စစ်ပွဲတွေရပ်တန့်ရေး လှုပ်ရှားမှု မြို့နယ် ၄ ခုမှာ စတင်
ပြည်တွင်းစစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေးရရှိဖို့ မေတ္တာရပ်ခံတောင်းဆိုတဲ့လှုပ်ရှားမှုကို တနင်္သာရီတိုင်း ထားဝယ်ခရိုင် မြို့နယ် ၄ ခုက လူစည်ကားတဲ့နေရာတွေမှာ ဒီနေ့စတင်ပြုလုပ်နေပါတယ်။
ပြည်သူတွေ စစ်ဘေးဒုက္ခရောက်နေတာတွေ၊ စစ်ပွဲတွေကြောင့် အသက်ဆုံးရှုံးခဲ့သူတွေကိုလည်း နောက်ထပ်မမြင်ချင်တော့ဘဲ ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာ ဖြေရှင်းတာမျိုးပဲ လိုချင်တာကြောင့် လူငယ်တွေစုပေါင်းပြီး လှုပ်ရှားမှုလုပ်တာလို့ ပွဲတာဝန်ခံ ကိုဝေဖြိုး က ပြောပါတယ်။
"အွန်လိုင်းတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ သတင်းတွေမှာ ကျနော်တို့ တွေ့နေရတဲ့ ဒုက္ခခံစားနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ပြီးတော့ စစ်ပွဲတွေဖြစ်နေလို့ ကျည်ဆန်မှန်ပြီးတော့ သေသွားတဲ့အလောင်းတွေ၊ အဲလိုမျိုးမြင်ကွင်းတွေ ကျနော်တို့ နောက်ထပ်မမြင်ချင်ဘူး၊ ငြိမ်းချမ်းရေးကိုပဲ ကျနော်တို့ လိုချင်တယ်၊ တိုက်ပွဲပုံစံမျိုးနဲ့ ဖြေရှင်းတာမျိုး မလိုချင်တော့ဘူးဗျ၊ နှစ်ဦးနှစ်ဘက် တိုက်နေတဲ့ခေါင်းဆောင်တွေ အကုန်လုံးက ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာ ဆွေးနွေးတာမျိုးပဲ လိုချင်ပါတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့က လူငယ်များ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံတောင်းဆိုခြင်းပေါ့ဗျာ၊ လူငယ့်အသံကို ဒီပွဲကနေပြီးတော့ ကျနော်တို့ ပြောတာပဲဖြစ်တယ်ဗျ"
သမိုင်းသစ်ငြိမ်းချမ်းရေးရှိုက်သံအဖွဲ့၊ ထားဝယ်တက်ကြွလူငယ်အဖွဲ့၊ ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂ၊ ထားဝယ်မော်တော်ဆိုင်ကယ် ကလပ်၊ ထားဝယ်စကိတ်အဖွဲ့ စတဲ့အဖွဲ့တွေက လူငယ်တွေစုပေါင်းပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုတွေမှာ ငြိမ်းချမ်းရေးသီချင်းတွေ သီဆိုတာ၊ ကဗျာရွတ်တာ၊ ဆိုင်ကယ်အလှပြစီးတာ၊ ဆိုင်ကယ်စတန့် စီးပြတာ၊ စကိတ်အလှပြတာ၊ ငြိမ်းချမ်းရေး လက်ကမ်း စာစောင်ဝေတာတွေ ပြုလုပ်တာဖြစ်ပါတယ်။
အဲဒီလှုပ်ရှားတွေကို ဒီကနေ့ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေမှာ ပြုလုပ်ခဲ့ပြီး မနက်ဖြန် လောင်းလုံမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ မြို့နယ် ၄ မြို့နယ်ကို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ သွားရောက်ပြီး လူစည်ကားတဲ့နေရာတွေမှာ ပြုလုပ်တာဖြစ်ပါတယ်။
Photo: Wai Phyo Aung (facebook)
(ပြည်တွင်းစစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေးရရှိဖို့ မေတ္တာရပ်ခံတောင်းဆိုတဲ့လှုပ်ရှားမှုကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်စဉ်)
Sources: RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment