Latest News

Tuesday, January 31, 2017

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်း ဖေဖော်ဝါရီလလယ်မှဖွင့်မယ်

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်း ဖေဖော်ဝါရီလလယ်မှဖွင့်မယ်

နေရာချထားပေးဖို့ စီစဉ်တာတွေမပြီးသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်းကို ပုစွန်တောင်မြို့နယ် ၅၂ လမ်းမှာ ဇန်န၀ါရီလကုန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် နေရာချထားပေးဖို့ စီစဉ်တာတွေမပြီးသေးလို့ ဖေဖော်ဝါရီလ လယ်မှလောက်မှပဲ ဖွင့်လှစ်နိုင်တော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

လက်ရှိမှာတော့ ညဈေးတန်းမှာ ဈေးရောင်းချမယ့် ဈေးသည်တွေအတွက် ရေပေးဝေရေးစနစ်တွေ လမ်းမီးတိုင်နဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကို ဆောက်လုပ်နေတာစီးနေပြီး အမှိုက်သိမ်းစနစ်ကိုလည်း စနစ်တကျဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိက တစ်ဦးကပြောပါတယ်။

“မနက်ပိုင်း သားစိမ်းနဲ့ကုန်စိမ်း ရောင်းတဲ့သူတွေကိုနေရာသတ်သတ်၊ သစ်သီးရောင်းတဲ့သူတွေကိုနေရာသတ်သတ်ချထားပေးပါမယ်။ ၂ လပိုင်းလလယ်လောက်မှ ဖွင့်မယ်။
ဈေးသည်တွေ နေရာပြန်ရောင်းတာတွေ မဖြစ်အောင်စီစဉ်ထားပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင် ညဈေးတန်းဖွင့်တဲ့အခါ သတင်းစာ ရှင်းလင်းပွဲလည်းလုပ်မယ်”လို့ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီညဈေးတန်းတွေမှာ ကုန်စိမ်း၊ သားငါးရောင်းချတဲ့ ဈေးသည်တွေ အစားအသောက်နဲ့ သစ်သီးရောင်းချတဲ့ လမ်းဘေးဈေးသည် ၁၄၃ ဦးကို ရှစ်ပေပတ်လည်ဆိုင်ခန်းတွေ မဲနှိုက်ပြီး နေရာချထားပေးသွားမယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ညဈေးတန်းမှာ ကုန်စိမ်းနဲ့ သားငါးရောင်းချတဲ့ ဈေးသည်တွေကို မနက် ၆ နာရီကနေ မနက် ၁၁ နာရီအထိ ဖွင့်လှစ်ခွင့် ပေးသွားမှာဖြစ်ကာ အစားအသောက်ရောင်းချတဲ့ ဈေးသည်တွေကို မွန်းလွဲ ၃ နာရီကနေ ည ၁၁ နာရီဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံးညဈေးတန်းကို ကမ်းနားလမ်းမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Source : 7DayDaily ,5 Plus News, Duwun

No comments:

Post a Comment