Latest News

Tuesday, January 31, 2017

လေဆိပ်ဖြတ်တိုင်း ကိုနေဝင်းကို ပြည်သူတွေ သတိရနေမယ်လို့ ဦးမင်းကိုနိုင်ပြော

လေဆိပ်ဖြတ်တိုင်း ကိုနေဝင်းကို ပြည်သူတွေ သတိရနေမယ်လို့ ဦးမင်းကိုနိုင်ပြော

မင်းတို့အဖေရဲ့ စွန့်လွှတ်မှုတွေကို အလေးအမြတ်ပြုပြီးတော့ မင်းတို့ဘဝတွေကို စောင့်ရှောက် ကြပါလိမ့်မယ်။

သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းကို ပြည်သူတွေက လေဆိပ်ဖြတ်တိုင်း သတိရနေမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

"မင်းတို့ တစ်ချိန်ကျရင် နိုင်ငံခြားကို ပညာတော်သင်သွားနိုင်တဲ့ ပညာတတ်ကြီးတွေဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ မင်းတို့ နိုင်ငံခြားကိုသွားရင် လေဆိပ်ကို မလွဲမသေဖြတ်ကြရမှာပါ။ လေဆိပ်ရောက်တိုင်း မင်းတို့အဖေအတွက် မင်းတို့ဂုဏ်ယူပါ။ ကျွန် တော်တို့နိုင်ငံသားတွေလည်း အကြောင်းကြောင်းကြောင့် နိုင်ငံ တကာလေဆိပ်ကို ဖြတ်ရတဲ့အခါတိုင်းမှာ ကျွန်တော်တို့မှာ ဂုဏ်ငယ်စရာတွေရှိခဲ့ပေမယ့် ဟောဒီလိုရဲရင့်တဲ့ ပြည်သူတစ်ယောက်၊ ပုံပြင်မဟုတ်တဲ့ သူရဲကောင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာ လေဆိပ်ဖြတ်တိုင်း ဂုဏ်ယူနေပါ့မယ်’’ လို့ဦးမင်းကိုနိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘ကျွန်တော်တို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းတွေနဲ့ပတ် သက်ရင် နိမ့်တယ်မြင့်တယ်လို့ ခွဲခြားချင်တဲ့    သူတွေအတွက် လည်း ဒါဟာ သတိရစရာပါ။ တက္ကစီကားမောင်းတဲ့ယာဉ်မောင်းတွေဟာ သာမန်အားဖြင့် ကြည့်ရရင်တော့ သိပ်ပြီးတော့ မြင့်မားတယ်လို့ ဂုဏ်ထောင်နိုင်ကြတဲ့ အသက်မွေးဝမ်းကျောင်းထဲမှာ မပါတတ်ကြပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကိုနေဝင်းနဲ့တကွ အငှား ယာဉ်မောင်းသမားတွေ ကျွန် တော်တို့ကို သင်ပေးလိုက်ပါ တယ်။ အဲဒါ ဘာလဲဆိုတော့ လူဟာ သူလုပ်တဲ့အသက်မွေးဝမ်းကျောင်းက အဓိကမဟုတ်ဘဲ သူတို့ကျင့်တဲ့ တရားကသာ ပဓာနကျတယ်ဆိုတာ သင်ပေးလိုက်ပါတယ်’ လို့ကိုမင်းကိုနိုင်က ပြောပါတယ်။

ကျန်ရစ်ခဲ့တဲ့ ကလေးငယ်သုံးဦးအတွက် လူမှုအဖွဲ့အစည်းတွေက ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့လည်း ဦးမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

‘‘ မင်းတို့အဖေရဲ့ စွန့်လွှတ်မှုတွေကို အလေးအမြတ်ပြုပြီးတော့ မင်းတို့ဘဝတွေကို စောင့်ရှောက် ကြပါလိမ့်မယ်။ မင်းတို့လက် ထက်ကျရင် လူကိုအချင်းချင်း လက်နက်အားကိုးရမ်းကားတဲ့ အကြမ်းဖက်မှုမျိုးတွေက ကင်း ကြပါစေ။ မင်းတို့ကောင်းစွာ ပညာတတ်နိုင်အောင် မြန်မာတစ်ပြည်လုံးက အလှူရှင်များစွာက ကရုဏာတရားတွေနဲ့ စောင့်ရှောက်ပြီးတော့ အင်မတန်ကောင်းတဲ့ ကျောင်းတွေမှာ ဘဝအာမခံချက် ရအောင်ထားပေးပါ လိမ့်မယ်’လို့  ဦးမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားစဉ် သေဆုံးခဲ့သူ  ဦးဝင်းလွင် (ခေါ်) ဦးနေဝင်းရဲ့ ဈာပနကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီက ရေဝေးသုသာန်မှာ ကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

ကိုနေဝင်းရဲ့ နောက်ဆုံးခရီး ဈာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းတို့အပြင် လူဦးရေ ထောင်ချီ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။

Source: 7Day Daily, Chaw Chaw Kye Mon, Ever Smile‎, Duwun

No comments:

Post a Comment