Latest News

Tuesday, January 24, 2017

ကျောင်းဆရာအသတ်ခံခဲ့ရသည့် ဖားကန့်စာသင်ကျောင်းတွင် ဆရာဆရာမများ ခွင့်ယူထား

ကျောင်းဆရာအသတ်ခံခဲ့ရသည့် ဖားကန့်စာသင်ကျောင်းတွင် ဆရာဆရာမများ ခွင့်ယူထား

ပြီးခဲ့တဲ့ အပတ်က ကျောင်းဆရာတဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းမှာ ဆရာဆရာမဦးရေ တ၀က်လောက် ခွင့်ယူထားကြပါတယ်။

တစုံတရာခြိမ်းခြောက်ခံရတာ မရှိပေမယ့်လည်း ထိတ်လန့်မှုတွေ မပြေသေးတဲ့အတွက် ဆရာ ဆရာမ တချို့ ခွင့်ယူထားကြတာလို့ ယမန်နေ့က အဲဒီကျောင်းကို သွားရောက်ခဲ့တဲ့ ဖားကန့် အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“အကြောက်တရားလေးတွေ ထိတ်လန့်မှုလေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါကြောင့် လတ်တလောမှာ ခွင့်တင်ကြတာရှိတယ်။ ခွင့်ယူထားတာက တခြားဒေသက ဆရာဆရာမတွေပါ။ နယ်မြေခံဆရာမ တွေတော့ ဒီလိုဖြစ်ရပ်မျိုးက ဒီဒေသမှာ မကြာခဏဖြစ်နေကျဆိုတော့ ရိုးနေပြီလို့ ဆိုရမယ်။ မနေ့က ကျနော်တို့ကိုယ်စားလှယ်တွေရော၊ ရပ်မိရပ်ဖ၊ သက်ဆိုင်ရာ တပ်မမှူးနဲ့ ပြည်နယ်ပ ညာရေးမှူးတွေရော သွားပြီးတော့ အားပေးကြတော့ ကလေးတွေရော ဆရာဆရာမတွေရော ကျောင်းပြန်တက်ကြပါပြီ။ အဲဒီကျောင်းမှာ ဆရာ၊ ဆရာမ ၁၃ ယောက်ရှိတာ ၇ ယောက် ၈ ယောက် ကျောင်းပြန်တက်ပြီ၊ ကျောင်းအုပ်ဆရာမကြီးကတော့ ဆေးခွင့်ယူထားတယ်။”

နမ့်မဖြစ်ကျောင်းက အလယ်တန်းပြဆရာ ဦးအောင်ဇင်ထွန်းကို ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ မနက်က လက်နက်ကိုင်လူ ၃ ဦးက ကျောင်းကနေ ခေါ်ထုတ်သွားပြီးတဲ့နောက် ဥရုချောင်း တဘက်ကမ်းမှာ သေ နတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့ကိုတွေ့ခဲ့ရတာပါ။

အခင်းဖြစ်ပွားပြီးတဲ့နောက် နမ့်မဖြစ်ကျောင်းမှာ မီးသတ်တပ်ဖွဲ့နဲ့ စစ်တပ်က လုံခြုံရေးယူပေး ထားတယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ အမည်မသိသေနတ်သမားတွေက ရပ်ထဲရွာထဲ ၀င်ရောက်ပစ်ခတ်ပြီး လူသေဆုံးမှု မကြာခနရှိပေမယ့် တရားခံကိုတော့ ဖမ်းဆီးဖော်ထုတ်နိုင်တာ မတွေ့သေးဘူးလို့ ဦးတင်စိုးက ပြောသွားပါတယ်။

Sources: DVB TV News


No comments:

Post a Comment