Latest News

Tuesday, January 3, 2017

ရခိုင်သို့ ထောက်ပံ့မှုများ ပေးရန် အင်ဒိုနီးရှား ကမ်းလှမ်းမှု အစိုးရ လက်ခံ

ရခိုင်သို့ ထောက်ပံ့မှုများ ပေးရန် အင်ဒိုနီးရှား ကမ်းလှမ်းမှု အစိုးရ လက်ခံ

ရန်ကုန်၊ ဇန်န၀ါရီ ၃

ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများအား ထောက်ပံ့မှုများပေးရန် အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို အစိုးရက သဘောတူလက်ခံပြီး ဇန်နဝါရီလအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ်ကို ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် ဒီဇင်ဘာလကုန်ပိုင်းက ဆက်သွယ် အကြောင်းကြားလာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျက ပြောသည်။

“အင်ဒိုနီးရှားသံအမတ်ကြီးက ကျွန်တော်တို့ဆီကို ဆက်သွယ်တယ်။ ဒီဘက်က Community (အသိုင်းအဝိုင်း) နှစ်ခုလုံးကို ကူညီချင်တယ်ဆိုပြီး  အကြောင်းကြားလာတယ်။ ညှိနှိုင်းပေးမယ်ဆိုပြီး စာနဲ့ပေနဲ့ အကြောင်းကြားလာတယ်။ ဒါကြောင့် အဲ့ဒီအတိုင်းလေး ဆက်လုပ်ပါလို့ ခွင်ပြုလိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပေးသွား မည်ဖြစ်ပြီး ပြည်နယ်တွင်းရှိ အသိုင်းအ၀ိုင်း နှစ်ခုကို မျှမျှတတ ကူညီပေးသွားနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများကို အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Indio-Aid အဖွဲ့အစည်းက ကူညီမှုများ ရှိနေပြီး ယင်းပစ္စည်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ညှိနှိုင်းပို့ဆောင်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင်  အာဆီယံနိုင်ငံများက မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရန် ပြောကြားခဲ့သည်။

J-09

Sources;The Voice

No comments:

Post a Comment