Latest News

Wednesday, January 25, 2017

စလစ်ကပ် မော်တော်ယာဉ်များကို ဝင်ငွေခွန်ကောက်ရန် စီစဉ်






စလစ်ကပ် မော်တော်ယာဉ်များကို ဝင်ငွေခွန်ကောက်ရန် စီစဉ်



ရန်ကုန်၊ ဇန်နဝါရီ ၂၄

ယာဉ်အိုယာဉ်ဟောင်း အစားထိုး မော်တော်ယာဉ် တင်သွင်းခွင့်ဖြင့်(စလစ်ကပ်ယာဉ်) တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များကို ဝင်ငွေခွန် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း ယင်းမူဝါဒ ရေးဆွဲရာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

လက်ရှိ၌ တစ်ဦးချင်း တင်သွင်းခွင့် ပါမစ် (Free Permit)ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ဝင်ငွေခွန် ကောက်ခံလျက်ရှိပြီး စလစ်ကပ် မော်တော်ယာဉ်များကိုပါ ဝင်ငွေခွန် ကောက်ခံရန် စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါ အခွန်ကို ကောက်ခံနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ယင်းဝန်ကြီးဌာနက အတည် ပြုပြီးပါက လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှစတင်၍ ကောက်ခံမည် ဖြစ်ကြောင်း ယင်းအသိုင်းအဝန်းထံမှ သိရသည်။

အခွန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ထိုသို့ ကောက်ခံရန် စီစဉ်ခြင်းဖြစ်ပြီး တင်ပြထားမှုကို ပြန်လည် စောင့်ဆိုင်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့ကြောင့် လက်ရှိ မြင့်တက်နေသော မော်တော်ယာဉ် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

“ဒါက မလုပ်သင့်တဲ့အရာပါ။ ဒါဆိုရင် ပြည်သူတွေ ကားစီးရဖို့ လမ်းမမြင်တော့ဘူး”ဟု မော်တော်ယာဉ် လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

စလစ်ကပ်ယာဉ်များကို ဝင်ငွေခွန် ကောက်ခံခြင်းမှာ မလုပ်သင့်သည့်ကိစ္စ တစ်ခုဖြစ်ပြီး မော်တော်ယာဉ် အမည်ပေါက် ပြုလုပ် မထားသူများကိုသာ မလုပ်မနေရ ကြပ်မတ် လုပ်ဆောင်သင့်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်အချို့က ဝေဖန် ပြောဆိုသည်။

တစ်ဦးချင်း တင်သွင်းခွင့်ပါမစ် (Free Permit) ဖြင့် မော်တော်ယာဉ် တင်သွင်းခြင်းမှ ဝင်ငွေခွန် ကောက်ခံခြင်းကို ပြီးခဲ့သည့်နှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကောက်ခံခဲ့သည်။

Sources: : The Voice

No comments:

Post a Comment