Latest News

Wednesday, January 25, 2017

အံစာတုံးကားမီးလောင်ပြီး လူရှစ်ဦးသေဆုံးတဲ့အမှု စီအိုင်ဒီကိုလွဲ

အံစာတုံးကားမီးလောင်ပြီး လူရှစ်ဦးသေဆုံးတဲ့အမှု စီအိုင်ဒီကိုလွဲ

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ အံစာတုံးကားမီးလောင်ပြီး လူရှစ်ဦး သေဆုံးခဲ့တဲ့ အမှုကို CID ကို လွှဲပြောင်းစစ်ဆေး တော့မယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

''ကျွန်တော်တို့က သိမ်းထားတဲ့ပစ္စည်းတွေကို သေဆုံးသူတွေရဲ့မိသားစုဝင်တွေပြန်ပေးဖို့ခေါ်လိုက်တာ။ လွှဲပြောင်းစာကလည်း အခုပဲဝင်လာတော့သူတို့ကိုတစ်ခါတည်း ပြောလိုက်တာ''လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

ကားမီးလောင်မှုကို CID ကို လွှဲပြောင်းပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြောင်းကြားစာကို ဇန်နဝါရီ ၂၅ ရက်၊ မွန်းလွဲပိုင်းက အမှတ် ၃ လမ်းဆုံ ရဲစခန်းကို ပေးပို့ခဲ့တာလို့ သိရပြီး အမှုနဲ့ပက်သက်တဲ့ တရားခံတွေနဲ့ အမှုတွဲတွေ အကုန်လုံးကို လွှဲပေးမှာလို့ ဆိုပါတယ်။

ဇန်န၀ါရီလ ၂၁ ရက်နေ့က မနက် ၈ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၄ မိုင်နဲ့ ၂ ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အံစာတုံးကားမီးလောင်မှုက သမာရိုးကျမီးလောင်မှုသာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်တဲ့ ကိုအောင်ခန့်က ကားကိုမောင်းခဲ့တာလို့ ၀န်ခံခဲ့တာကြောင့် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုထားပါတယ်။

အမြန်လမ်းမပေါ်မှာ ဆဋ္ဌဂံဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတွေစီးလာတဲ့ ဘုရားဖူးကားဘီးပေါက်ပြီး လမ်းလယ်ဘောင်ကို တိုက်မိတာကနေ မီးလောင်ပြီး လူ ရှစ်ဦး မီးလောင်သေဆုံးခဲ့ကာ ယာဉ်မောင်းသူတစ်ဦးပဲ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

Source : 7DayDaily : Duwun

No comments:

Post a Comment