Latest News

Friday, January 13, 2017

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ပွင့်ဖြူမြို့နယ် တရားသူကြီးတစ်ဦးအား တရားခံပြေးအမှု ဖွင့်လှစ်ထား

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ပွင့်ဖြူမြို့နယ် တရားသူကြီးတစ်ဦးအား တရားခံပြေးအမှု ဖွင့်လှစ်ထား


မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ယခင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး (ယခု မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး ဦးစီးအရာရှိ) အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အဉ္ဇလီမြရှိန်အား ပွင့်ဖြူမြို့မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားခံပြေး အမှုဖွင့်လှစ်ထားသည်ကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းက ရာသေးအမှတ် ၁/၂၀၁၇ ဖြင့် လက်ခံ စစ်ဆေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းထံမှ သတင်းရရှိသည်။

 ဒေါ်အဉ္ဇလီမြရှိန် (တ/၂၉၃၄) ကို နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အရေးယူပေးရန် ပွင့်ဖြူမြို့မြို့မ ရဲစခန်းသို့ ဇန်န၀ါရီ ၂ ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပွင့်ဖြူ မြို့မြို့မရဲစခန်းက ယင်းတိုင်ကြားချက်ကို (ပ) ၃/၂၀၁၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊  ဒေါ်အဉ္ဇလီမြရှိန်သည် ပွင့်ဖြူမြို့နယ် တရားရုံး ရာဇ၀တ်ကြီးမှုအမှတ် ၂၉၄/၂၀၁၅ အမှုမှ တရားခံ ဦးကျော်ဝမ်းအား ပြစ်ဒဏ်သက်ညှာစွာ စဉ်းစားပေးရေးအတွက် ငွေကျပ် ၅၀၀၀၀၀ ကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၂၁၉/၂၀၁၆ အမှုမှ တရားခံ ဒေါ်တင်နီလာဝင်းအား ထောင်ဒဏ်ချမှတ်စေခြင်း မပြုဘဲ ငွေဒဏ်ကျပ် ၁၀ သိန်းဖြင့် အမှုပြီးပြတ်စေရေးအတွက် အဆိုပါအမှုတွင် လိုက်ပါဆောင်ရွက်သည့် အထက်တန်း ရှေ့နေ ဒေါ်ငြိမ်းငြိမ်းအိမှတစ်ဆင့် တရားခံ မိသားစုထံမှ ငွေကျပ် ၅၀၀၀၀၀ ကိုလည်းကောင်း လက်ခံရယူခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် အဆိုပါကဲ့သို့ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ အမှုဖွင့်ထားစဉ် ဒေါ်အဉ္ဇလီမြရှိန်သည် ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရအမှုဖွင့်ခဲ့ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ဇန်န၀ါရီ ၁၀ ရက်က တင်ပြခဲ့သည့်စာအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် န၀ဒေးဥယျာဉ် အိမ်ရာ တိုက်နံပါတ် ၅၊ အခန်း ၃ တွင် နေထိုင်သည့်  ဒေါ်အဉ္ဇလီမြရှိန်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဆိုပါ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် သူမအား ပွင့်ဖြူမြို့နယ်တရားသူကြီးအဖြစ်မှ မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူးအဖြစ် တာဝန်ပြောင်းလဲခဲ့ခြင်း၊ ဒေါ်အဉ္ဇလီမြရှိန်သည် တိုင်းဒေသကြီး တရားရေး ၀န်ထမ်း အိမ်ရာတွင် နေထိုင်စဉ် ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းတို့ကြောင့် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။



“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပေမယ့် တကယ်တမ်း လက်တွေ့ကျကျ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ပြီး တရားစွဲဆိုနိုင်တဲ့အဆင့် ရောက် ဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ။ အဲဒီလိုရှိနေတဲ့ အချိန်အခါမျိုးမှာ ပွင့်ဖြူမြို့နယ်တရားသူကြီး  ဒေါ်အဉ္ဇလီမြရှိန်ရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တာက အခုလို တရားစွဲတဲ့ အဆင့်ထိအောင်တော့ ရောက်သွားပြီပေါ့။ ဒေါ်အဉ္ဇလီမြရှိန်ကို ဒီကိစ္စဖြစ်နေတဲ့ အချိန်မှာ မကွေးတိုင်း တရားရေးဦးစီး အရာရှိအနေနဲ့ ခေါ်ယူပြီးတော့ တွဲဖက်ထားတဲ့အချိန်မှာ၊ နောက် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရဲ့  တရားရေးဝန်ထမ်းအိမ်ရာမှာ နေနေတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်ရဲ့ စီမံအုပ်ချုပ်မှုရုံးထဲမှာ၊ နောက်တစ်ခါ ဒီတရားရေး ၀န်ထမ်းအိမ်ရာထဲမှာ နေတုန်းမှာပဲ တရားစွဲတင်တဲ့အခါကျမှ တရားခံပြေး ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့စိတ်ထဲမှာ ဘ၀င်မကျလှဘူး။ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်မှာ တာဝန်ရှိတယ်လို့ တရားခံပြေးခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်ပြောချင်ပါတယ်”  ဟု ပွင့်ဖြူမြို့နယ် အပါအ၀င်ဖြစ်သည့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်များပါ နစ်နာသူပြည်သူများက  ဒေါ်အဉ္ဇလီမြရှိန်အား အရေးယူပေးပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုင်စာများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲအပ်ခဲ့ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယင်းတိုင်စာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ပြီး  ဒေါ်အဉ္ဇလီမြရှိန်သည် လာဘ်ငွေအဖြစ် ငွေကြေး လက်ခံခဲ့သည်ဟု ပေါ်ပေါက်ခဲ့သောကြောင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းမိနိုင်ရေးနှင့် ဖမ်းဆီး ရမိပြီးချိန်တွင် အဆုံးသတ် အမိန့်ချသည် အထိ စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတင်အောင်ထွန်းက ဆက်လက်ပြောကြားသည်။



Sources; Eleven Media Group

No comments:

Post a Comment