Latest News

Thursday, January 12, 2017

“ဆူးလေကို ... ဆူးလေကို”

“ဆူးလေကို ... ဆူးလေကို”

ညက အရှိန်မပြေ သေးသောကြောင့်  မှတ်တိုင်မှ ခုံလေးမှီကာ ငိုက်မြည်းနေသည့် မောင်စူပါ တစ်ယောက် ဆတ်ကနဲ လန့်နိုး သွားသည်။ သူစီးရမည့် ဘတ်စ်ကားကြီး မှတ်တိုင်ရှေ့တွင် ရောက်နေချေပြီ။

နီရဲပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည့် မျက်လုံး အစုံကို လက်ဖမိုးဖြင့် ပွတ်ရင်း ကားပေါ်သို့ တက်ရန် ပြင်သည်။ သူ့ရှေ့က လူအုပ်ကြီး ကလည်း ကိုရီးယား ဇာတ်ကား Train to Busan ထဲမှ  ဖုတ်ကောင် အုပ်ကြီး အလား ကားပေါ်သို့ တိုးကြိတ် လုယက် တက်နေကြသည်။  မောင်စူပါလည်း ပုဆိုးကို တင်းတင်း ၀တ်ပြီး လက်ထဲမှ ထမင်းချိုင့်ကို  မြဲမြဲကိုင်ကာ တိုးဝှေ့ပြီး တက်လိုက်သည်။

“နောက်ကို တိုးထားနော်။ အထဲမှာ  အချောင်ကြီး။ စွမ်းဇာနည်နဲ့ ဖိုးချစ် နှစ်ဖွဲ့ ပြိုင်ကလို့ ရတယ်”

ကားပေါ် ရောက်တော့လည်း တိုးရသည့် ဇာတ်လမ်းက မပြီးသေး။ စပယ်ယာက ထုံးစံအတိုင်း ခရီးသည် အားလုံး ကြားဖူးနေကျ အတိသယ၀ုတ္တိ အလင်္ကာ များဖြင့် နောက်သို့ အတင်း တိုးခိုင်းနေသည်။ ကားနောက်ပိုင်း တွင် တော့“ချို မိုင်မိုင်”ပင် က ရန် မလွယ် လောက် အောင် ကြပ်သိပ်နေသည်။ ရေမွှေးနံ့၊ ချွေးနံ့၊ လူနံ့များ ကလည်း မွန်းကြပ် ပိတ်လှောင် နေသည်။

“အပေါက် မပိတ်ကြနဲ့နော်။ ဒီအပေါက်လေးနဲ့ လုပ်စားနေရတာ။ မရရင် ကျူပ် ၀င်တိုးပြမယ်”

စပယ်ယာက တစ်ကားလုံးကို သူမွေးထားသည့် ကလေးများ ပမာ ဟောက်ဟန်း နေသည်။ မောင်စူပါလည်း နေရထိုင်ရ သက်သာသည့် ပြူတင်းပေါက်ဘေး ထိုင်ခုံ တစ်ခုံနား ရောက်အောင် အတင်းတိုး ကပ်ပြီး လက် တန်းကို ကိုင်ကာ မတ်တပ်ရပ် လိုက်သည်။ ခုံတွင် ထိုင်နေသည့် အမျိုး သမီးက လိုင်း ကား စီးသက် ၀ါရင့်နေသည့် ခရီးသည်ပီပီ ထမင်းချိုင့်လေး အလိုက်သိ ယူကိုင်ပေး ထားသည်။

“နောက်တက် လေးတွေ ကားခလှမ်း မယ်။ လက်တို့ မတောင်း ချင်ဘူးနော်။ ကား ခိုးစီးရင် နောက်ဘ၀ကျ ကားတာယာ ပြန် ဖြစ်လိမ့်မယ်”

စပယ်ယာက လူအုပ်ကြားထဲ မြွေတစ် ကောင်လို တွန့်လိမ်ဝင်ကာ ကားခ လိုက် ကောက်သည်။ မောင်စူပါလည်း ကားခပေး ရန် အိပ်ကပ်ထဲ နှိုက်လိုက်သည်။

“ဟာ ... သေစမ်း”

ကားမှတ်တိုင်မှ ကွမ်းယာဆိုင်တွင် ဆေးလိပ် ၀ယ်ရင်း လဲနေကျ ကားခပေးရန် အကြွေကို ယနေ့ လဲရန် မေ့ခဲ့သည့် အတွက် မောင်စူပါ  ကိုယ့်ကိုယ်ကို အပြန်ပြန် ကျိန်ဆဲမိသည်။  သူ၏ အိတ်ထဲတွင် တစ်ထောင်တန်လေး သုံးလေးရွက်သာ တန်းစီနေသည်။ မတတ်နိုင်။ ဒီပိုက်ဆံ ကို သာ ပေးရတော့မည်။

“တစ်ထောင်တန် အစ်ကို။ ခဏစောင့်။ အကြွေမရှိသေးဘူး”

ဘာများ တတ်နိုင်ဦး မည်နည်း။ စပယ် ယာ လက်ထဲ ပါသွားသည့် တစ်ထောင်တန် လေးကို နှမျော တသစွာ ကြည့်ရင်း ကျန်ခဲ့ ရသည်။ အကြွေ ပြန်မအမ်း မချင်း စပယ် ယာလေးကို တစ်လမ်းလုံး မျက်လုံးချင်း မဆုံ ဆုံအောင် ကြည့်ပြီး ရယ်ပြရမည့် အလုပ် တစ်ခု တိုးလာလေပြီ။

“ရှေ့ကကားနဲ့ နှစ်မိနစ်ပဲ ကွာတယ်”

အချိန်မှတ် ပေးသည့် ကွမ်းယာဆိုင်က ကောင်လေးက စပယ်ယာကို လှမ်းပြောသံ ကြား လိုက် ရသည်။  ဒါဆိုရင်တော့ အခြေအနေ ဘာဆက် ဖြစ်မည် ဆိုသည်ကို ၀ါရင့်လိုင်း ကား ခရီးသည် မောင်စူပါ သိလိုက်လေပြီ။ ထို့ ကြောင့် အနီးဆုံး တန်းကို ကျစ်ကျစ် ပါ အောင် ကိုင်ထားလိုက်သည်။

“ကားချင်း ဖိုက်နေတယ်။ တန်းတွေ ကွင်းတွေ ကိုင်ထား။ အားကိုးပါရင် ခါးပါ ဖက်ထားလို့ ရတယ်”

မကြာခင် မောင်စူပါ ထင်သည့်အတိုင်း ဘတ်စ်ကားနှစ်စီး အပြိုင် အဆိုင် လုမောင်းကြလေပြီ။ ခရီးသည်များ ခမြာ စကောထဲ ဆီးဖြူသီး ထည့်လှိမ့်သလို တလူးလူး တလိမ့်လိမ့်ဖြင့် စီးနင်းရရှာလေ သည်။

“ကျောက်ရေတွင်း၊ ဘုန်းကြီးလမ်း၊ နှစ်ဈေး။ အသံမကြားဘူး။ လမ်းဝအထိ တောက်လျှောက်ပဲ ဆရာ။ မှတ်တိုင်ပါရင် ကြိုပြောထားနော်။ နီးမှ ကပ်မပြောကြနဲ့”

ခရီး တစ်ဝက်ခန့် အရောက်တွင် ထိုင် ခုံမှ အမျိုးသမီးက မောင်စူပါ၏ ထမင်းချိုင့် ကို ပြန်ပေးရင်း “မှတ်တိုင်ပါတယ်”ဟု လှမ်း အော်လိုက်သည်။  ဘေးမှ  နေရာလုရန် မျက် စောင်းထိုးနေသည့် ပြိုင်ဘက်နှစ်ဦးကို  တိုး ကြိတ်ကျော် ခွပြီး လွတ်သွားသည့် နေရာကို မောင်စူပါ ခြေမြန်လက်မြန်ဖြင့် ၀င်ထိုင် လိုက်သည်။ အခုတော့ မောင်စူပါ စိတ်ထဲ တွင် နာဂစ် တိုက်နေချိန်  မုန်တိုင်း ခိုလှုံရေး စခန်းထဲသို့ ခင်ဝင့်ဝါနှင့် နှစ်ယောက် တည်း အတူ ရောက်သွားသလို ခံစားရလေပြီ။

ကားက ယာဉ်ကြော ကြပ်သည့် လမ်း မကြီးပေါ်သို့ ရောက်လာ သဖြင့် ဘီးကို တစ် လှိမ့်ချင်းလှိမ့်ပြီး တန်းစီ သွားနေ ရသည်။ ထိုင်ခုံ နေရာ ရနေပြီ ဖြစ်သည့် မောင်စူပါ လည်း ထမင်းချိုင့် လေးကို ဖက်ကာ ရခဲလှသည့် ဖင်စည်းစိမ်လေးကို ခံ စားရင်း ပြန်ငိုက်မြည်း နေလေတော့သည်။

====================================

“ဆူးလေကို  သွားမယ့် ခရီးသွား မိဘ ပြည်သူများ ရှိရင် ကားပေါ် တက်လို့ ရပါ ပြီရှင်”

ကားမှတ်တိုင်တွင် တပ်ဆင်ထား သည့် စပီကာမှ ချိုသာ ပျော့ပြောင်းသည့် အမျိုးသမီး အသံလေး ထွက်လာ သဖြင့် မောင်စူပါ လန့်နိုးသွားသည်။ ကြည့်လိုက် တော့ ကားမှတ်တိုင် မှာပင် သူရှိနေသေး သည်။  ခရီးသွားများ နားနေဆောင်မှ ဆိုဖာ များ အိစက်နေပြီး လေအေးပေးစက် ကလည်း အေးစိမ့် လွန်းသဖြင့်  ကားစောင့် ရင်း အိပ်ပျော်သွားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများကို အစိုးရသစ် လက်ထက် တွင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ကာ အ ဆင့်မြှင့် တင်ခဲ့သည့် အစီအစဉ်  တစ်စိတ် တစ်ပိုင်းအနေဖြင့် ကားမှတ်တိုင် များတွင် ခရီးသွား နားနေရန် မှန်လုံ အဆောက်အအုံ ငယ်လေးများ တည်ဆောက် ပေးထားခြင်း ဖြစ်သည်။  အဆောက်အအုံ ထဲတွင်  အချိန်ပြည့် လေအေးပေးစက် လွှတ်ထားပြီး အိစက် ညက်ညော နေသည့် ဆိုဖာ ထိုင်ခုံများကို လည်း တပ်ဆင်ပေး ထားသည်။ ခရီးသွား များ ကားစောင့်ဆိုင်းရင်း သောက်သုံးနိုင်ရန် ကော်ဖီ ဖျော်စက် များကိုပါ တပ်ဆင်ထားပြီး အခမဲ့ ယူဆောင် သောက်သုံး နိုင်သည်။

မှတ်တိုင်တွင်  နောက်ဆုံးပေါ် မော်ဒယ် နှစ်ထပ် မှန်လုံ ဘတ်စ်ကားသစ်ကြီး ရပ်နား ထားသည်။  အဆိုပါ ကားကြီးက သုံးမိနစ် တိတိ မှတ်တိုင်တွင် ရပ်ပေးကာ ခရီးသွား များ ကို စောင့်ခေါ်မည် ဖြစ်သည်။ အကယ် ၍ ထိုသုံးမိနစ် အတွင်း ယင်းကားကို မမီ လိုက်ပါ ကလည်း စိတ်ပူစရာ မရှိ။ နောက် ငါးမိနစ်မှ ခုနှစ်မိနစ် အကြားတွင် ယခုကဲ့သို့ ကားကြီး နောက်တစ်စီး မှတ်တိုင်ရှေ့  ထပ်ရောက် လာဦးမည် ဖြစ်သည်။

ဘတ်စ်ကား တံခါးဝသို့  အရောက် တွင် အသင့် စောင့်ဆိုင်း နေသည့် ဘတ်စ် ကားမယ်လေးက မောင်စူပါ လက်ထဲမှ ထ မင်းချိုင့်ကို လှမ်းယူ လိုက်ကာ ကားထဲသို့ ဦးဆောင် ခေါ်သွားသည့်။ အောက်ထပ်တွင် နေရာများ အားလုံး ပြည့်နေသဖြင့် အပေါ် ထပ်သို့ တက်ကာ လွတ်သည့် ထိုင်ခုံတစ်ခု တွင် နေရာ ချပေးသည်။

အိစက် နေသည့် ထိုင်ခုံကြီးပေါ်သို့ မောင်စူပါ ခြေပစ် လက်ပစ် ထိုင်ချလိုက်ပြီး ပြူတင်းပေါက် အပြင်ဘက်မှ ရှူခင်းများကို ငေးကြည့်နေ မိသည်။  ကားပေါ်တွင်လည်း နားနေဆောင်မှာ ကဲ့သို့ပင် လေအေးပေး စက်ကို အေးစိမ့်နေအောင် ဖွင့်ပေးထား သည်။ လေသန့်စင် သည့် စက်များ ကလည်း သံပုရာရနံ့ အမွှေးနံ့များ ထုတ်လွှတ် ပေးနေသဖြင့် စိတ်ထဲ ကြည်လင်ပြီး ပေါ့ပါးနေ စေသည်။ ကားရပ်ချိန် သုံးမိနစ် ပြည့်သွားသည့်အခါ မှတ်တိုင်မှ ကားစထွက်သည်။

မကြာခင် ဘတ်စ်ကားမယ် လေးတစ် ဦး တက်လာပြီး မိမိတို့၏ ခရက်ဒစ် ကတ် များကို ထိုင်ခုံ လက်ရန်းတွင် ရှိသော  စက် ကလေးထဲ ထိုးထည့်ကာ ကားခပေးကြပါ ရန် လာရောက် မေတ္တာ ရပ်ခံသည်။ မိမိ ဆင်း လိုသည့် မှတ်တိုင်အတွက် နှိပ်ရန် ခလုပ် ကလေးများ ပါရှိပြီး ကျသင့်သည့် ငွေကို စက်မှ ဖြတ်ကာ ခရက်ဒစ်ကတ် ပြန်ထွက် လာမည် ဖြစ်သည်။  အကယ်၍ ဆင်းလို သည့် မှတ်တိုင် ခလုပ် နှိပ်ထားပြီး ခရီးသည် က ခုံတွင် ဆက်ထိုင် နေသေးလျှင် ထိုင်ခုံမှ အချက်ပြ မီးနီလေး လင်းလာ တတ်သည်။

ဘတ်စကား မယ်လေးက  ယာဉ်လိုင်းမှ မေတ္တာ လက်ဆောင် တည်ခင်း ဧည့်ခံသည့် ကော်ဖီ သို့မဟုတ် အအေး တစ်ခွက်ကို ထိုင်ခုံသို့ အရောက် လာပို့သည်။ ဘတ်စ် ကားကြီးမှာ  စနစ်များ အဆင့်မြင့်လှပြီး ယာဉ်မောင်းသူ ကလည်း ကျွမ်းကျင်စွာ တည်တည်ငြိမ်ငြိမ် မောင်းနှင် နေသဖြင့် ထိုင်ခုံ လက်ယမ်းပေါ် တင်ထားသည့် ကော်ဖီခွက်ပင် လုံးဝ လှုပ်ယမ်းခြင်း မရှိ သည် ကိုလည်း တွေ့ရသည်။ ကားစီးနေ ရသည်နှင့် မတူဘဲ အိမ်ခန်းထဲတွင် ထိုင်နေ ရသလို ဖြစ်နေပြီး မှန်ပြူတင်းပေါက်မှ  မြင် ကွင်းများကြောင့်သာ ကားရွေ့နေမှန်း သိရခြင်း ဖြစ်သည်။

ကားများ အားလုံးကို ဂိတ်မှ ငါးမိနစ် တစ်စီး လွှတ်ပေးပြီး လမ်းတွင် ဂိတ်မှူးများ က အဆင့်ဆင့် စောင့်ကြပ် နေသဖြင့် တစ် စီးကို တစ်စီး ကျော်တက်ခွင့် မရဘဲ ပုံသေ အမြန်နှုန်းဖြင့်သာ မောင်းနှင် ကြရသည်။ ကားချင်း ဖိုက်သည် ဆိုသည့် စကားလုံးကို နောင်လာ နောက်သားများ ကြားပင် မကြား ဖူးတော့ချေ။ ဘတ်စ်ကားမယ် လေးများက လည်း လေယာဉ်မယ် များထက်ပင် ချော မောလှပ ဖော်ရွေသူများကို ရွေးချယ် ခန့်အပ် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ ၏ လိုင်းကား စနစ်ကို အိမ်နီးချင်း နိုင်ငံများ မှပင် စိတ်ဝင်တစား လာရောက် စီးနင်လေ့ လာ ကြရသည်။

အထပ်ထပ် ထိုးထားသော မိုးပျံလမ်း ကြီးများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုလည်း မရှိဘဲ သွားလိုသည့် ခရီးကို မြန်မြန် ဆန်ဆန် ရောက်နိုင် ကြသည်။ မကြာခင် မောင်စူပါ ဆင်းရမည့် မှတ်တိုင် နားသို့ပင် ရောက်လာသည်။

“ခရီးသွား မိဘ ပြည်သူများရှင့်။ ကျွန်မ  တို့ရဲ့ ဘတ်စ်ကားကြီးဟာ ဆူးလေ ရုပ်ရှင်ရုံ မှတ် တိုင်ကို မကြာခင် ရောက်ရှိ ပါတော့မယ်။ ဆင်းမယ့် ခရီးသွားများ အဆင်သင့် ပြင်လို့ ရပါပြီရှင်”

ဘတ်စ်ကား မယ်လေးက အင်တာကွန်း စပီကာမှ ချိုသာစွာ လှမ်းပြောသည်။ မောင်စူပါက ဆူးလေသို့ ဆင်းရန် ခလုပ် နှိပ်ထားသဖြင့် ထိုင်ခုံမှ မီးနီလေး လင်းလာ သည်။ သို့သော် ဘတ်စ်ကားမယ် အချော လေးကို စနောက်လို သဖြင့် မောင်စူပါက ခုံမှ မထဘဲ အိပ်ချင်ယောင် ဆောင်နေလိုက် သည်။

“အစ်ကို ဆင်းရမယ့် မှတ်တိုင်ကို ရောက်ပါ တော့မယ်ရှင်”

ဘတ်စ်ကားမယ် လေးက ခုံဘေးတွင် ရပ်ကာ လာနှိုးသည်။

“ဒီကအစ်ကို။ ထပါတော့ရှင့်။ ဆင်းရမယ့် မှတ်တိုင်ကို ရောက်ပါတော့မယ်”

မောင်စူပါ ဆက်ပြီး အိပ်ချင်ယောင် ဆောင် နေသည်။  ဘတ်စ်ကားမယ် လေး က  ပါးစပ်ဖြင့် နှိုးမရ သောကြောင့်  အနည်းငယ် ကျွဲမြီးတို လာဟန် ရှိသည်။ မောင်စူပါ၏ ပုခုံးကို ကိုင်ကာ လှုပ်နှိုးသည်။

“အစ်ကို။ ထပါတော့။ ရောက်ပြီ”

==============================

“ဟေ့လူ။ ထတော့။ ဂိတ်ဆုံး ရောက်နေပြီ”

မောင်စူပါ အတင်း လှုပ်နိုး ခံရသဖြင့် လူးလဲ ထလိုက်ပြီး မျက်လုံးကို ပွတ်ကြည့် သည်။ ညစ်ထပ်ထပ် ဘတ်စ်ကား ဟောင်းကြီး တစ် စီးထဲကို ရောက်နေခြင်း ဖြစ်ကြောင်း တွေ့ရသည်။

“ဟင်။ ဘတ်စ်ကားမယ် လေးရော”

“ဘယ်က ဘတ်စ်ကားမယ်လဲဗျ။ ကျွန်တော်က စပယ်ယာ ယောက်ျား စစ်စစ်ပါ။  ခင် ဗျား ဂိတ်ဆုံး ရောက်တဲ့အထိ အိပ်ပျော်နေ လို့ လာနှိုးတာ”

“ဒါဆို နှစ်ထပ်ကားကြီး ကရော”

“ရှိတဲ့ တစ်ထပ် ကားကိုတောင် အရည်ကြိုစက် ဘယ်နေ့ ရောက်မယ် မသိဘူး။ ဘာတွေ လာမေးနေတာလဲ”

“ကားလိုင်းသစ်တွေ စနေပြီလေ”

“၁၆ ရက်နေ့မှ စမှာပါဗျ။ ဒီမှာ အလုပ် က ဘာဖြစ်မယ် မှန်းမသိသေးလို့ ညစ်နေရတဲ့ ကြားထဲ ဘယ်လိုအရူးနဲ့ လာတွေ့နေမှန်း မသိပါဘူး”

မောင်စူပါ  ကားပေါ်တွင် အိပ်ပျော်ရင်း အိပ်မက် မက်နေခြင်း ဖြစ်မှန်း သဘောပေါက် သွားသည်။  ဖုန်းမှ နာရီကို ကြည့်လိုက်တော့ ရုံးချိန်ကို နာရီဝက်ခန့် ပင် ကျော်နေလေပြီ။

“ဟိုက် ... သေပြီ။ ရုံးနောက်ကျပြီဟ”

နောက်ကျသည့် ခြေထောက် သစ္စာ ဖောက်ဟု သဘောပိုက်ကာ မောင်စူပါ တစ်ယောက်  ရုံးတော်ကြီး ရှိရာဆီသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျ အောင် ပြေးရလေတော့ သတည်း။

Sources Writer - Zin Thaw Naing

No comments:

Post a Comment