Latest News

Monday, January 30, 2017

မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀၀ ကျော်က လစာတိုးပေးရန် ထိုင်းပင်လယ်စာ ကုမ္ပဏီကြီးကို တောင်းဆို

မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀၀ ကျော်က လစာတိုးပေးရန် ထိုင်းပင်လယ်စာ ကုမ္ပဏီကြီးကို တောင်းဆို


ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀၀ ကျော်က လစာများ တိုးပေးရန်နှင့် လုပ်ငန်းခွင်အခြေအနေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးရန်အတွက် အဓိကပင်လယ်စာ တင်ပို့သည့် ကုမ္ပဏီကြီးထံ ဇန်န၀ါရီ ၃၀ ရက်တွင် တောင်းဆိုခဲ့ရာ ပြည်ပနိုင်ငံသားများအား အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ပိတ်ပင်ထားသည့် ထိုင်းနိုင်ငံတွင် ကြုံခေါင့်ကြုံခဲ ရပ်တည်မှုတစ်ခု ဖြစ်သည်။

Sea Value Group က ပိုင်ဆိုင်သည့် ပင်လယ်စာ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများမှ မြန်မာအလုပ်သမား ၂၂၄၃ ဦးအား ကိုယ်စားပြုသည့် ခေါင်းဆောင်များက ဖူလုံရေး စရိတ်များ တိုးမြှင့်ပေးရန်၊ လုပ်ငန်းခွင်အခြေ အနေပြောင်းလဲပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာ ကွန်ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဓိကတောင်းဆို ချက်များမှာ အပိုဆုကြေး တိုးပေးရန်၊ ညကြေးများ တိုးပေးရန်၊ မက်လုံးများ တိုးပေးရန်ဖြစ်ကြောင်း ယင်းကွန်ရက်မှ တက်ကြွလှုပ်ရှားသူ အင်ဒီဟောက ပြောကြားခဲ့သည်။

ထိုင်းသည် ကမ္ဘာပေါ်တွင် ပင်လယ်စာတင်ပို့မှု တတိယမြောက် အကြီးမားဆုံး နိုင်ငံဖြစ်သော်လည်း ယင်းလုပ်ငန်းတွင် အခွင့်အရေး ချိုးဖောက်မှုများ၊ ငါးဖမ်းသင်္ဘောများနှင့် စားသောက်ကုန် ပြုပြင်ထုတ်လုပ်ရေး စက်ရုံများတွင် လုပ်ခဈေးပေါပေါဖြင့် ခိုင်းစေမှုများ ဖြစ်ပွားနေသည်ဟု စွပ်စွဲချက်များ ဆက်တိုက် ရင်ဆိုင်နေရသည်။ ယင်းလုပ်ငန်းတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ ဆင်းရဲသော ရွှေ့ပြောင်းအလုပ်သမားများက အဓိက လုပ်ကိုင်နေခြင်း ဖြစ်သည်။ သို့သော် ယင်းအလုပ်သမားများအား ဆက်ဆံမှုများက နိုင်ငံတကာမှ ၀ယ်လက်များ အထူးသဖြင့် ဥရောပနှင့် အမေရိကန်တို့တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ယင်းနိုင်ငံများရှိ စားသုံးသူများက ကျင့်ဝတ်နှင့် လျော်ညီသော စားသောက်ကုန်များ ထုတ်လုပ်ရန် တောင်းဆိုခဲ့ကြသည်။

Sea Value Group ၏ စက်ရုံများတွင် တစ်နေ့လျှင် တူနာငါး၊ ငါးသေတ္တာငါး၊ မက်ကရယ်ငါးနှင့် အခြားငါးများ တန်ချိန် ၁၀၀၀ ကျော်အား ပြုပြင်ထုတ်လုပ်နေပြီး အများစုကို ဥရောပနှင့် အမေရိကန်သို့ တင်ပို့နေကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ကုမ္ပဏီ၏ ထုတ်ကုန်များသည် ကောင်းမွန်သော ထုတ်လုပ်သည့် စနစ်များ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများ၊ လုပ်ငန်းပိုင်းနှင့် သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများနှင့်အတူ စားသုံးသူများ၏ မျှော်လင့်ချက်ပြည့်မီ၊ ကျော်လွန်အောင် လုပ်ဆောင်ခဲ့ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများသည် မကြာသေးမီနှစ်များအတွင်း လစာတိုးပေးရေးနှင့် လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ရေးတို့အတွက် တိုးမြှင့်တောင်းဆိုလာသော်လည်း အသရေဖျက်မှုဖြင့် တရားစွဲဆို ခံရခြင်းဆိုသော အန္တရာယ်များနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ရွှေ့ပြောင်း အလုပ်သမားအားလုံးကို မှတ်ပုံတင်ပေးရန် အစိုးရက မကြာသေးမီက လုပ်ဆောင်ခဲ့သော်လည်း အလုပ်သမားအများအပြားသည် မှတ်ပုံမတင် ရသေးသောကြောင့် အလုပ်သမားအများ အပြားသည် အလုပ်ရှင်နှင့် လူမှောင်ခိုကူး သူများ၏ မတရားပြုမှုများအား ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ရှိနေသည်။        

Refး AFP

===========

Eleven Media Group

No comments:

Post a Comment