Latest News

Friday, January 13, 2017

ဥရောပမှာ အအေးလွန်ကဲမှု ဆက်လက်ဖြစ်နေပြီး ပြင်သစ်နဲ့ ဂျာမနီမှာ မုန်တိုင်းတိုက်

ဥရောပမှာ အအေးလွန်ကဲမှု ဆက်လက်ဖြစ်နေပြီး ပြင်သစ်နဲ့ ဂျာမနီမှာ မုန်တိုင်းတိုက်

ဥရောပတစ်လွှား အအေးလွန်ကဲပြီး ရာသီဥတုကြမ်းတမ်းမှုကြောင့် သေဆုံးသူ ၆၅ ဦးအထိ ရှိပြီဖြစ်ပါတယ်။

ဥရောပအနောက်ပိုင်း ဒေသတွေမှာ အအေးလွန်ပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် နေအိမ်အများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်နေပြီး သစ်ပင်များလဲပြိုခြင်းနဲ့ ရထားသွားလာမှုအချို့ နှောင့်နှေးခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေတစ်လျှောက်နဲ့ ပါရီမြို့မြောက်ပိုင်းမှာ မုန်တိုင်းတိုက်မှုကြောင့် နေအိမ်ပေါင်း ၂၃၇,၀၀၀ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။

ကမ်းရိုးတန်ဒေသရှိ ဒီရက်ပီမြို့မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၉၀.၅ မိုင်ဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။ အက်ဂွန် (Egon) လို့ အမည်ပြောင်ပေးထားတဲ့ မုန်တိုင်းဟာ ပြင်သစ်မှာ တိုက်ခတ်ပြီးနောက် ဂျာမနီနိုင်ငံ တောင်ပိုင်းဒေသတွေမှာလည်း တိုက်ခတ်ခဲ့ပါတယ်။ ဂျာမနီတောင်ပိုင်းရှိ ရိန်းလန်း-ပလာတီနိတ်နဲ့ ဘာဗေးရီးယားတို့မှာ အဓိက တိုက်ခတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ယာဉ်လမ်းကြောပိတ်ဆို့မှုများ နေရာအနှံ့အပြား ဖြစ်ခဲ့ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီမှာ အရေးပေါ်အဖွဲ့တွေဟာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ အစွမ်းကုန်လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြင်သစ်အရှေ့တောင်ပိုင်းမှာ ၎င်းရဲ့ကားပေါ်ကို သစ်ပင်ပြိုလဲကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ဒေသအချို့ရှိ ကျောင်းတွေနဲ့ ကောလိပ်တွေကို ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျာမနီရှိ လမ်းအချို့မှာ ဆီးနှင်းနဲ့ ရေခဲပြင်ဖုံးနေမှုကြောင့် လမ်းချော်နိုင်ကြောင်း ကားမောင်းသူတွေကို သတိပေးထားပါတယ်။ ဘာဗေးရီးယားမှာ မော်တော်ဆိုင်ကယ်တိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ ဂျာမနီမှာ လေပြင်းများတိုက်ပြီး ဆီးနှင်းထူထပ်စွာ ကျရောက်နေမှုကြောင့် Lufthansa လေကြောင်းလိုင်းရဲ့ ဖရန့်ဖတ်နဲ့ မီလန် လေဆိပ်မှ လေယာဉ်ခရီးစဉ် ၁၂၅ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂျာမန်ရထားပို့ဆောင်ရေးလုပ်ငန်း Deutsche Bahn က မြန်နှုန်းမြင့် ရထားတွေကို အမြန်နှုန်း တစ်နာရီလျှင် ၁၂၄ မိုင်ဖြင့် ကန့်သတ်ခုတ်မောင်းနေရပြီး ခရီးသွားလမ်းနှောင့်နှေးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဥရောပမှာ ရာသီဥတုဆိုးရွားနေမှုများအနက် ဘယ်လ်ဂျီယံနဲ့ အင်္ဂလန် ကမ်းရိုးတန်းဒေသတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဥရောပတစ်လွှား အအေးလွန်ကဲပြီး ရာသီဥတုကြမ်းတမ်းမှုကြောင့် သေဆုံးသူ ၆၅ ဦးအထိ ရှိပြီဖြစ်ပါတယ်။ ပိုလန်နိုင်ငံနဲ့ ရိုမေးနီးယား၊ ဘူလ်ဂေရီးယား၊ ဂရိနဲ့ တူရကီအနောက်ပိုင်းတို့မှာ ဆီးနှင်များ ထူထပ်စွာကျရောက်ပြီး အအေးလွန်ကဲနေပါတယ်။ ဥရောပအရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဘော်လကန်ဒေသရှိ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းခိုလှုံသူတွေဟာ အေးခဲနေတဲ့ ရာသီဥတု အခြေအနေမှာ လုံလောက်တဲ့ အကာအကွယ်မရှိဘဲ အများအပြားဟာ ရွက်ဖျင်တဲတွေမှာ အပူဓာတ်အနည်းဖြင့်သာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းရဲ့ အဆိုအရ ဘူလ်ဂေးရီးယားမှာ ရွှေ့ပြောင်းခိုလှုံသူအချို့ဟာ အအေးလွန်မှုနဲ့ အားအင်ကုန်ခမ်းမှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန်အရှေ့ဘက် ကမ်းရိုးတန်ဒေသတွေမှာ မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂျေးဝစ်ခ်၊ အက်ဆက်၊ ဂရိတ်ယာမောင့်နဲ့ နော်ဖော့ခ်တို့မှာ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အင်္ဂလန်မှာ လေပြင်းများတိုက်ခိုက်မှု၊ ဆီးနှင်းထူထပ်စွာကျမှုနဲ့ အအေးလွန်ကဲမှုတို့ ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။ အင်္ဂလန်မှာ လေပြင်းတိုက်ခတ်နိုင်တဲ့နေရာ ၈၀ ကျော်နဲ့ ရေကြီးနိုင်တဲနေရာ ၈၀ နီးပါးအတွက် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source & Photo: BBC, AP, Reuters:Duwun

No comments:

Post a Comment