သမိုင်းထဲက ဇန်နဝါရီ
(၁)
တစ်နှစ်ပတ်လည် ၁၂ ရာသီ လုံးလုံးမှာ အလေးအမြတ်ပြုစရာ နေ့ထူးနေ့မြတ်တွေရှိနေတဲ့ မြန် မာ့ သမိုင်းမှာ ဇန်နဝါရီလနဲ့ ဖေ ဖော်ဝါရီလတွေဟာ အတော်လေး မင်္ဂလာရှိတဲ့ လတွေဖြစ်တယ်လို့ ထင်မိပါတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ ရက်ဟာ တစ်မျိုးသားလုံး သူ့ ကျွန်ဘဝက လွတ်မြောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့ဖြစ်သလို ၁၉၄၇ဖေဖော်ဝါရီ ၁၂ ရက်ဟာလည်း အဲဒီလို လွတ်လပ်ရေးရရှိဖို့ အ တွက် တောင်ပေါ်၊ မြေပြန့် မခွဲ ခြားဘဲ ပြည်ထောင်စု စိတ်ဓာတ် ကို ဖော်ဆောင်ခဲ့တဲ့ သမိုင်းဝင် ပြည်ထောင်စုနေ့ ဖြစ်နေပြန်ပါ တယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက်ကျပြန်တော့လည်း လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီးကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်းရဲ့ မွေးနေ့ဖြစ်နေ ပြန်ပါတယ်။ ဒီနေရာမှာ စာရေးသူအပါအဝင် အတော်များများ သတိမေ့လျော့နေတဲ့ ဇန်နဝါရီလထဲက သမိုင်းဆိုင်ရာ အရေးကြီး မှတ်တမ်းတစ်ခုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတိပေးထား တာလေးကို ပြန်လည်မျှဝေပေးချင်ပါသေးတယ်။
၁၉၄၇ ဇန်နဝါရီ ၁၃ ရက် ကနေ ၂၇ ရက်အထိ နှစ်ပတ်တာကာလအတွင်းမှာ မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိန်နန်းရင်း ဝန် ကလီးမန့်အက်တလီ (Cle-ment Attlee)နဲ့ ဦးအောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ လန်ဒန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ နောက်မှာတော့ ‘အောင်ဆန်း-အက်တလီစာချုပ် (Aung San-Attlee Agreement)’ ကို လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ လွတ်လပ်ရေးအတွက် အလွန်အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တဲ့ ဒီဆွေးနွေးမှုဟာ စာရေးသူတို့ ပြည်သူတွေရဲ့ အ တွေးထဲမှာ မှေးမှိန်မနေသင့်ဘူး လို့ ယူဆတဲ့အတွက်ကြောင့် ဆရာဒေါက်တာသန့်မြင့်ဦးရဲ့ ဖော်ပြချက်ကို ပြန်လည်ဝေမျှပေးရင်း စာရေးသူ တွေးမိတာလေးတွေ ကိုပါ ဖော်ပြလိုက်ရပါတယ်။
(၂)
ဆရာက အဲဒီအချိန်ကာလ လန်ဒန်မြို့ရဲ့ ရာသီဥတုကိုလည်း ဖော်ပြထားပါသေးတယ်။ ဦး အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်ကို ရောက်နေတဲ့အချိန်ဟာ နှစ်တစ် နှစ်ရဲ့ အအေးဆုံးကာလ ဆောင်း ရာသီမှာဖြစ်ပြီး အဲဒီ ၁၉၄၇ ခုနှစ် ဟာ နှစ်ပေါင်း ၃၀၀ အတွင်း အအေးဆုံးနှစ်ဖြစ်ပါတယ်။ ည အပူချိန်ဟာ အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ် (ရေခဲသေတ္တာထဲက အသား၊ ငါးထည့်တဲ့ အအေးခန်း ဟာ အနုတ် ၁၈ ဒီဂရီစင်တီဂရိတ် ပဲ အေးပါတယ်) ပဲရှိပါတယ်တဲ့။ ကံဆိုးချင်တော့ အဲဒီကာလမှာ ကျောက်မီးသွေးလောင်စာ ပြတ် လပ်မှုကြောင့် တစ်ရက် တစ်ရက် မှာ လျှပ်စစ်မီး ပြတ်တောက်မှု တွေကို နာရီအတော်ကြာ ကြုံ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့ သတိရမိတာကတော့ ဓာတ်ပုံတွေထဲ မကြာခဏ မြင်ရလေ့ရှိတဲ့ ဦးအောင်ဆန်းရဲ့ လန်ဒန်ခရီးစဉ်မှာ ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီ အ ရှည်ကြီးပဲ ဖြစ်ပါတယ်။ စာပေ ဟောပြောပွဲတွေမှာ ဆရာကြီး အချို့ရဲ့ ဟောပြောချက်တွေအရ အဲဒီကုတ်အင်္ကျီကြီးကို အိန္ဒိယမှာ တစ်ထောက်နားတုန်း အိန္ဒိယ ခေါင်းဆောင် နေရူး (Jawaharlal Nehru)က လက်ဆောင်ပေး လိုက်တာလို့ သိရပါတယ်။ ဆရာ ဒေါက်တာ သန့်မြင့်ဦးရဲ့ စာကို ဖတ်ရတာရယ်၊ ဓာတ်ပုံတွေကို ပြန်အမှတ်ရမိတာရယ်၊ စာပေ ဟောပြောပွဲ စင်မြင့်ထက်က ကြားဖူးရတဲ့ နေရူးက ပေးလိုက်တယ် ဆိုတဲ့ ကုတ်အင်္ကျီအရှည်ကြီး ရယ် ကို ပေါင်းပြီး ပြန်တွေးမိတာက သာမန်အညာသား တစ်ယောက် ရေခဲမှတ်အောက် အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်ဆိုတဲ့ အအေးဒဏ် ကို ရင်ဆိုင်ပြီး နှစ်ပတ်ကြာအောင် ဘယ်လိုနေမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အညာသား ဦး အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် တစ်ဖွဲ့လုံး ဟာ မြန်မာ့လွတ်လပ်ရေးအတွက် အဲဒီလို အပင်ပန်းခံပြီး အလုပ် လုပ်ခဲ့ကြပါတယ်။
ဒီနေရာမှာ အဓိကထား ပြောချင်တာက တိုင်းပြည်အတွက် အလုပ်လုပ်ကြသူတွေနဲ့ အလုပ်လုပ်ကြပုံတွေကို ပြန်လည်စေ့ငု လေ့လာသင့်တဲ့ အကြောင်းပါ။ အများစုဟာ ကျောင်းမှာသင် ကြားခဲ့ရတဲ့ သမိုင်းဖတ်စာအုပ်ထဲက အချက်အလက်တွေကိုပဲ အခြေခံပြီး သမိုင်းထဲက လူသားတွေကို တန်ဖိုးဖြတ်ကြ၊ အမှတ် ပေးကြ၊ လူကောင်းလူဆိုး ခွဲခြား ကြတာ များပါတယ်။ အထူးသဖြင့် သမိုင်းကို ခြေခြေမြစ်မြစ် မလေ့လာဖြစ်တဲ့ လူငယ်တွေဖြစ် ပါတယ်။ ရေခဲသေတ္တာ အခဲခန်း ထဲမှာလောက် အေးခဲနေတဲ့ ရာ သီဥတုမှာ ဝတ်စရာ အနွေးအင်္ကျီ မပြည့်မစုံနဲ့ တိုင်းပြည်လွတ်လပ် ရေးအတွက် အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ လူငယ်တစ် သိုက်ဟာ ရှေ့တန်းစစ်မျက်နှာမှာ အသက်ကိုပဓာနမထားဘဲ တိုင်း ပြည်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါတယ်ဆို တဲ့ စစ်သည်တော်တွေ၊ စစ်ဗိုလ် ချုပ်ကြီးတွေထက် ရဲစွမ်းသတ္တိရှိ တဲ့နေရာ၊ တိုင်းပြည်ကို ချစ်တဲ့ နေရာမှာ မပိုရင်တောင် မလျော့ ဘူးဆိုတာလေးကို သတိပြုဖို့ ကောင်းလှပါတယ်။ ဂျပန်မှာ စစ် သင်တန်းသွားတက်တုန်းက ပင် ပန်းသလို လန်ဒန်မှာ လွတ်လပ် ရေးသွားတောင်းတာလည်း ပင် ပန်းတာပဲဆိုတာ မမေ့အပ်ပါဘူး။ တပ်မတော်ကို ထူထောင်သူ ဗိုလ် ချုပ်အောင်ဆန်းကို လေးစား သလို လွတ်လပ်ရေးအတွက်၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် အပင်ပန်းအဆင်းရဲ ခံခဲ့ရတဲ့ ဦးအောင်ဆန်းကိုလည်း ဦးညွှတ်သင့်ပါတယ်။
သင်ရတဲ့သမိုင်းဟာ ဆင် ဆာတွေ ပါလေတော့ သမိုင်း အမြင်က ကျဉ်းသလောက်မရှင်း ဘူးဖြစ်ကြရပါတယ်။ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဦးအောင်ဆန်းတို့ရဲ့ နိုင်ငံရေးအတွေးအမြင်၊ တိုင်းပြည်အရေး စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ချက်တွေဟာ ကျောင်းသင်ခန်းစာသမိုင်းမှာ ဝေဝါး လွန်းလှပြီး ရဲဘော်သုံးကျိပ်နဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်တဲ့အကြောင်း၊ တပ်မတော်က ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်တဲ့အကြောင်းတွေက နေရာအတော်ယူထားတာကို ကျောင်းဖတ်စာထဲက သမိုင်းကို တန်ဖိုးထား ကျက်မှတ်ဖူးသူတိုင်းသိကြမှာ ဖြစ်ပါတယ်။ အဲဒီလို အမြီးနုတ်၊ ခေါင်းဖြုတ် ပုစွန်တုပ် သမိုင်းသင်ခန်းစာတွေရဲ့ ဆိုးမွေကတော့ ၁၉၄၅ အောက်တိုဘာ ၂၇ ရက်ကတည်းက ဗိုလ်ချုပ်ရာထူးက နုတ်ထွက်လိုက်ပြီး လုပ်ကြံခံရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ ရက်အထိ ဦးအောင်ဆန်းအဖြစ်နဲ့ တိုင်းပြည်တာဝန်တွေ ကို ဆက်လက်ထမ်းဆောင်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီးကို ‘ဦးအောင်ဆန်းလို့ခေါ်ရင်မကြိုက်၊‘ဗိုလ်ချုပ် အောင်ဆန်း’ခေါ်မှ ကြိုက်တယ်ဆိုတဲ့ သမိုင်းမကျေ တဲ့ ခပ်အအလူတွေ ပေါ်ပေါက် လာစေတာပဲ ဖြစ်ပါတယ်။ အဲဒီ လူအတွေ ဘယ်လောက် အကြ သလဲဆိုတော့ ဗိုလ်ချုပ်ကြီးနေဝင်းတပ်ကထွက်ပြီး ဦးနေဝင်းဖြစ် သွားတာ၊ ဗိုလ်ချုပ်ကြီးသိန်းစိန် တပ်ကထွက် ပါတီထောင်ပြီး ဦးသိန်းစိန်ဖြစ်သွားတာတွေကို သတိမရနိုင်တော့ဘဲ တပ်က ဗိုလ် ချုပ်ရာထူးစွန့်ပြီး ထွက်လာတဲ့ ဦးအောင်ဆန်းကို ဗိုလ်ချုပ်တပ် မခေါ်ရင်ဘဲ သမိုင်းတရားခံဖြစ် တော့မှာလို၊ အမျိုးသားခေါင်း ဆောင်ကြီးကို မထီလေးစား လုပ်မိတာလို၊ ပုံဖော်စွပ်စွဲကြတော့ တာပါပဲ။ အဲဒီလူအတွေရဲ့ ဦးနှောက်ထဲကို အလွယ်တကူ ထပ်ပြီး ရိုက်ထည့်လိုက်တဲ့ အတွေးအခေါ်တစ်ရပ်ကတော့ ‘မြန်မာနိုင်ငံရေးသမိုင်းဟာ တပ်မတော်နဲ့ ယှဉ်တွဲပေါ်ပေါက်လာတာ ဖြစ်တာမို့ တပ်မတော်ဟာနိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရမယ်’ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ အဲဒီ အတွေးအခေါ်က ထုဆစ်ထုတ် လုပ်ပေးလိုက်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း (၁) ပုဒ်မ (၆)က နိုင်ငံတော်ရဲ့အခြေခံမူတွေကို ညွှန်းဆိုရာမှာ ပုဒ်မခွဲ (စ)အဖြစ် ‘နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး’ဆိုတာကို ပြဋ္ဌာန်းထားပါတယ်။
အဲဒီအချက်ဟာ ယနေ့ ပြောနေကြတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ အပေါ် ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာ ပြန်လည်စဉ်းစားသင့်ပါတယ်။
(၃)
သမိုင်းထဲက အချက် အလက်တွေကို ထောင့်စုံအောင် လေ့လာသိရှိမှသာလျှင် သမိုင်းထဲ က လူသားတွေကို တန်ဖိုးဖြတ်ရာ မှာ မှန်ကန်တိကျနိုင်ပါလိမ့်မယ်။ အဲဒီလို မှန်ကန်တိကျတဲ့ သမိုင်း ကို သိမှသာလျှင် ပစ္စုပ္ပန်မှာ အမြင်ရှင်း၊ အတွေးရှင်းပြီး အကောင်းဆုံး၊ အမှန်ကန်ဆုံး ကြိုး စားအားထုတ်နိုင်ပါလိမ့်မယ်။ အနာဂတ်ကို လှပအောင် ဖန်တီး ပေးနိုင်ပါလိမ့်မယ်။
ဖြတ်၊ ညှပ် ခံထားရတဲ့ သမိုင်း အချက်အလက်တွေကို လက်လှမ်းမီသမျှ ပြန်လည်ရှာဖွေ ဖော်ထုတ်ကြဖို့ လိုသလို အကပ် ခံထားရတဲ့ သမိုင်းအချက် အလက်အမှားတွေကို တတ်နိုင်သမျှ ရှင်းလင်းဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ‘သမိုင်းကို ဘာကြောင့်သင်ရသလဲ’ဆိုတဲ့ အမေးကို ‘မ,အအောင်လို့’လို့ဆရာကြီး ပါမောက္ခဒေါက်တာသန်းထွန်းက ပြန်ဖြေခဲ့တယ်လို့ မှတ်သားဖူး ပါ တယ်။ အချက်အလက်မမှန်တဲ့၊ မပြည့်စုံတဲ့သမိုင်းတွေဟာ လူကို အ,စေတယ်လို့ မြင်မိပါတယ်။ အ,ခြင်းရဲ့ ဆိုးကျိုးကို မိမိကိုယ် တိုင်ရော နောက်မျိုးဆက်တွေပါ ခံကြရတတ်ပါတယ်။
သမိုင်းမှာ အလေးထားရ မယ့် ဇန်နဝါရီလကတည်းက ရက် သတ္တပတ်နှစ်ပတ်အကြောင်း ဆရာ ဒေါက်တာသန့်မြင့်ဦးရဲ့ ထောက်ပြချက်လေးကို မျှဝေရင်း ဆက်စပ်တွေးမိတာလေးတွေကို ဖောက်သည်ချလိုက်ရပါတယ်။
မ အရအောင် စာများများ ဖတ်ကြစို့လား။ သမိုင်းများများ လေ့လာကြစို့လား ခင်ဗျာ။ ။
Sources: 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment