Latest News

Monday, January 16, 2017

မှော်ပညာ သင်တန်းကျောင်းကိစ္စ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းနေ

မှော်ပညာ သင်တန်းကျောင်းကိစ္စ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းနေ


ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ပေါက်တောဝအနီး ဖန်ချက်စက်လမ်း၊ မုဒိတာ အိမ်ရာ ၂ ရှိ တိုက်အမှတ် 2A-172 တွင် ဖွင့်လှစ်ထားသော မှော်ပညာ သင်တန်းကျောင်း ကိစ္စ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေကြောင်း အင်းစိန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဇန်န၀ါရီ ၁၆ ရက်တွင် The Ladies သို့ ပြောသည်။

“မှော်ပညာ သင်တန်းကျောင်းကိစ္စက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေပါတယ်။ သင်တန်းကျောင်းက တာဝန်ရှိ သူတွေကိုလည်း လက်ရှိ စစ်ဆေးနေပါတယ်” ဟု ဦးမောင်မောင်ဦးက The Ladies သို့ပြောသည်။

မှော်ပညာ သင်တန်းကျောင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မီဒီယာအချို့တွင် သတင်းများ ဖော်ပြလာပြီး နောက်ပိုင်း မြို့နယ် ထွေ/အုပ်က ကိုင် တွယ်ဖြေရှင်း နေခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မှော်ပညာ သင်တန်းကျောင်းကို မြို့နယ် ထွေ/အုပ်အမိန့်ဖြင့် ပိတ်ခိုင်း ထားပြီး သင်တန်းကျောင်းမှ တာဝန်ရှိသူများ ကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

“မှော်ကျောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့က ဘာမှလုပ်လို့ မရပါဘူး။ တစ်စုံတစ်ရာ အရေးယူထားတာလည်း မရှိပါဘူး။ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး” ဟု အင်းစိန်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက The Ladies သို့ ပြောသည်။

အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း၏ ကောင်းကျိုးအတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ် သင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်း မီဒီယာတစ်ခု၏ သတင်းတွင် ဖော်ပြထားသည်။

သင်တန်းကို ဆရာလင်းညှို့တာရာနှင့် ဆရာလပြည့်ဝန်း တို့မှ ဦးဆောင် သင်ကြားပြသ ပေးခြင်းဖြစ်ပြီး အရှေ့တိုင်း ရုပ်သွင်းနာမ်ထား သင်တန်းအောက်တွင် (၁) ရုပ်သွင်းနာမ်သွင်း ပညာ၊ (၂) မြန်မာ့ရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာ အချို့ (၃) မြန်မာ့အရုပ်ပညာ (၄) အရုပ်အပ်စိုက်ပညာ (၅) နာမ်သွင်းဆေး အတတ်ပညာ (၆) နာနာရုပ် အတတ်ပညာ (၇) သပြေချိုး အပင်ခုတ် ပညာ (၈) အကာအကွယ်ပညာ (၉) ပြုစားခြင်း အတတ်ပညာရပ်များ သင်ကြားပေးခြင်း ဖြစ်ကြောင်းလည်း သတင်းဖော်ပြချက်များအရ သိရသည်။

ဇော်မင်းထွန်း
The Ladies News
http://www.theladiesnewsjournal.com/news/mon-2017-01-16-1417/4750

No comments:

Post a Comment