သားညီလာခံနှင့်စပ်လျဉ်း၍ ပြု ပြင်ပြောင်းလဲရန် ဖြစ်နိုင်ခြေမရှိ သည့်အပြင် ဒီချုပ်အနေဖြင့် အမျိုးသားညီလာခံကို ဆက်မတက်ရန် ဆုံးဖြတ်ခဲ့သည့်အလျောက် ညီ လာခံလုပ်ထုံးလုပ်နည်းအရ ဒီချုပ်ကိုယ်စားလှယ်များကို ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေး နွေးခဲ့သည်။ မြန်မာအစိုးရသည် အမျိုးသားညီလာခံနှင့်ပတ်သက် ၍ ညှိနှိုင်းဆွေးနွေး ဖြေလျှော့ရန် လုံးဝဆန္ဒမရှိခဲ့သည့်အပြင် ဒီချုပ် အပါအဝင် အခြားပါတီများမှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များပါ သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖြစ်သည့်နည်းဖြင့် အမျိုးသားညီလာ ခံကို ဆက်လက်ကျင်းပရန် ပြင် ဆင်ထားသည့်သဘော ထင်ရှားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေး ရေးသည် အမျိုးသားညီလာခံ ပြင်ပတွင် မဖြစ်နိုင်ဟု ခုခံဖြေရှင်း ခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန် ကြီးက နိုင်ငံရေးအကျဉ်းသားများ နှင့် သာမန်အကျဉ်းသားများကို ခွဲခြားသတ်မှတ်ထားခြင်း မရှိ သည့်အတွက် တည်ဆဲဥပဒေကို မလိုက်နာသဖြင့် ပြစ်ဒဏ်ကျခံနေ ရသည့် အကျဉ်းသားများသာရှိ သည်ဟု ပြောကြားခဲ့သည်။ မြန်မာအစိုးရသည် နိုင်ငံရေးအ ကျဉ်းသားကို လုံးလုံးလက်မခံနိုင် သည့်သဘောပြသခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာရ်စီ)နှင့် သဘောတူညီမှုရရှိရေးအတွက် တံခါးဖွင့်ထားကြောင်း အကြောင်းပြန်ခဲ့သည်။

 အချုပ်အားဖြင့်ဆိုသော် ၁၉၉၆ ခုနှစ်သည် မြန်မာ့ဒီမိုကရေ စီအပြောင်းအလဲနှင့် ဆက်စပ် သည့် ကုလသမဂ္ဂ၏ ခြေလှမ်းများ ကို လေးလံတုံ့ဆိုင်းခဲ့သော နှစ် တစ်နှစ်ဖြစ်ခဲ့သည်။ နှစ်ပေါင်း ၂၀အလွန် ၂၀၁၆ ခုနှစ်တွင် အမျိုး သားညီလာခံကို အခြေပြုဖြစ် တည်လာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် စပ်လျဉ်း၍ နှုတ်ဆိတ်နေဆဲဖြစ်ပြီး မြန်မာ့ဒီမိုကရေစီတည်ဆောက် ရေးအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးသဘောတူညီချက်တစ် ရပ်ရရှိနိုင်ရေး၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ သည် နီးလျက်နှင့် ဝေးနေဆဲဖြစ် သည်။ အကျဉ်းထောင်များထဲ တွင် နိုင်ငံရေးအကျဉ်းသားများက လည်း ရာချီကျန်ရှိနေဆဲဖြစ် သည်။ စစ်ပွဲများက အရှိန်ကောင်း နေဆဲဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခ သည်များအရေအတွက်က မြင့် တက်နေဆဲဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲနောက်ပိုင်း ပိုမိုအား ကောင်းမောင်းသန်သော မြန်မာ့ ဒီမိုကရေစီတည်ဆောက်ရေးကို ရှေးရှုလျက် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်နှင့် ကုလသမဂ္ဂအဖွဲ့ ကြီးအနေဖြင့် မြန်မာ့နိုင်ငံရေးစပ် ကူးမပ်ကူးကာလ ညီအစ်ကိုမသိ တသိကာလတွင် ပိုမိုကျယ်ကျယ် ပြန့်ပြန့် ထိထိရောက်ရောက် ဗျူဟာမြောက်တိုးချဲ့ ပါဝင်နိုင်ရေး သုံးသပ် ပြင်ဆင်ဆုံးဖြတ်သင့်ပါ ကြောင်း တိုက်တွန်းအကြံပြုလိုက် ရပါသည်။

မှီငြိမ်းကိုးကား။  ။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်း သည့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ အစီရင်ခံစာ (၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်) သတင်းစာ များ (၁၉၉၆ ခုနှစ် နိုဝင်ဘာလ)

Sources; 7 Day News Journal

No comments:

Post a Comment