Latest News

Saturday, January 14, 2017

ခြင်မကိုက်အောင် တားနိုင်သည့်ဆေး တောရှောက်ခါးသီးအဆီတွင်တွေ့

ခြင်မကိုက်အောင် တားနိုင်သည့်ဆေး တောရှောက်ခါးသီးအဆီတွင်တွေ့


မြန်မာနိုင်ငံတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေး ရောဂါပိုးကို သယ်ဆောင်သည့် အေးဒီးစ် ခြင်လောက်လန်း သေနိုင်စွမ်းနှင့် ခြင်မကိုက်အောင် တားနိုင်သည့်ဆေး (ခြင်လိမ်းဆေး) ကို တောရှောက်ခါးသီးအဆီတွင် တွေ့ရှိရကြောင်း ဆေးသုတေသန ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာ ကိမိလဗေဒ သုတေသနဌာနခွဲမှ သုတေသနမှူး ဒေါက်တာမောင်မောင်မြက ပြောကြားသည်။

တောရှောက်ခါးသီးကို အီသနောဖြင့် ထုတ်ယူရရှိသော အဆီဖြင့် ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်တို့မှ ခြင်များကို စမ်းသပ်ခဲ့ရာတွင် ပိုးလောက်လန်း သေနိုင်စွမ်းမှာ ၉၆ မှ ၁၀၀ ရာခိုင်နှုန်းကြား ရှိသည်ကို တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။

“ရန်ကုန်မှာ ရှိတဲ့လူတွေက ခြင်ဆေးမျိုးစုံ သုံးတဲ့အတွက် နယ်က ခြင်ထက်စာရင် ရန်ကုန်က ခြင်က ဆေးကို ခံနိုင်ရည် ရှိနေတာ တွေ့ရတယ်”ဟု ဒေါက်တာမောင်မောင်မြက ဆိုသည်။

ခြင်မကိုက်အောင် လူးသည့်ဆေး(ခြင်လူးဆေး)ကို ဖော်စပ်ရာတွင် အဆိပ်ရှိ၊ မရှိကို ကြွက်အဖြူဖြင့် စမ်းသပ်ခြင်း၊ ယားယံ၍ အဖုပိန့်ထွက်မှု ရှိ၊ မရှိကို ယုန်ကို အမွှေးရိပ်၍ တောရှောက်ခါးသီးမှ ထုတ်ယူသည့်အဆီဖြင့် စမ်းသပ်ခြင်းတို့ဖြင့် စမ်းသပ်ရာ အန္တရာယ် မရှိသည်ကို တွေ့ရကြောင်း၊ ခြင်လိမ်းဆေး အနေဖြင့် စီမံချက် ရရှိပါက ဆေးထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

သုတေသနအရ အမျိုးသားနှင့် အမျိုးသမီးတွင်  အမျိုးသမီးများမှာ အသားနုနယ်သည့်အတွက် ခြင်ပိုကိုက် ခံရသည်ကို တွေ့ရကြောင်း ဒေါက်တာမောင်မောင်မြက ပြောကြားသည်။

တောရှောက်ခါးသီးကို တိုင်းရင်းဆေးအဖြစ် ဒဏ်ကြေလိမ်းဆေး ဖော်စပ်ရာတွင် အသုံးပြုကြောင်း သုတေသီများထံမှ သိရသည်။

တောရှောက်ခါးသီးအဆီဖြင့် ခြင်လောက်လန်း သေစေနိုင်စွမ်းနှင့် ခြင်မကိုက်အောင် တားနိုင်သည့်ဆေး ဖော်စပ်နိုင်သည့် သုတေသနမှာ ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာနတွင် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပသည့် အကောင်းဆုံး ၄၅ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်း ညီလာခံတွင် ပိုစတာ ဒုတိယဆု ရရှိခဲ့သည်။


Sources; The Voice

No comments:

Post a Comment