Latest News

Monday, January 16, 2017

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သစ်မှောင်ခို ခိုးထုတ်မှုများရှိနေဟု သိရ

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သစ်မှောင်ခို ခိုးထုတ်မှုများရှိနေဟု သိရ



ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သစ်မှောင်ခို ခိုးထုတ်မှုများရှိနေကြောင်း သတင်းရရှိသည်။

သစ်မှောင်ခိုလုပ်ငန်းများ တစ်နှစ်ပတ်လုံး ဖြစ်ပေါ်ခဲ့သော်လည်း လွန်ခဲ့သော လ၀က်ခန့်မှစ၍ တရုတ်နိုင်ငံဘက်မှ ၀ယ်လက်အများအပြား ရောက်ရှိလာပြီး သစ်မှောင်ခိုလုပ်ငန်းများ ပိုမိုများပြားလာကြောင်း သိရသည်။ ယခုနှစ် သစ်မှောင်ခိုလုပ်ငန်းများတွင် တမလန်းသစ်များမှာ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရှားပါးပြီး ကုန်ကြမ်းမရှိသလောက် ဖြစ်နေသောကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နှင့် တကောင်းဒေသထွက် ကျွန်းနှင့် ပိတောက်သစ်ကိုသာ အဓိက မှောင်ခိုဈေးကွက်ဖြစ်နေကြောင်း သိရသည်။

ယင်းဒေသထွက် သစ်များကို မိုးမိတ်ခရိုင် မိုးလိုကျေးရွာအနီး ရွှေလီမြစ်ကမ်းအနီးရှိ ကျူဆာ၊ ငရဲအထိ လမ်းကြောင်းတစ်ဖြတ်ထားပြီး ယင်းမှတစ်ဆင့် ရွှေလီလျှပ်စစ်ဆည် အောက်ပိုင်းမှ ရွှေလီမြစ်ကိုဖြတ်၍ မန်ဝိန်းကြီးလမ်းနှင့် နန်ခမ်းမြို့ကို ဖြတ်၍ ရွှေလီမြစ်ကို ဖြတ်ကူးကာ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်နွှယ်ခဲ့ဖူးသူ တစ်ဦးက “အခု ကျွန်တော်တို့ ပို့တာက ရွှေလီဘေးက မိုးလိုကို ပို့တာ။ သစ်ကွင်းကတော့ မိုးလို၊ ကျူဆာ၊ ငရဲပေါ့။ ကျွန်းနဲ့ ပိတောက်ပဲ ဒီနှစ်ဖြစ်တယ်။ တမလန်းက ကုန်ကြမ်းမရနိုင်လောက်အောင် ရှားသွားပြီ။  မဘိမ်း၊ မိုးလို၊ မိုးမိတ်ရယ် သုံးပွင့်ဆိုင်လို ဖြစ်နေတာပါ။ မိုးမိတ်၊ မဘိမ်းဘက်က သစ်တွေ၊ ထီးချိုင့်၊ မြတောင်တွင်းငယ်ဘက်နှင့် တကောင်းဘက်က သစ်တွေလည်း ပါတယ်။ သစ်ဆိမ့်ကုန်း၊ ပေကုန်း၊ ဆင်တဲကုန်း၊ မလှိုင်ကုန်းတို့ဘက်ကလည်း ရောက်တယ်။ မိုးမိတ်ကနေ မိုးလိုကို ၃၂ မိုင် ဝေးတယ်။ အခုရက်ပိုင်းမှာ မိုးလိုကျေးရွာဝန်းကျင်မှာ တရုတ်နိုင်ငံသား ရာဂဏန်းရှိမယ်။ အဲဒီမှာ အစိုးရဘက်က ဂိတ်ဆုံးပေါ့။ အဲဒီကနေ တရုတ်နောင်တောင်းဆိုရင် လက်နက်ကိုင်တွေနဲ့ ဆိုင်သွားပြီ။ လက်နက်ကိုင် အစုံရှိတယ်။ ကေအိုင်အေ ၊ ပလောင်၊ နောက် SSA ရှမ်းအဖွဲ့၊ ပြည်သူ့စစ်တွေလည်း မှိုလို ပေါက်နေတာ။  အဲဒီကတစ်ဆင့် တရုတ်ဝယ်လက်က တရုတ်နောင်တောင်းကို ပို့တာ။ မိုးလိုကနေ မုန်းဝီး၊ မန်တုံဘက်ထွက်ပြီး နန့်ခမ်းဘက်ကို ထွက်ပြီး ရွှေလီကို ဇက်ကူးနောင်တောင်း ရောက်တာ။ အခွန်အခတွေ များတယ်။ ရွှေလီ (၁) ရေအားလျှပ်စစ်အောက်က နေဖြတ်ပြီး ကချင်ပြည်နယ် မန်ဝိန်းကြီးဘက်နေ နောင်တောင်းဘက်ထွက်တာလည်း ရှိတယ်။ မူးယစ်ဆေးကတော့ တအားပေါတယ်။ လုပ်အားနဲ့လည်း လဲတယ်။ သစ်ဖိုးလည်း ရှင်းလို့ရတယ်။ တစ်ထောင်ဖိုးဆိုရင် သုံးစေ့၊ နှစ်စေ့ ချလို့ရပြီ။ မိုးမိတ်ကနေ မဘိန်းသွားရင် ရွှေလီမြစ်ကူးတံတား ရှိတယ်။ အစိုးရအဖွဲ့စုံလည်း ရှိတယ်။ ဒါကကုန်းကြောင်းပေါ့။ ရွှေလီမြစ်ကြောင်းအတိုင်း တက်ကြတာလည်း ရှိတယ်။ မိုးမိတ်ဘက်နေ မိုးလိုသစ်ကွင်း အရောက်ဆိုရင် သိန်း ၄၀ ၀န်းကျင် ကုန်တယ်။ဒါက အစိုးရဘက်ကို ရှင်းတာ။ အားလုံးကို ပေးရတာပါ။  လုပ်အား သိပ်မသုံးတော့ဘူး။ စက်နဲ့တင်တာ များတယ်။ ကားသမားတွေကတော့ တစ်နိုင်ငံလုံးက အနှံ့ပဲ”ဟုပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တွင်းငယ်၊ တကောင်း၊ ကြံညှပ်ဒေသများတွင် တောဖြစ် ကျွန်းသစ် တစ်တန် ငါးသိန်းဝန်းကျင်၊ ပိတောက် ခြောက်သိန်းဝန်းကျင် ဈေးရှိပြီး မိုးလိုသစ်ကွင်းတွင် ကျွန်း ၂၅ သိန်း ၀န်းကျင်၊ ပိတောက် သိန်း ၃၀ ၀န်းကျင် ဈေးပေါက်ပြီး တရုတ်နိုင်ငံ နောင်တောင်းမြို့တွင် ကျွန်း ၅၅ ၀န်းကျင်၊ ပိတောက် သိန်း ၆၀ ၀န်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

သစ်မှောင်ခိုကား မောင်းခဲ့ဖူးသူ တစ်ဦးက “တရုတ်က လက်မ၊ ပေတွေ တောင်တွေနှင့် ၀ယ်တာ မဟုတ်ဘူး။ စင်တီမီတာတို့နဲ့ ၀ယ်တာ။ ကြီးရင်ကြီးသလို ဈေးရတယ်။ တကောင်းဘက်မှာက တစ်တန် ခြောက်သိန်းလောက်ပဲ။ သယ်တာလည်း ၁၀ တန်ကျော်ပါပဲ။ မိုးလိုမှာ ကျွန်း ၂၅ သိန်း၊ ပိတောက်က ၃၀ ကျော် ရတယ်။ မိုးလိုရောက်ရင် တရုတ်ကားတွေနဲ့က တန် ၂၀ ကျော်နိုင်တယ်။ တရုတ်ရောက်ရင် သိန်း ၅၀ ၊ ၆၀ ဖြစ်သွားတာ။ သစ်ကောင်းရင်  ကောင်းသလောက် ဈေးခေါ်လို့ရတယ်။ မိုးလိုသွားတဲ့လမ်းမှာ မဖမ်းဘူးလားဆိုတော့ သစ်ကားအစီး ၂၀ ဆိုရင် နှစ်စီးလောက်တော့ အဖမ်းပြဖို့ပေးရတယ်။ ကျန်တာက ငွေပဲရှင်းပေါ့။ တကယ်ဖမ်းတယ်ဆိုတာ မရှိပါဘူး”ဟု ပြောကြားသည်။

အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “သစ်တွေ သယ်နေကြတာ ဟုတ်ပါတယ်။ ဒီနှစ်တော့ စတိလောက်ပဲ သယ်ကြသေးတယ်။ ကားတွေလည်း သွားကြတုန်းပါ။ ရွှေလီ (၁) ရေအားလျှပ်စစ် လမ်းကနေ  ထွက်လာတာ။ အားလုံးလည်း ပတ်သက်နေကြတာပါ။ မန်ဝိန်းကြီးဘက် ထွက်လာတာက လမ်းတအား ကောင်းတယ်။ နမ့်ခန်းဘက်ဆိုရင် ချယ်ရီကြိုးတား ဖြတ်ရတယ်။ မြို့ထဲဝင်ရတယ်။ ရွှေလီကို ဇက်ကူးတို့ ကူးရတော့ မသွားချင်ကြတာလည်း ပါတယ်။ ဌာနဆိုင်ရာတွေလည်း များတယ်။ နမ့်ခမ်းမြို့ပေါ်မှာကို ပြည်သူ့စစ် လက်နက်ကိုင်က ၁၃ ခုလောက် ရှိတယ်။ အဖွဲ့ကြီးတွေက  ကေအိုင်အေ၊ ပလောင်၊ RCSS လည်း ရှိတယ်။ ပြည်သူ့စစ်ကတော့ မှိုလိုပဲ။ အများကြီး ။ တပ်နှင့်ပေါင်းတာပေါ့။ မန်ဝိန်းကြီးကဖြတ်ရင် ဘာမှမဖြစ်ရတော့ဘူး။ နယ်စပ်ဆိုတော့ ရှောင်ရတာ လွယ်သွားတယ်။  ကေအိုင်အေဘက်က အင်ဘာပါကိုတော့ ဒီနှစ်တော့ မသယ်ခိုင်းတော့ဘူး။ မနှစ်တုန်းကတော့ သစ်တွေ ပိတ်လိုက်တော့ မန်ဝိန်းကြီးဒေသက ကြံက အဓိက စိုက်စားကြတာ။ မြန်မာဘက်က သစ်ပိတ်တော့ ကြံလည်း မှောင်ခိုဆိုပြီး ပိတ်ပြန်ရော။ အဲဒါ တရုတ်က ပိတ်တာ မဟုတ်ပါဘူး။ မြန်မာဘက်က ပိတ်တာဗျ။ အဲဒါကြောင့် ပြောရတာတွေ ခက်တယ်”ဟု ပြောကြားသည်။

ရှမ်းပြည်နယ် ပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက “သစ်မှောင်ခိုက တစ်နှစ်လုံးလို ဖြစ်တာပါ။ အခုတော့ ပွင့်လင်းရာသီဆိုတော့ ပိုဖြစ်တာရှိမှာပါ။ ရွှေလီကို ဇက်ကူးပြီး နောင်တောင်းကို သယ်တာ။ မြို့ပေါ်မှာ အဖွဲ့ပေါင်းစုံရှိနေတာပဲ။ ပိုင်ရာပိုင်ရာပေါ့။ ဘာမှပြောလို့ မကောင်းပါဘူး”ဟု ဆိုသည်။

ပြည်နယ်ရဲမှူးကြီး ထွန်းဦးက “သစ်မှောင်ခိုကိစ္စကတော့ အခုလတ်တလော မကြားမိသေးဘူး။ အရင်တုန်းကတော့ မန်ဝိန်းကြီး မြောက်ဘက်မှာ တရားဝင် နယ်စပ်ဂိတ်ရှိတယ်။ အခုပိတ်လိုက်ပြီ။ မန်ဝိန်းကြီးမှာ ရဲစခန်းရှိတယ်။ နယ်မြေလုံခြုံရေးကြောင့် အပြင်ကို သိပ်ထွက်လို့မရဘူး။ အဓိကလုံခြုံရေးက တပ်ပေါ့။ သစ်မှောင်ခိုတွေက ရှိနိုင်တယ်။ အရင်က နွားနဲ့ သစ်မှောင်ခိုလမ်းကြောင်းတွေပါ။ လုံခြုံရေးအရပြောရင် မန်ဝိန်းကြီးအနောက်၊ အနောက်မြောက်ဘက်တွေမှာ ၂၀၁၆ ခုနှစ် ကုန်ခါနီးတွေမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့တယ်။ လတ်တလော သစ်မှောင်ခိုကိစ္စတွေကတော့ မသိပါဘူး။ လွန်ခဲ့တဲ့ သုံးလလောက်က မန်ဝိန်းကြီးနား တရုတ်နိုင်ငံဘက်က ရွာဘေးက သစ်ပုံကို ဓာတ်ပုံသွားရိုက်တဲ့ တပ်မတော်သားကတော့ ရွာသားတွေ ရန်ရှာလို့ ပြေးခဲ့ရတာ ရှိတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သစ်မှောင်ခို သယ်ဆောင်ရာတွင် အဓိကအသုံးပြုသည့် မော်တော်ယာဉ်မှာ တရုတ်နိုင်ငံ စစ်တပ်သုံး (ယန်းဖောင်) (အက်ဖိုး) ကားအကြီးစားများဖြစ်ပြီး တန်ချိန် ၂၀ ကျော်ကို အလွယ်တကူ သယ်ဆောင်နိုင်ကြောင်း၊ ယင်းမော်တော်ယဉ်များ ရောက်ရှိလာသည်မှာ တရုတ်နိုင်ငံ အရပ်ဘက်၊ စစ်ဘက်နှင့် ဆယ်နွှယ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။

၂၀၁၆ ခုနှစ် ပွင့်လင်းရာသီ အစပိုင်းကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသတို့တွင် သစ်မှောင်ခိုလုပ်ငန်းများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မေ ၁၆ ၊ ၁၇ ရက်များတွင် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသအတွင်း တရုတ်နိုင်ငံသို့ သစ်မှောင်ခိုကိစ္စနှင့် ပတ်သက်ပြီး ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရတပ်နှင့် ကေအိုင်အိုင် လက်နက်ကိုင်အဖွဲ့တို့သည် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု ၍ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်းများစွာကိုလည်း  ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ် နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များ ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပွင့်လင်းရာသီရောက်တိုင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံ သစ်ခိုးထုတ်မှောင်ခို ဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ ၁၅၅ ဦး၊ ကားအစီးရေ ၄၀၀ ကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်းသူဌေးများကိုမူ ဖမ်းမိခဲ့ခြင်း မရှိပေ။

ယင်းတရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက-၃ ဖြင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း မြစ်ကြီးနား အကျဉ်းထောင်အတွင်း ၈ ရက်ကြာ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ သစ်တန်ပေါင်း ၁၁၉၂၉၈ ဒသမ ၆၅၅ တန် (တန် တစ်သိန်း တစ်သောင်းကျော်)ကို ဖမ်းဆီးရမိခဲ့ပြီး နယ်မြေမအေးချမ်းစဉ် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခို အလွန်အကျွံ တင်သွင်းခဲ့ကြောင်း သိရသည်။



Sources; Eleven Media Group

No comments:

Post a Comment