လူ့ တန်ဖိုး
တွေးခေါ် သိမြင်တတ် သော၊ အသိဉာဏ်ရှိ၍ တီထွင်တတ်၊ စကားပြောတတ်သော ခြေနှစ်ချောင်းသတ္တ၀ါကို လူလို့ခေါ်တွင် တာပါ။ ကောင်းခြင်း၊ ဆိုးခြင်းဟူ သမျှကို ဝေဖန်ပိုင်းခြားဆန်းစစ် နိုင်တာလူပါ။ တစ်ဦးနဲ့ တစ်ဦး ကူညီရိုင်းပင်းတတ်တာလူ။ ကိုယ် ချင်းစာနာတတ်တဲ့ စိတ်တွေရှိ တာလူ။ ယောက်ျား၊ မိန်းမ၊ အမိ၊ အဖ၊ သား၊ သမီး၊ သူငယ်ချင်းအစ ရှိသဖြင့် အရာရာကို ခွဲခြားသိမြင် နိုင်တဲ့ စိတ်တွေကြောင့် လူဟာ တန်ဖိုးရှိတဲ့ သတ္တ၀ါဖြစ်နေတာ ပါ။
ယနေ့ခေတ်လို ဘက်စုံ၊ ထောင့်စုံက ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူ့တန်ဖိုးဟာ ပို ပြီးမြင့်နေရမှာပါ။ ကူညီရိုင်းပင်းချင်တဲ့စိတ်တွေ၊ ကိုယ်ချင်းစာ တတ်တဲ့စိတ်တွေ၊ တီထွင်ဖန်တီး ချင်တဲ့စိတ်တွေ၊ အကောင်းမြင် တတ်တဲ့ စိတ်စွမ်းအားတွေဟာ ပို ပြီး ဖွံ့ဖြိုးတိုးတက်နေရမှာပါ။
ဒါပေမဲ့ ဒီနေ့ခေတ်ကတော့ ၀မ်းနည်းစရာကောင်းလောက် အောင် လူဆိုတဲ့ သတ္တ၀ါအတော်များများရဲ့ လူ့တန်ဖိုးဟာ ကျဆင်းလို့လာနေကြတာကို နေရာတိုင်း၊ နယ်ပယ်အသီးသီးတိုင်းမှာ မြင်တွေ့ဖူးကြမှာပါ။ မြင်လည်း မြင်နေရပါတယ်။
ဘက်စုံထောင့်စုံက ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့ မြန်မာနိုင်ငံ၊အိမ်ခြံမြေဈေးနှုန်းတွေ အဆမ တန်ကြီးမြင့်နေတဲ့ မြန်မာနိုင်ငံ၊ အလုပ်တွေ လုပ်တော့ရတဲ့ လခ က ဒီကနေ့ခေတ်မှာ အိမ်ရာမရှိ သူတွေအတွက် အိမ်ငှားခနဲ့တင် ကုန်သွားလို့၊ အစားအသောက်၊ အ၀တ်အထည်၊ ပညာရေးကအစ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံ ဖြစ် နေပါပြီ။
ကျိကျိတက် သူဌေးများ ကိုမဆိုလိုပါ။ ၀န်ထမ်းလခစစ်စစ် နဲ့ စား၊ ၀တ်၊ နေရေးအခက်အခဲကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်းတွေကို မြင်တွေ့နေရတာကြောင့်ပါ။
စားဝတ်နေရေးခက်ခဲတာ ဟာ တစ်ရက်ခက်ခဲ၊ တစ်လ လောက်ခက်ခဲရုံနဲ့တော့ ကျွန်မတို့ မြန်မာပြည်သူတွေဟာ သည်းခံ နိုင်စွမ်းအား အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ခက်ခဲကျပ်တည်းလာကြတဲ့အခါ မှာတော့ တချို့သော လူတွေရဲ့ တန်ဖိုးဟာ ကျဆင်းလာပြီး အ ကျင့်ပျက်ဝန်ထမ်းတွေ ဖြစ်လာပါ တယ်။ အကျင့်ပျက်ဝန်ထမ်းမဖြစ် လည်း အရာရာမှာ လူမှုရေးအသိ စိတ်ဓာတ်တွေ ပျောက်ကွယ်လာ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်နေရာ ဘယ်ကိုသွားသွား ငွေမကုန်ဘဲ သွားလို့ရတဲ့နေရာ မရှိလို့ပါ။ နောက်ဆုံးရေ အိမ်သွားတာကအစ ပိုက်ဆံရှိမှ သွားလို့ရတာမို့ အဲဒီပိုက်ဆံဆိုတာကြီးကို အာရုံစူးစူးစိုက်စိုက်၊ ခက်ခက်ခဲခဲ ရှာကြဖွေကြရင်း တစ်ဦးနဲ့တစ်ဦးလျစ်လျူရှုတတ်လာကြပါတယ်။ အယုံအကြည် ကင်းမဲ့လာကြပါတယ်။ လူတစ်ယောက်မတော်တဆဖြစ်လို့ သေမလိုဖြစ်နေလည်း ရှောင်ကွင်းပြီး မသိချင်ယောင်ဆောင်နေတတ် ကြပါတယ်။
ဇန်န၀ါရီ ၂၉ ရက်နေ့က ကျွန် မရဲ့ သူငယ်ချင်း နိုင်ငံကျော်တေး သံရှင် ယဉ်ယဉ်ထွန်း (ခ) ယဉ်ဝေ ယံထွန်း နေပြည်တော် သပြေကုန်းအ၀ိုင်းမှာ ဆိုင်ကယ်မတော်တဆ မှု ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်း တဲ့ သူ့သူငယ်ချင်းက ပွဲချင်းပြီး သေသွားပါတယ်။ တေးသံရှင် ယဉ်ယဉ်ထွန်းကတော့ အသက်မ သေပါဘူး။ ခေါင်းမှာ အချက် ၃၀လောက်ချုပ်ရပါတယ်။ သွားတွေ လည်း မရှိတော့ပါဘူး။ လက်မှာ လည်း စတီးရိုးကြီးထည့်ထားရပါ တယ်။ သတိရတစ်ချက် မရတစ် ချက်နဲ့။ နောက်က ဆိုင်ကယ်က ပွတ်ဆွဲသွားတယ်လို့ သိရတာပါ ပဲ။ ကိုယ့်ကြောင့် မတော်တဆဖြစ် တယ်ဆိုရင် ထွက်မပြေးဘဲ အသိ စိတ်ဓာတ်လေးနဲ့ တာဝန်ယူဖို့ လူ စိတ်မရှိကြတော့တာပါ။ ဒါကြောင့်ဘယ်သူမှ မသိကြဘဲ တေးသံရှင် ယဉ်ယဉ်ထွန်းခမျာ ပိုင်ရှင်မဲ့ အ လောင်းတွေနဲ့ အတူ ပစ်ထားခြင်း ခံခဲ့ရတယ်လို့ သိရတော့ အင် မတန်ဝမ်းနည်းမိပါတယ်။ နိုင်ငံ တော်ပွဲတွေဆိုလည်း ကျွန်မတို့နဲ့ အတူတူ သီဆိုဖျော်ဖြေခဲ့တဲ့ ယဉ် ယဉ်ထွန်းပါ။ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ အများပြည်သူကို ဖျော်ဖြေရင်း စားဝတ်နေရေးကို ဖြေရှင်းနေတဲ့ ယဉ်ယဉ်ထွန်းရဲ့ ဘ၀က အဲဒီစားဝတ်နေရေးမပြေ လည်လို့ဆိုပြီး လူစိတ်မရှိဘဲ ရှောင် ထွက်သွားကြတဲ့ လူတွေရဲ့ ပစ် ထားခြင်းခံခဲ့ရလို့ စည်ပင်က ပိုင် ရှင်မဲ့အလောင်းတွေနဲ့အတူ ထားထားတာတဲ့လေ။ သူ့ကို ယဉ်ယဉ် ထွန်းမှန်း ဘယ်သူမှ မသိကြတာ လား။ ဒါမှမဟုတ် ငွေမရှိတဲ့ မျက် နှာမွဲ တေးသံရှင်မို့ လှည့်မကြည့် ကြတာလား။ ငွေကြေးတွေရဲ့ အောက်မှာ လူ့တန်ဖိုးတွေဟာ ပိပြားနေရပြီလား။ ငွေမရှိရင် လူ ကို တန်ဖိုးမထားကြတော့ဘူး လား။
လူစိတ်မရှိတဲ့၊ တစ်ကိုယ် ကောင်းဆန်ကြတဲ့ သူတွေကြောင့်ဘယ်နေရာကိုသွားသွား သတိ ထားပြီးတော့ကို သွားနေရပါ တယ်။ ယာဉ်ကို မဆင်မခြင်မောင်း တတ်ကြတဲ့ ယာဉ်မောင်းတွေ ကြောင့် လူမသိ သူမသိကြွေလွင့် သွားရတဲ့ လူ့အသက်တွေ မနည်း တော့ပါဘူး။ ယာဉ်ကို ခရီးသွားရ တာ လွယ်ကူအဆင်ပြေဖို့ အတွေး နဲ့ မောင်းကြတာလား။ ဒါမှမဟုတ် ရုပ်ရှင်ဆန်ဆန် ပြကွက်ဆန်းတွေ ပြသချင်လို့ မောင်းနေကြတာ လား။ တချို့ဆို လမ်းဖြတ်ကူးနေ မှန်းသိရဲ့နဲ့တောင် စနောက်ပြီး ကားနဲ့တိုက်မယ်ဆိုတဲ့ ပုံမျိုးနဲ့ ရယ် မောပြီး စကြတာ ကျွန်မမကြာ ခဏခံခဲ့ရဖူးပါတယ်။
ဒီကနေ့ခေတ်မှာ လူအတော် များများက ကားမစီးနိုင်လို့ လမ်း လျှောက်နေကြတာ မဟုတ်ပါဘူး။ ကားစီးနိုင်တဲ့သူရော ကားဝယ်မစီးနိုင်တဲ့သူရော လမ်းလျှောက်ကြပါ တယ်။ ဘယ်လိုပဲ ဘယ်နေရာကို သွားသွား၊ ဘယ်အလုပ်ကိုပဲ လုပ် လုပ် တန်ဖိုးမရှိတဲ့ လူတွေနဲ့ ဆုံ စည်းရတဲ့အခါ တန်ဖိုးရှိတဲ့ လူ တွေ ဒုက္ခရောက်ကြရတာ ဒုနဲ့ဒေး၊ ရေတွက်လို့မကုန် အပုံမှ အပုံပါပဲ။အကြောင်းပြချက်အမျိုးမျိုး တွေရဲ့ နောက်ကွယ်မှာ လူတွေရဲ့ စိတ်ဓာတ်တွေ အကြီးအကျယ်ကို ယိုယွင်းနေကြပါပြီ။ ကျွန်မတို့ မြန် မာနိုင်ငံမှာ မီဒီယာမျိုးစုံ ပွင့်လန်း လာတော့မှ တန်ဖိုးမဲ့တဲ့ လူတွေ အကြောင်း ဟိုနေရာက ဘွားခနဲ၊ ဒီနေရာက ဘွားခနဲ ကွက်ကွက် ကွင်းကွင်းကို မြင်နေရပါပြီ။
ဒီလိုလူတွေကို ရှောင်ဖယ် ပြီး မသိချင်ယောင်ဆောင်နေမယ့် အစား၊ စားဝတ်နေရေးခက်ခဲလွန်း လို့ နေရာအနှံ့ငွေရသမျှ အကုန် လုပ်မှာပဲဆိုတဲ့ လူတွေကို ရှောင် ဖယ်နေမယ့်အစား သူတို့ရဲ့ အ ခက်အခဲတွေကို ဖြေရှင်းပေးနိုင် တဲ့ စားဝတ်နေရေးပြေလည်စေ မယ့် အလုပ်တွေ ပိုမိုဖွံ့ဖြိုးလာ မယ်ဆိုရင်တော့ အသိမဲ့နေတဲ့ မြန်မာလူမျိုးတွေရဲ့ အသိစိတ်ဓာတ် တွေ ပိုမိုကောင်းမွန်တိုးတက်လာ မှာပါ။ စားဝတ်နေရေးခက်ခဲရင် စာတတ်ပေတတ်ပညာတတ်တွေ တောင် အသိတရားကင်းမဲ့တတ် ကြတာပါ။ စာမတတ်၊ ပေမတတ် ပညာမဲ့၊ အိမ်ရာမဲ့တွေရဲ့ ဘ၀က တော့ ပြောမနေပါနဲ့တော့။
အသုံးလုံးတတ်ရုံနဲ့ မြန်မာ ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာပါပြီ ဆိုရင်တော့ မြန်မာပြည်ထဲက လူ တွေဟာ ပိုပြီးအသိတရားကင်းမဲ့ လာဦးမှာပါ။ စားဝတ်နေရေးပြေ လည်ဖို့ တစ်နေ့တည်းနဲ့ ရော့..အင့်ဆိုပြီး ငွေပုံပေးလို့မရပါဘူး။ ရတာနဲ့ ချက်ချင်းသုံးပစ်မှာပါ။ ကုန်သွား တော့ ဒုံရင်းက ဒုံရင်းပါပဲ။ အလုပ် လုပ်ရင်းရတဲ့ ၀င်ငွေကောင်းတွေ ရှိမှ လူဆိုတာ ပျော်ပြီး အလုပ်ပို လုပ်ချင်၊ အသိဉာဏ်ပိုမိုဖွံ့ဖြိုးပြီး စာသင်ချင်လာမယ်။ ပညာကောင်းတွေ ရှာချင်လာမှာပါ။
ဒါဆိုရင်တော့ ကျွန်မသူငယ် ချင်းတေးသံရှင် ယဉ်ယဉ်ထွန်းလို စာနာမှုကင်းမဲ့စွာ ပစ်ထားခြင်းခံရ မှုတွေ လျော့ပါးသွားမှာပါ။ လူ့ တန်ဖိုးတွေလည်း မြင့်တက်လာ မှာပါလို့။ ကျွန်မတို့ မြန်မာပြည် ကြီးထဲက လူ့တန်ဖိုးတွေ ပိုမိုတိုး တက်စေကြောင်း ဆန္ဒကောင်း ဖြင့်...။။
Sources: Search Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment