Latest News

Sunday, January 22, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးသန့်နေအိမ်ပြတိုက်သို့ ကြည့်ရှုလေ့လာ

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးသန့်နေအိမ်ပြတိုက်သို့ ကြည့်ရှုလေ့လာ

ရန်ကုန် - ဇန်န၀ါရီ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ ရှိ ဦးသန့်နေအိမ်ပြ တိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဦးသန့်နေအိမ်ပြတိုက် အတွင်း ခင်းကျင်းပြသ ထားသည့် ဦးသန့်၏ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ ပြည်သူ့ ၀န်ထမ်း၊ ကျောင်း ဆရာနှင့် စာရေးဆရာဘ၀ အတွေ့အကြုံ မှတ်တမ်းများ၊ လွတ်လပ်ရေး  ရပြီးအစောပိုင်း ကာလများက မြန်မာနိုင်ငံအကြောင်းမှစကာ ကျူးဘားနှင့် ဗီယက်နမ် စစ်ပွဲအကြောင်းတို့ကို စုံလင်စွာထင်ဟပ်သည့် ဓာတ်ပုံမှတ်တမ်းများ၊ စစ်အေး တိုက်ပွဲ အကြောင်းကို ခင်းကျင်းပြသထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာအုပ်များ၊ ဦးသန့်ကိုယ်ပိုင် စာတမ်းများ၊ ရှားပါးဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် သမိုင်းဝင် မိန့်ခွန်းမှတ်တမ်းများကို ကြည့်ရှုလေ့ လာရာ ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦး က လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က ဒေါက်တာသန့်မြင့်ဦးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတအား ဒေါက်တာသန့်မြင့်ဦးက ၎င်းရေးသားထား သည့် စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ကာလအတွင်း တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဦးသန့်သည် ယခုနေအိမ်ကို လွတ်လပ်ရေးရပြီးစကာလတွင် အစိုးရအဆင့်မြင့် အရာရှိအဖြစ် ၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်ထိ ဇနီးသည် ဒေါ်သိန်းတင် ၊ သမီး အေးအေးသန့်နှင့် သား တင်မောင်သန့်တို့နှင့် အတူ နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက အဆိုပါနေအိမ် အား အသုံးမပြုဘဲ ထားသည်ကို တွေ့ရှိ၍ သက်ဆိုင်ရာသို့ ခွင့်တောင်းပြီး ပြန်လည် မွမ်းမံကာ  ပြတိုက်နှင့် အများပြည်သူ အတွက် ပွဲလမ်းများကျင်းပသည့်နေရာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်မွမ်းမံထားသော ဦးသန့်၏နေအိမ်တွင် ဦးသန့်၏ ဘ၀နှင့် လုပ်ဆောင်ချက် များကို အများ ပြည်သူများ လေ့လာနိုင်ရန် ပြခန်းကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

Sources: (သတင်းစဉ်)

No comments:

Post a Comment